၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဒုတိယအဆင့် မဲဆန္ဒရှင်စာရင်း မေလကုန်တွင် ကြေညာမည်

ပထမအဆင့် ကပ်ပြီးသွားပြီ။ အခု ဒုတိယ အဆင့် ကပ်မယ်။ အခုကပ်တဲ့ မဲဆန္ဒရှင် စာရင်းတွေသည် အားလုံး ပြည့်စုံ မှန်ကန်ပြီလို့ မပြောပါဘူး။


Want create site? Find Free WordPress Themes and plugins.

ဒုတိယအဆင့် အခြေခံ မဲဆန္ဒရှင်စာရင်းများကို မေလ ၂၅ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်တွင် ၁၄ ရက်ကြာ ကပ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဒုတိယအဆင့် မဲဆန္ဒရှင်စာရင်း ပြုစုပြီးသည့် မြို့နယ် ၁၄ မြို့နယ်မှာ ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ထန်းတပင်တို့ ဖြစ်သည်။

“ပထမအဆင့် ကပ်ပြီးသွားပြီ။ အခု ဒုတိယအဆင့် ကပ်မယ်။ အခုကပ်တဲ့ မဲဆန္ဒရှင်စာရင်းတွေသည် အားလုံး ပြည့်စုံမှန်ကန်ပြီလို့ မပြောပါဘူး။ အဲဒီ မဲစာရင်းတွေမှာ အားနည်းချက်တွေ၊ မမှန်ကန်တာတွေကို ပါနေဦးမှာပါ။ ပါနေတဲ့ ဟာတွေကို ပြင်ချင်လို့ ကပ်ပေးတာဖြစ်လို့ လာကြည့်ပါလို့ ပြောတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက ဧရာဝတီသိ့ု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိပြီး ပထမအဆင့် ၁၀ မြို့နယ်မှ မဲဆန္ဒရှင်စာရင်းများကို မတ်လ နောက်ဆုံးပတ်မှစပြီး ဧပြီ ဒုတိယအပတ်အထိ ရပ်ကွက်များအတွင်း မဲစာရင်းများကပ်ကာ ပြည်သူလူထုကို အသိပေးခဲ့ပြီး ယခု ၁၄ မြို့နယ်သည် ဒုတိယအသုတ်ဖြစ်ကြောင်း၊ နောက်ဆုံးကျန်ရှိမည့် ၂၁ မြို့နယ်ကို ဇွန်လကုန်လောက်တွင် ထုတ်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။

ဒုတိယအဆင့် မဲစာရင်းများကို ပထမအဆင့် မဲစာရင်းကပ်သည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်း (CSO) များနှင့်လည်း မဲဆန္ဒရှင် ပညာပေးရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် မဲဆန္ဒရှင်စာရင်းများကပ်ရာတွင် ပြည်သူလူထုအနေဖြင့် စိတ်ပါဝင်စားမှု နည်းပါးပြီး မဲစာရင်း လာရောက်ကြည့်ရှုသူ နည်းပါးကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အပြင် CSO များက ယခု ထက်ပို၍ မဲဆန္ဒရှင် ပြည်သူများအား အသိပညာပေးမှုများ လုပ်ဆောင်ပေးသင့်ကြောင်း မဲဆန္ဒရှင်ပညာပေးရေး လုပ်ဆောင်နေသည့် New Myanmar Foundation မှ ဦးသန့်စင်က ဧရာဝတီသို့ ပြောသည်။

“ပြည်သူတွေရဲ့ စိတ်ဝင်စားမှုဆိုတာ အင်မတန် အားနည်းနေသေးတယ်လို့ သုံးသပ်တယ်။ တချို့မြို့နယ်တွေမှာ တရက်ကို ၁၀ ဦး၊ ၁၂ ဦး ပတ်ဝန်းကျင်လောက်ပဲ လာကြည့်ကြတယ်။ ၁၀ မြို့နယ်လုံးမှာ မဲစာရင်း လာရောက်ကြည့်သူ ၁၆၀၀၀ ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်ဆိုတော့ တော်တော်နည်းသေးတယ်လို့ ဆိုရမယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်ရှိ မဲဆန္ဒရှင်စာရင်းများကို ပြန်လည်စိစစ် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်လျက်ရှိရာ မိမိ၏အမည် မပါဝင်ခြင်းကြောင့် လာရောက်လျှောက်ထားသူ ၄၅၀၀ ကျော်၊ မိမိ၏ ကိုယ်ရေးအချက်အလက်များ မှားယွင်းနေခြင်းကြောင့် အမှားပြင်ဆင်ရန် လာရောက်လျှောက်ထားသူ ၂၉၀၀ ကျော်၊ မဲစာရင်းတွင် ကွယ်လွန်ပြီးသူ၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်းကြောင့် ကန့်ကွက်လွှာတင်သူ ၁၂၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

မဲစာရင်းတွင် မိမိ၏ အမည်မပါဝင်က ပုံစံ (၃) ဖြင့် လျှောက်ထားနိုင်ကြောင်း၊ မဲစာရင်းတွင် မိမိ၏ ကိုယ်ရေးအချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄ (ဂ) ဖြင့် အမှားပြင်ဆင်ရန် လျှောက်ထားနိုင်ကြောင်း၊ မဲစာရင်းတွင် ကွယ်လွန်ပြီးသူ၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကန့်ကွက်လွှာ တင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိပေး ကြေညာထားသည်။

မြန်မာနိုင်ငံတဝန်းလုံး အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလကတည်းက စတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တနိုင်ငံလုံးအနေဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အပြီးဆောင်ရွက်ရန် လျာထားကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် တပတ်အလိုတွင် ရွေးကောက်ပွဲ ဥပဒေအတိုင်း အပြီးသတ် နောက်ဆုံး မဲဆန္ဒရှင်စာရင်းကို ကြိုတင် ကပ်ထားပေးမည် ဖြစ်ကြောင်း သိရသည်။

ယခုကောက်ယူနေသည့် အခြေခံ မဲဆန္ဒရှင်စာရင်းသည် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ကို အခြေခံကာ ကောက်ယူ ခြင်းဖြစ်ပြီး မြို့နယ်တခုမှ တခြားမြို့နယ်တခုသို့ ပြောင်းရွှေ့ နေထိုင်သည့်အခါ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ကို မပြောင်းဘဲထားလျှင် ၎င်း၏အမည်သည် ယခင်နေထိုင်ခဲ့သည့် မြို့နယ်မဲစာရင်းတွင်သာ ပါဝင်မည် ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်တွင် ပါဝင်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိ မူလသန်းခေါင်းစာရင်း ရှိနေသည့်မြို့နယ်တွင် မဲစာရင်းကပ်ထားပါက မိမိအမည် စာရင်း ပါ၊ မပါ သွားရောက်ကြည့်ရှုရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

တနိုင်ငံလုံးရှိ အခြေခံမဲဆန္ဒရှင် စာရင်းများကို ပြုစုပြီး ကြေညာခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပြီးပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရှိ ကွန်ပျူတာ အချက်အလက်ဘဏ်တွင် စုစည်းထားရှိ၍ အများပြည်သူ ကြည့်ရှုစစ်ဆေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် လွှင့်တင်ထားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.