fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဖားကန့်တွင် မဲပေးခွင့်မရသူ အလုပ်သမား တသိန်းကျော် ရှိဟုဆို

မဲထည့်ခွင့် မရှိတဲ့သူတွေ ခန့်မှန်းခြေ တသိန်းကျော်နဲ့အထက် ဖားကန့်မှာ ရှိနေပါတယ်။ သူတို့တွေက ဒီမှာ အလုပ် လာလုပ်နေတယ်။ အိမ်တွေကိုလည်း မဲထည့်ဖို့ မပြန်ကြဘူး။ သူတို့က ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်


Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတွင်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမား တသိန်းကျော်မှာ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့် ရရှိမည် မဟုတ်ကြောင်းသတင်းရရှိသည်။

မဲပေးခွင့် မရရှိသူများမှာ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတွင်းများတွင် လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောက်စိမ်းတွင်း ကုမ္မဏီများ၏ စွန့်ပစ်မြေစာပုံများတွင် ရေမဆေးကျောက်ရှာသည့် အလုပ်သမားများ ဖြစ်သည်ဟု ဖားကန့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းဟန်က ဧရာဝတီသို့ ပြောသည်။

ဦးသိန်းဟန်က“မဲထည့်ခွင့် မရှိတဲ့သူတွေ ခန့်မှန်းခြေ တသိန်းကျော်နဲ့အထက် ဖားကန့်မှာ ရှိနေပါတယ်။ သူတို့တွေက ဒီမှာ အလုပ် လာလုပ်နေတယ်။ အိမ်တွေကိုလည်း မဲထည့်ဖို့ မပြန်ကြဘူး။ သူတို့က ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်။ ဒီတော့ သူတို့က ဒီမှာ နေမယ်ဆို ရွေးကောက်ပွဲမှာ မဲထည့်လို့ရမှာ မဟုတ်ပါဘူး။ မဲထည့်ဖို့ဆို သူတို့ အိမ်တွေကို ပြန်မှဖြစ်မယ်”ဟု ပြောသည်။

ဖားကန့် မြို့နယ်ရှိ ကျောက်စိမ်းတွင်းများတွင် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောက်စိမ်းတွင်း ကုမ္မဏီများ၏ စွန့်ပစ်မြေစာပုံများ တွင် ရေမဆေးကျောက် ကောက်သည့် အလုပ်သမား စုစုပေါင်း နှစ်သိန်းကျော်ခန့် ရှိသည်ဟု ဒေသခံများက ခန့်မှန်းကြသည်။

ကျောက်စိမ်းတွင်းများတွင် အလုပ်လုပ်ကိုင်နေသူများနှင့် ရေမဆေးကျောက် ကောက်သည့် အလုပ်သမားများအနက် မဲပေးခွင့် မရ ရှိသည့် လူဦးရေ တသိန်းကျော်မှာ ဖားကန့်မြို့တွင် နေထိုင်သည့် ရက်ပေါင်း ၁၈၀ မပြည့်သူများနှင့် ပုံစံ ၃(က)ဖြင့် လာရောက် လျှောက်ထားခြင်း မရှိသူများ ဖြစ်မည်ဟုလည်း မြို့နယ်ကော်မရှင်မှ တာဝန်ရှိသူ ဦးသိန်းဟန်က ပြောသည်။

ရွေးကောက်ပွဲအတွက် မိမိရောက်ရှိနေသည့် အရပ်တွင် မဲဆန္ဒပြုလိုပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ရုံးများသို့ ပုံစံ ၃ (က) ဖြင့် လျှောက်ထားနိုင်သော်လည်း လျှောက်ထားမည့်သူမှာ အဆိုပါ ဒေသတွင် ရက်ပေါင်း ၁၈၀(၆ လခန့်) နေထိုင်သူ ဖြစ် ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ထောက်ခံချက်ပေးမှသာလျှင် လျှောက်ထား၍ ရနိုင်မည်ဟု သိရသည်။

ဦးသိန်းဟန်က“ပုံစံ ၃(က)က လျှောက်မှ ထည့်ပေးတာပါ။ မဲစာရင်းမှာ ၁သိန်းကျော် ကျန်နေလည်း လျှောက်တဲ့သူက တသောင်းပဲ ရှိရင် အဲဒီတသောင်းပဲ ထည့်ပေးမယ်။ ပြီးတော့ လျှောက်တိုင်းလည်း မရဘူး။ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီမှာ ဒီလူနေတာ ရက် ၁၈၀ ပြည့်တယ်ဆိုတာ ထောက်ခံပေးမှ ထည့်ပေးတာပါ”ဟု ပြောသည်။

ကျောက်စိမ်းတွင်းများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတချို့က ၎င်းတို့ ကုမ္မဏီ၏ စည်းကမ်းများအရ တလလျှင် ၂ ကြိမ်ခန့်သာ ဖားကန့်မြို့ထဲသို့ ထွက်ခွင့်ရှိသဖြင့် မဲစာရင်း လျှောက်ထားရန် အခက်အခဲများ ရှိနေပြီး ထို့ကြောင့် မဲစာရင်းမှ ကျန်နေခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ကျောက်စိမ်းတွင်း အလုပ်သမားတဦးဖြစ်သူ ကိုမြတ်ကျော်က“ကျနော်ဒီမှာနေတာ ၂ နှစ်ရှိပြီ။ မဲပေးချင်တယ်။ ဒါပေမယ့် အပြင် ထွက်ရတာက တလမှာ ၂ ရက်ဆိုတော့ ပထမတခါ သွားလျှောက်တယ်။ ထောက်ခံစာတွေ တောင်းတော့ အချိန် မပေးနိုင်တာနဲ့ ထပ်မသွားဖြစ်တော့ဘူး”ဟု ပြောသည်။

မြန်မာတကောင်း ကုမ္မဏီ၏ စွန့်ပစ်မြေစာပုံတွင် ရေမဆေးကျောက် ကောက်သည့် ကိုဇော်ရော်ကလည်း“ကျနော်တို့က ဒီရောက် တာ ၅လပဲ ရှိသေးတယ်။ ဒီတော့ မဲပေးလို့ မရဘူး ဖြစ်သွားတယ်။ အိမ်ပြန်ဖို့ ဆိုတာကလည်း အဝေးကြီးပဲ။ စားဝတ်နေရေးအတွက် အလုပ်က အရေးကြီးတော့ မဲမပေးဖြစ်တော့ပါဘူး”ဟု ပြောသည်။

ဖားကန့်မြို့တွင် လာရောက် အလုပ်လုပ်ကိုင်နေသူများအပြင် ဖားကန့်ဒေသခံ တချို့မှာလည်း မဲစာရင်းတွင် ပါဝင်ခြင်း မရှိဟု သိရသည်။

ဖားကန့်မြို့နယ်တွင် နှစ် ၂၀ ကျော် နေထိုင်ခဲ့သူ ကိုအောင်နန်က“ကျနော်တို့က အိမ်ထောင်စု စာရင်းရှိပြီးသား။ မဲစာရင်းမှာ မပါ တော့ ကျနော်တို့ ပေးရမယ့် မဲတွေ သူများပြောနေသလို ကြံ့ခိုင်ရေး မဲဖြစ် သွားမှာ ကြောက်လို့ ရုံးကို သွားပြီး ပြန်လျှောက်တယ်၊ နောက်ဆုံးမဲစာရင်းထုတ်တော့ ကျနော်မပါလာ ပြန် ဘူး၊ အခု ကျနော် မဲပေးခွင့် ဆုံးပြီ” ဟု ပြောသည်။

ဧရာဝတီမှ ဖားကန့်ဒေသခံများကို လိုက်လံမေးမြန်းရာ ဖားကန့်မြို့နယ်အတွင်း မိသားစု အစဉ်အဆက် နေထိုင်ပြီး မဲစာရင်းတွင် မပါ ရှိသူများ၊ မဲစာရင်းတွင် မပါရှိသဖြင့် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက် လျှောက်ထားသော်လည်း မဲစာရင်း နောက်ဆုံး အကြိမ် ထုတ်ပြန်ရာတွင် မပါဝင်ဘဲ ကျန်နေခဲ့သူများလည်း ရှိနေသည်ဟု သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဖားကန့်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်မြင့် က“အစက ဖားကန့်မြို့ မဲစာရင်းမှာ သုံးသောင်းကျော်ပဲ မဲပေးဖို့ပါတယ်။ ကျနော်တို့ NLD ကနေ လျှောက်ကြဖို့ လိုက်ပြော စည်းရုံး တော့ ထပ်တိုးလာတာပါ။ ဒေသခံဖြစ်ပြီး မဲစာရင်းမှာ မပါတာတွေ အများကြီးပဲ ရှိပါသေးတယ်”ဟု ဧရာဝတီသို့ ပြောသည် ။

ဖားကန့်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း ၂၁ ခု ရှိပြီး နောက်ဆုံး ကြေငြာထားသည့် စာရင်းအရ ဖားကန့် မြို့ နယ်အတွင်း မဲပေးခွင့်ရှိသူမှာ ၈၉၄၈၈ ဦးရှိသည်ဟု သိရသည်။ ၎င်းတို့ထဲမှ တသောင်းကျော်မှာ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်တို့ စာရင်းများ ဖြစ်သည်ဟု ဖားကန့် မြို့နယ် ကော်မရှင်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.