၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ထိုင်းရောက် မြန်မာများထဲ ကြိုတင်မဲ ပေးမည့်သူ ၂၂၄ ဦး သာရှိ

ထိုင်းနိုင်ငံ၌ တရားဝင် နေထိုင် လုပ်ကိုင်နေ ကြသည့် မြန်မာနိုင်ငံသား ၁ ဒသမ ၇ သန်း ရှိသည့် အနက် လာမည့် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးရန် လာရောက် လျှောက်ထားသူ ၅၀၀ ဝန်းကျင်သာ ရှိကြောင်းနှင့် ၂၂၄ ဦးသာ မဲပေးပိုင်ခွင့် ရှိကြောင်း သိရသည်။


Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ၌ တရားဝင် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ၁ ဒသမ ၇ သန်း ရှိသည့်အနက် လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရန် လာရောက်လျှောက်ထားသူ ၅၀၀ ဝန်းကျင်သာရှိကြောင်းနှင့် ၎င်းတို့ကို ပြန်လည်စိစစ်ခဲ့ရာတွင် ၂၂၄ ဦးသာ မဲပေးပိုင်ခွင့်ရှိကြောင်း သိရသည်။

ကြိုတင်မဲ ပေးနိုင်ရန် အသိပေးမှုအား သင်္ကြန်မတိုင်မီ ဧပြီလအတွင်း၌ ကြေညာထားခဲ့ပြီး သြဂုတ်လတွင်လည်း ထပ်မံကြေညာ အသိပေးခဲ့ရာတွင် မဲပေးရန် လျှောက်ထားသူ ၅၀၀ ဝန်းကျင်ရှိကြောင်းနှင့် ထိုသို့ လာရောက် လျှောက်ထားသူများအား မြန်မာနိုင်ငံရှိ မိသားစု သန်းခေါင်စာရင်းများနှင့် ပြန်လည်စိစစ်မှု ပြုလုပ်ရာ၌ ၂၂၄ ဦးသာ မဲပေးပိုင်ခွင့် ရှိသည်ဟု ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင်က ဧရာဝတီကို ပြောသည်။

“အများစုကတော့ မြန်မာနိုင်ငံကို ပြန်ပြီးတော့ မဲပေးကြမယ် ထင်ပါတယ်။ သံရုံးမှာ ကြိုတင်မဲပေးခွင့်ရသူ ၂၂၄ ဦး ထဲမှာတော့ အများစုဟာ ကျောင်းလာတက်နေသူတွေ၊ NGO တွေ၊ ဝန်ထမ်းတွေ ဖြစ်ပါတယ်” ဟု သံအမတ်ကြီး ဦးဝင်းမောင်က ဆိုသည်။

ထိုင်းနိုင်ငံ၌ တရားဝင် လာရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အများစုသည် မဲပေးရန် စိတ်ဝင်စားမှု ရှိကြသော်လည်း မည်သို့ မဲပေးရမည်၊ မဲပေးရမည့် နေရာ၊ မဲပေးရမည့် အချိန် စသည်တို့ကို သေချာစွာ မသိရှိကြကြောင်း ပြောဆိုကြသည်။ သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံ တဝန်းရှိ မြန်မာနိုင်ငံသားအားလုံး မဲပေးနိုင်ရန် မြန်မာအလုပ်သမား အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ကြိုတင်မဲပေးရေး အသိပညာ ပေးခြင်းတို့ကို ဆောင်ရွက်ထားသည်ဟု ပြောသည်။

ထိုင်းနိုင်ငံ မဟာချိုင် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဌ ဦးအောင်ကျော်က ထိုင်းနိုင်ငံအတွင်း၌ တရားဝင် လာရောက်အလုပ် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုသည် မဲပေးလိုသည့် ဆန္ဒရှိကြကြောင်း၊ သို့သော် မည်သို့မည်ပုံ မဲပေးရမည်ကို သက်ဆိုင်ရာ မြန်မာသံရုံး အာဏာပိုင်များ အနေဖြင့် ကြိုတင် အသိပညာပေးမှုများ မရှိကြောင်း ဧရာဝတီကို ပြောသည်။

“အလုပ်သမားတွေက နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ မဲပေးချင်နေကြတယ်၊ ဒါပေမယ့် ဘယ်လို မဲပေးရမယ်ဆိုတာကို မသိကြပါဘူး၊ သက်ဆိုင်ရာတွေကလည်းပဲ စနစ်တကျ ပညာပေးတာတွေ မရှိဘူးဗျ၊ အလုပ်သမား တွေက ဒီမှာပဲ ပေးချင်ကြတယ်လေ၊ မြန်မာပြည် ပြန်ပြီး မဲပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ရွှေ့ပြောင်း အလုပ်သမား တွေအတွက် ကိုယ်လုပ်နေတဲ့ စက်ရုံ အလုပ်ရုံမှာ ခွင့်ယူဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ ကိစ္စပါ”ဟု ဦးအောင်ကျော်က ပြောသည်။

မဲပေးခြင်းနှင့် ပတ်သက်၍ သံရုံး၊ သံရုံး၏ တရားဝင် အင်တာနက် စာမျက်နှာများ၌ ထုတ်ပြန်ထားရုံဖြင့် မလုံလောက်ကြောင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုသည် မြန်မာသံရုံးသို့ လက်လှမ်းမမီကြကြောင်း ဦးအောင်ကျော်က ဆက်ပြောသည်။

ထိုင်းနိုင်ငံ အတွင်း၌ နေထိုင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနက် ကြိုတင်မဲပေးမည့် သူများသည် ဘန်ကောက်ရှိ မြန်မာသံရုံး၌ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက် (နံနက် ၉ နာရီမှ ညနေ ၄ နာရီ ) တွင် လာရောက် မဲပေးနိုင်ကြောင်း မြန်မာသံရုံးက စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ထိုင်းနိုင်ငံတဝန်းရှိ မြန်မာနိုင်ငံသားများသည် အောက်တိုဘာလ ၁၇ ရက် တရက်တည်းသာ ဘန်ကောက်ရှိ မြန်မာသံရုံး တခုတည်း၌သာ ကြိုတင်မဲ ပေးရမည် ဖြစ်သည်။ ရွေးကောက်ပွဲ ပြုလုပ်မည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၌ မိမိတို့နှင့် နီးစပ်ရာ နယ်စပ်ဒေသများ မှတဆင့် မြန်မာနိုင်ငံ အတွင်းသို့ သွားရောက်၍ မဲပေးမည်ဆိုပါက နယ်စပ်ဂိတ်များမှ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရန် ဆောင်ရွက်ပေးမည်ဟု သံအမတ်ကြီး ဦးဝင်းမောင်က ဆိုသည်။

ထိုင်းနိုင်ငံ၌ တရားဝင်လာရောက် အလုပ်လုပ်ကိုင်နေသူဦးရေ ၁ သန်းကျော်အနက် အများစုသည် မဲပေးပိုင်ခွင့် ရှိသူများ ဖြစ်သည်ဟု မြန်မာသံရုံးက ပြောသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား စုစုပေါင်း ၄ သန်းကျော်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.