၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဖမ်းဆီးခံထားရသော သပိတ်မှောက် ကျောင်းသားများ ကြိုတင်မဲပေးရန် စာရင်းကောက်ယူ

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ သပိတ်မှောက်မှုကြောင့် ပဲခူးတိုင်း လက်ပံတန်းမြို့၌ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး သာယာဝတီ အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေး ရန် စာရင်း ကောက်ယူကြောင်း


Want create site? Find Free WordPress Themes and plugins.

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ သပိတ်မှောက်မှုကြောင့် ပဲခူးတိုင်း လက်ပံတန်းမြို့၌ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး သာယာဝတီ အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးရန် စာရင်း ကောက်ယူကြောင်း ယနေ့ ရုံးထုတ်တွင် ကျောင်းသားများထံမှ သိရှိရသည်။

ဖမ်းဆီးခံထားရသော ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းသွေးသစ်က“ကျနော်တို့ကို ပြီးခဲ့တဲ့ တပတ်ရုံးထုတ် အပြီးမှာ ကြို တင်မဲ ပေးဖို့ဆိုပြီး စာရင်းလာကောက်ထားတယ်။ ကျနော်လည်း စာရင်းပေးထားတယ်။ ကျနော်တို့က ကိုယ့်မဲဆန္ဒနယ်မှာ မဲ ထည့် လို့ ရအောင်ရယ်၊ ဒါမှမဟုတ် သာယာဝတီမှာပဲ မဲပေးလို့ ရတယ်လို့ ပြောပါတယ်။ ကျနော်ကတော့ ကြိုတင်မဲပေးဖို့ စဉ်းစား ထား တယ်။ တချို့ တဝက်ကတော့ ကြိုတင်မဲ မပေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကို မယုံဘူးလို့ ပြောပါတယ်။ ကြိုတင်မဲ ကလည်း ကိုယ်ထည့်ချင်တဲ့ ပါတီ ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာလည်း ရှိသေးတယ်”ဟု ပြောသည်။

ကြိုတင်မဲ မပေးရန် ဆုံးဖြတ်ကြသည့် ကျောင်းသားများထဲတွင် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ မဖြိုးဖြိုးအောင်အနေနှင့် လည်း ကြိုတင်မဲပေးမည် မဟုတ်ကြောင်း သိရသည်။

“ပြည်သူတွေက အပြောင်းအလဲတခု အနေနဲ့ မဲပေးရမယ်ဆိုတာကို ကျမ လက်ခံထားပါတယ်။ ဒါပေမယ့် ကျမ တဦးတည်း အနေနဲ့ကြတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို သိသိသာသာ မပြင်ဆင်ထားတဲ့ ဥပဒေအပေါ်ကနေ ဆန္ဒမဲ ပေးနေမယ်ဆိုရင် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလို့ ကျမ မြင်လို့ပါ။ နောက်တခုက ကျမတို့ ပြည်သူတွေက လိုလိုလားလားနဲ့ မဲပေးရင်တောင်မှ မဲမသမာမှုတွေကလည်း ဖြစ်လာနိုင်လိမ့်မယ်လို့ ကျမမြင်တယ်”ဟု မဖြိုးဖြိုးအောင်က ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်က အမျိုးသား ပညာရေး ဥပဒေနှင့်ပတ်သက်ပြီး လက်ပံတန်းအထိ ချီတက်ဆန္ဒပြ တောင်းဆိုခဲ့သည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီးနောက် စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆို အမှုဖွင့် ခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများ အပါအဝင် ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင် အပါအဝင် လူ ၆၀ ကျော်ကို ဖမ်းဆီးထားသေးကြောင်း သိရသည်။

ယင်းသို့ ကျောင်းသားများကို အမှုဖွင့် အရေးယူခဲ့ပြီး ကျောင်းသားများဘက်မှ တင်ပြသည့် သက်သေတချို့ကို မြို့နယ်နှင့် ခရိုင်မှ လက်မခံခဲ့သဖြင့် တိုင်းသို့ ကျောင်းသားရှေ့နေများက ဆက်လက် တင်ပြခဲ့ပြီးနောက် တိုင်းရုံးက အမှုလက်ခံ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

အမှုလက်ခံခဲ့ပြီးနောက် ကျောင်းသားအမှုနှင့် ဆိုင်သည့် အမှုတွဲတခုလုံး တိုင်းတရားရုံးသို့ ပေးပို့ရသည့်အတွက် မြို့နယ်နှင့် ခရိုင် တရားရုံးတွင် ကျောင်းသားအမှုကို မစစ်ဆေးနိုင်ဘဲ တပတ်တကြိမ် ပုံမှန်ရုံးချိန်း ပြောင်းရွှေ့နေသည်မှာ တလ နီးပါး ရှိနေပြီ ဖြစ် ကြောင်း ကျောင်းသားထံမှ သိရှိရသည်။

ယနေ့ ရုံးချိန်းတွင်လည်း သာယာဝတီ ခရိုင်တရားရုံးတွင် အမှု စစ်ဆေးခဲ့ခြင်းမရှိဘဲ လာမည့် အောက်တိုဘာလ ၂၀ ရက် ကို ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ဖမ်းဆီးခံ ကျောင်းသားများထဲမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွ့ဲချုပ်(ဗကသ) အဖွဲ့ဝင် ကိုအောင် မှိုင်းဆန်း က လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့အထိ တနိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားများကို မလွှတ်ပေးလျှင် ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြတောင်းဆိုသွားမည် ဖြစ်ကြောင်း သမ္မတထံသို့ စာရေးသား ပေးပို့ထားသည်။

သို့သော်လည်း ယနေ့အထိ ယင်းကိစ္စနှင့် ပတ်သက်ပြီး အခြေအနေ ထူးခြားမှု မရှိသေးသည့်အတွက် သတ်မှတ်ရက်ပြည့်ပြီးနောက် ယင်းဆန္ဒပြမှုကို စတင်တောင်းဆိုရန် ရှိကြောင်း ယနေ့ ရုံးချိန်းတွင် ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။

“ကျနော်ပြောထားတဲ့ အောက်တိုဘာ ၁၅ ရက် လွန်လို့မှ ဘာမှ ထူးခြားမှုမရှိဘူးဆိုရင် ကျနော့် အက်ရှင်(ဆန္ဒပြမှု)ကို စရမှာပေါ့။ ဒါပေမယ့် ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လို ပုံစံနဲ့ စမယ်ဆိုတာကိုတော့ အခု စောင့်ကြည့်ကာလဖြစ်တဲ့အတွက် ကျနော် အသေးစိတ် ထုတ်ဖော် မပြောကြားသေးပါဘူး။ နောက်တပတ် ရုံးချိန်းမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောနိုင်မယ်လို့ ကျနော်ထင်ပါတယ်”ဟု ကိုအောင်မှိုင်းဆန်းက ပြောသည်။

အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုကို ဗကသ သဘောဆန္ဒနှင့် မဟုတ်ဘဲ မိမိသဘောဆန္ဒနှင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အကျဉ်း ထောင်ထဲရှိ ဖမ်းဆီးခံ ကျောင်းသားတချို့လည်း ယင်းအစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုတွင် ပါဝင်လာရန် ပြောဆိုမှုများ ရှိနေကြောင်း မည်သူများ ပါဝင်သည်ကိုတော့ ထုတ်ဖော်မပြောလိုသေးကြောင်းလည်း ၎င်းက ဆိုသည်။

ကိုအောင်မှိုင်းဆန်း အနေနှင့် တနိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ခွင့်ပေးရန် အတွက် အစာငတ်ခံ ဆန္ဒပြတောင်း ဆိုမည်ဟု ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ ရုံးချိန်းတွင် သမ္မတထံသို့ စာရေးသား ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.