၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဒု ဗိုလ်ချုပ်ကြီးများအပါအဝင် အရာရှိကြီး ၄၅ ဦး ကြံ့ခိုင်ရေးပါတီသို့ ကူးပြောင်း

တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီးများ အပါအဝင် အရာရှိကြီး ၄၅ ဦး အငြိမ်းစားယူ၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ကူးပြောင်း


၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီးများအပါအဝင် အရာရှိကြီး ၄၅ ဦး အငြိမ်းစားယူ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ကူးပြောင်းသွားကြောင်း စစ်တပ်အသိုင်းအဝိုင်းမှ သိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) များ ဖြစ်ကြသည့် ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဒု ဗိုလ်ချုပ်ကြီး လှမင်း၊ ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး တို့ အနားယူသွားပြီး ဗိုလ်ချုပ် ထွန်းထွန်းနောင်သည် ကစထမှူး ၁ အဖြစ်လည်းကောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်သည် ကစထမှူး ၂ အဖြစ် လည်းကောင်း၊ ဗိုလ်ချုပ် အောင်ကျော်ဇောသည် ကစထမှူး ၃ အဖြစ်လည်းကောင်း၊ ဗိုလ်ချုပ် မင်းနောင် သည် ကစထမှူး ၄ အဖြစ်လည်းကောင်း ရာထူးတိုးမြှင့်သွားကြောင်း သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည်လည်း အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် ဒု ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ရာထူးတိုးခန့် အပ်ကြောင်း၊ မကြာသေးမီက ကွယ်လွန်သွားသော လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၏ သား ဗိုလ်မှူးချုပ် မိုးအောင်သည် စစ်ဦးစီးအရာရှိချုပ် (ရေ) အဖြစ်လည်းကောင်း ရာထူးတိုး ခန့်အပ်ခံရကြောင်း သိရှိရသည်။

တပ်မတော်က ရာထူးတိုးမြှင့်လိုက်သော အရာရှိကြီး ၄၅ ဦးတွင် ဒု ဗိုလ်ချုပ်ကြီး ၂ ဦး၊ ဗိုလ်ချုပ် ၁၁ ဦး၊ ဗိုလ်မှူးချုပ် ၂၀ ဦးနှင့် ဗိုလ်မှူးကြီး ၁၂ ဦးတို့ ပါဝင်ကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် အလားအလာ များနေသော ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့မှာမူ ကစထမှူး ၅ နှင့် ကစထမှူး ၆ အဖြစ် ဆက်လက် တည်ရှိနေသော်လည်း များမကြာမီ ရာထူးတိုးမြှင့် ခံရမည်ဖြစ်ကြောင်း၊ တပ်မတော်ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒု ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း အပါအဝင် အရာရှိကြီးများလည်း အငြိမ်းစား ယူမည်ဖြစ်ကြောင်း သိရှိရသည်။