fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

တပ်မတော်ရေ အခြေစိုက် ကိုကိုးကျွန်း မဲဆန္ဒနယ်

ကိုကိုးကျွန်း မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့်သူတွေက စစ်ဗိုလ်ချုပ်ဟောင်းကြီးများလည်းဖြစ် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ကိုယ်စားပြု ဝင်ပြိုင်တဲ့ တပ်မတော်(ရေ) ကာကွယ်ရေး ဦးစီးချုပ် ဟောင်း သူရဦးသက်ဆွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဟောင်း ဦးတင်ဝင်းတို့ပဲ ဖြစ်ပါတယ်။


Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တပ်မတော်က အငြိမ်းစားယူလိုက်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်တွေထဲမှာ မြန်မာ့တပ်မတော် (ရေ) စစ်အခြေစိုက်စခန်း တခုဖြစ်တဲ့ ကိုကိုးကျွန်းမြို့နယ်လည်း တခုအပါအဝင် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်းမှာ ပါဝင်နေတဲ့ ကိုကိုးကျွန်း မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့်သူတွေက စစ်ဗိုလ်ချုပ်ဟောင်းကြီးများလည်းဖြစ် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ကိုယ်စားပြု ဝင်ပြိုင်တဲ့ တပ်မတော်(ရေ) ကာကွယ်ရေး ဦးစီးချုပ် ဟောင်း သူရဦးသက်ဆွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဟောင်း ဦးတင်ဝင်းတို့ပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ရက် နီးကပ်လာတာနဲ့အမျှ အင်အားကြီး ပါတီနှစ်ခုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(NLD) တို့အကြား အနိုင်ရရှိရေး အပြိုင်မဲဆွယ်ကြရာမှာ အကြိတ်အနယ် ရှိနေတဲ့ မဲဆန္ဒနယ်တခုအဖြစ် ကိုကိုးကျွန်းမြို့နယ်လည်း ပါဝင်နေတာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့  စာရင်းတွေအရ ကိုကိုးကျွန်း မဲဆန္ဒနယ်အတွင်းမှာ မဲပေးပိုင်ခွင့် ရှိသူဦးရေ ၁၅၇၀ ခန့်ရှိရာ ထိုစာရင်းထဲကမှ ကျွန်းပေါ်နေ ဒေသခံဦးရေ ၅၇၀ ခန့်နဲ့  ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်နေသူဦးရေ  ၂၀၀ ကျော်ရှိပြီး မဲဆန္ဒရှင် ၈၀၀ ခန့်က တပ်မတော် စစ်သည်တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုကိုးကျွန်း ဒေသခံတဦးရဲ့ပြောဆိုချက်အရ တပ်မတော်စစ်သည် ၂၀၀ ခန့်က ရွေးကောက်ပွဲ မဲဆွယ်ကာလမတိုင်ခင် လပိုင်းအတွင်း ကမှ ကျွန်းပေါ်ကို ပြောင်းရွှေ့ရောက်ရှိကြတာဖြစ်ပြီး ထပ်ရောက်လာဖို့ ရှိတယ်ဆိုတာလည်း သိရပါတယ်။

အခုလို မဲဆန္ဒရှင်ဦးရေ နည်းပါးနေတဲ့အပြင် ရေတပ်စခန်း တခုလည်းဖြစ်၊ ရေတပ်ကာကွယ်ရေး ဦးစီးချုပ် တဦး ဝင်ရောက်ယှဉ်ပြိုင် မယ့် နေရာလည်းဖြစ်တဲ့ ကိုကိုးကျွန်းဒေသကို တပ်မတော်သားတွေက အကြောင်းအမျိုးမျိုးပြပြီး ရွှေ့ပြောင်း နေထိုင်လာတာက ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် တပ်မတော်အပေါ် အသုံးချနေခြင်းသာ ဖြစ်တယ်လို့ NLD ပါတီဘက်က ဝေဖန်ပြောဆိုပါတယ်။

ကိုကိုးကျွန်း မဲဆန္ဒနယ်သို့ တပ်မတော် စစ်သည်များ ရွှေ့ပြောင်းချထားမှုနဲ့ ပတ်သက်လို့ ကျွန်းပေါ်မှာ အကောင်အထည်ဖော် တည် ဆောက်လျက်ရှိနေတဲ့ လေယာဉ်ပြေးလမ်း စီမံကိန်းနဲ့ အခြားသော တည်ဆောက်ရေး စီမံကိန်းတွေမှာ စစ်သည်အင်အား လိုအပ်တဲ့ အတွက် တပ်မတော် စစ်သည်တွေကို ထပ်မံတာဝန်ပေး ရွှေ့ပြောင်းချထားခြင်း ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး ခရီးတွေကို စက်တင် ဘာလ ၈ ရက် ကတည်းက စတင်ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့ပေမယ့် ကိုကိုးကျွန်း မဲဆန္ဒနယ်မှာတော့ အာဏာရပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေသာ သွားရောက် မဲဆွယ်ခွင့်ရခဲ့ပါတယ်။

အာဏာရပါတီရဲ့ ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီးတွေက မဲဆွယ်စည်းရုံးရေး အစောပိုင်း ကာလတွေမှာ ကျွန်းပေါ်ကို အထူးအခွင့် အရေးအနေနဲ့ ရဟတ်ယာဉ်နဲ့ သွားရောက်မဲဆွယ်ခွင့် ရရှိခဲ့ကြပြီး ပြိုင်ဘက် ပါတီတွေဖြစ်တဲ့ NLD ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ သစ် ပါတီက ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ကိုကိုးကျွန်းဆီ ရေကြောင်းခရီးနဲ့ သွားရောက်ခွင့်ကို တိုင်းအစိုးရရဲ့ ကန့်သတ်ချက် တွေကြောင့် နှောင့်နှေးနေမှုတွေ ရှိခဲ့ပါတယ်။

NLD ပါတီ နဲ့ အမျိုးသား ဒီမိုကရေစီသစ် ပါတီက ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ အောက်တိုဘာ ၂၀ ရက် ရောက်မှသာ ကိုကိုး ကျွန်း ကို သွားရောက် မဲဆွယ်ခွင့် ရခဲ့ကြပါတယ်။

အဲဒီ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေ ကိုကိုးကျွန်းပေါ်မှာ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာမှာလည်း ကန့်သတ်မှုတွေ ကြုံတွေ့ခဲ့ကြရပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့်ရခဲ့တဲ့ နေရာတချို့မှာ သူတို့ကို မဲဆွယ်ခွင့် မပြုခဲ့ဘူးလို့ ထုတ်ဖော်ပြောဆို ကြပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအရ မဲဆန္ဒရှင်ဦးရေ ဒုတိယအနည်းဆုံး မဲဆန္ဒနယ်တခုဖြစ်တဲ့ ကိုကိုကျွန်းမှာ ရွေးကောက်ပွဲ နီးကပ်ချိန်မှ တပ်မတော်သားစစ်သည် ရာချီပြီး ရွှေ့ပြောင်း တာဝန်ချထားမှုက ရွေးကောက်ပွဲမှာ အသာစီးရရေးအတွက် လုပ်ဆောင်ခြင်းသာဖြစ် တယ်လို့ အတိုက်အခံပါတီ ကိုယ်စားလှယ်လောင်းတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် အာဏရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုကိုးကျွန်းကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေအပေါ် တိုင်းအစိုးရရဲ့ ရပ်တည် ဆောင်ရွက်ချက်တွေက အာဏာရပါတီအတွက် အသာစီးရစေခဲ့ပါတယ်။

အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်စည်းရုံးရေးအတွက် ကိုကိုးကျွန်းကို သွားရောက်ဖို့ အခက်အခဲများ ရှိနေတဲ့ကြားက တိုင်းအစိုးရရဲ့ ခွင့်ပြုချက်ရပြီး အမှန်တကယ် ရောက်ရှိသွားချိန် ဒေသခံ ပြည်သူတွေကို စည်းရုံးဟောပြောရာမှာ ဒေသခံ တချို့က ဟောပြောပွဲကို လာရောက်ကြဖို့ ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနေတာကို တွေ့ခဲ့ရတယ်လို့ အတိုက်အခံပါတီ ကိုယ်စားလှယ် လောင်းတွေက ပြောဆိုကြပါတယ်။

ကိုကိုးကျွန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယဉ်ပြိုင်မယ့် ရန်ကုန်တိုင်း ဒေသကြီး နယ်စပ် ရေး ရာ ဝန်ကြီးဟောင်း ဦးတင်ဝင်းက ပါတီတွေအပြိုင် မဲဆွယ်စည်းရုံးရေးတွေကြောင့် ဒေသခံတွေအကြား စိတ်ဝမ်းကွဲမှု မရှိစေရေးအတွက် ကိုကိုးကျွန်းမြို့နယ် NLD ပါတီရုံးကို သွားရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ ရေလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေသာ နေထိုင်ကြတဲ့ ကိုကိုးကျွန်းမြို့နယ်ဟာ ရန်ကုန်မြို့နဲ့ မိုင် ၂၆၀ အကွာအဝေးမှာ တည်ရှိပြီး သွားလာရခက်ခဲတဲ့ နေရာတခုဖြစ်တာကြောင့် သာမန်အရပ်သား ပြည်သူတွေအနေနဲ့ သွားရောက် မယ်ဆိုပါက သက်ဆိုင်ရာ အစိုးရဌာနရဲ့ ခွင့်ပြုချက်ရမှသာ သွားရောက်နိုင်တဲ့နေရာတခု ဖြစ်ပါတယ်။

ကိုကိုးကျွန်းမြို့နယ်ဟာ ဦးနေဝင်းအစိုးရ လက်ထက်က နိုင်ငံရေး လှုပ်ရှားမှုများအတွင်း ပါဝင်ပတ်သက်သဖြင့် ပြစ်ဒဏ်ချမှတ် ခံရသူ တွေကို ပို့ဆောင်ထိန်းသိမ်းရာ အကျဉ်းထောင်တခုအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ အဲဒီနောက် စစ်အစိုးရ လက်ထက်မှာ လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ပေးခဲ့ရာ ဒေသဖြစ်ခဲ့ပြီး ၁၉၇၄-၇၆ ခုနှစ်ဝန်းကျင်မှာ ကွမ်းခြံကုန်း မြို့နယ်ခွဲအဖြစ်က ခွဲထွက်ကာ မြို့နယ် အဆင့် ကို ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အရင် စစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပရာမှာလည်း ကိုကိုးကျွန်းမြို့နယ်ကို မဲဆန္ဒနယ်တခုအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့ပြီး အဲဒီရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက် ပွဲမှာတော့ ကိုကိုးကျွန်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပတော့မယ့် အထွေထွေ ရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်ကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်တွေထဲက တခုဖြစ်တဲ့ ကိုကိုးကျွန်း မဲဆန္ဒနယ်မှာ စီမံကိန်းအရ တပ်မတော်စစ်သည်တွေကို ရွှေ့ပြောင်းမှု၊ လက်ရှိအာဏာရပါတီအပေါ် တိုင်းအစိုးရအဖွဲ့ရဲ့ မျက်နှာသာပေးမှုတွေက ပြိုင်ဘက်ပါတီတွေအပေါ် ကြိုတင် အသာစီးရယူနိုင်ခဲ့တဲ့ အခြေအနေ ဖြစ်တယ်လို့ ကိုကိုးကျွန်း ဒေသခံတချို့က ပြောဆိုကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.