၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မီဒီယာများ၏ ရွေးကောက်ပွဲ သတင်း ဖော်ပြမှုဆိုင်ရာ ပဏာမ အစီရင်ခံစာ ထုတ်ပြန်

- မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း နိုင်ငံပိုင် မီဒီယာများ၏ ရွေးကောက်ပွဲသတင်း တင်ဆက်မှုများသည် ရွေးကောက်ပွဲ ဝင်သည့် အစိုးရအရာရှိ ကိုယ်စားလှယ်လောင်းများ၏ လှုပ်ရှားမှုများကို သိသာစွာ ဦးစားပေးအကောင်းမြင် ဖော်ပြမှုများ ဖြစ်နေကြောင်း


Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း နိုင်ငံပိုင် မီဒီယာများ၏ ရွေးကောက်ပွဲသတင်း တင်ဆက်မှုများသည် ရွေးကောက်ပွဲ ဝင်သည့် အစိုးရအရာရှိ ကိုယ်စားလှယ်လောင်းများ၏ လှုပ်ရှားမှုများကို သိသာစွာ ဦးစားပေးအကောင်းမြင် ဖော်ပြမှုများ ဖြစ်နေကြောင်း အစီရင်ခံစာ တခုက ဆိုသည်။

ရွေးကောက်ပွဲကာလအတွင်း မြန်မာဘာသာဖြင့် ဖော်ပြသော သတင်းမီဒီယာများ၏ သတင်းတင်ဆက်မှုကို လေ့လာစောင့်ကြည့် သည့် Myanmar Institute for Democracy (MID) က စက်တင်ဘာလ ၈ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ၎င်းတို့၏ တွေ့ရှိချက်များကို ဖော်ပြထားသည့် အောက်တိုဘာ ၁၆ ရက်ထုတ် ပထမအကြိမ် အစီရင်ခံစာတွင် ယင်းကဲ့သို့ ဝေဖန်ထားခြင်း ဖြစ်သည်။

MID က မဲဆွယ်ကာလအတွင်း စောင့်ကြည့်လေ့လာခဲ့သော သတင်းမီဒီယာများတွင် နိုင်ငံပိုင် မီဒီယာများ အပါအဝင် ရုပ်မြင်သံကြား လိုင်း ၅ လိုင်း၊ ရေဒီယို ၅ လိုင်း၊ သတင်းစာတိုက် ၇ ခုနှင့် အင်တာနက် သတင်းစာတိုက် ၃ ခုတို့ ပါဝင်သည်ဟု ဆိုသည်။

MID ၏ အဆိုအရ နိုင်ငံပိုင် မီဒီယာများ၏ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း သတင်းတင်ဆက်မှုများတွင် အမှီအခိုကင်းသည့် ဝေဖန်မှုမျိုး၊ သဘောထားမျိုးနှင့် ယှဉ်ပြိုင်သူတို့၏ ရပ်တည်ချက် သဘောထားတို့အပေါ် ပြည့်စုံသည့် ဖော်ပြမှုမျိုးကို မတွေ့ရှိရကြောင်း သိရှိရသည်။

“အစိုးရပိုင် မီဒီယာတွေမှာ ဘာတွေ တွေ့ရှိနေရသလဲဆိုတော့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို Coverage လုပ်ပေးတာထက် အထူးသဖြင့်တော့ အစိုးရ အရာရှိတွေရဲ့ ခရီးစဉ်တွေ၊ ဖွင့်ပွဲတွေ သွားတာတွေ ဒါမျိုးတွေကို အများအားဖြင့် ဖော်ပြနေတာကို တွေ့ရှိရတယ်”ဟု MID ၏ ဒါရိုက်တာ တဦးဖြစ်သူ ကိုမျိုးမင်းဇော်က ပြောသည်။

ယင်းအစီရင်ခံစာအရ နိုင်ငံပိုင် ရုပ်သံ မီဒီယာတခုဖြစ်သည့် MRTV ၏ ထုတ်လွှင့်မှု အစီအစဉ်များတွင် နိုင်ငံတော် အာဏာပိုင်များ၏ ဆောင်ရွက်ချက်များအကြောင်းသည် ထက်ဝက်နီးပါး ဖြစ်ပြီး ၃၈ ရာခိုင်နှုန်းခန့်သည် အစိုးရအဖွဲ့ဝင်များ၏ လှုပ်ရှားမှုများဖြစ်ကြောင်း ဆိုထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီပေါင်း ၉၀ ကျော် ရှိသော်လည်း မြန်မာဘာသာဖြင့် ဖော်ပြနေသော ပုဂ္ဂလိက မီဒီယာ အများစု၏ ရွေးကောက်ပွဲဆိုင်ရာ သတင်း တင်ဆက်မှုများတွင် အကြီးဆုံး အတိုက်အခံပါတီ ဖြစ် သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နှင့် အာဏာရပါတီ (USDP) တို့ အကြောင်းကိုသာ အများဆုံး ဖော်ပြကြကြောင်း MID က ဆိုသည်။

ထို့အပြင် ပုဂ္ဂလိက သတင်းစာများသည် အစိုးရ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များကို ဦးစားပေး ဖော်ပြခြင်း မရှိသည့်အပြင် ဝေဖန် ထောက်ပြမှုများ ပြုလုပ်ရန်လည်း စိုးရွံ့မှုမရှိကြောင်း အစီရင်ခံစာက ရေးသားထားသည်။

မီဒီယာများက ရွေးကောက်ပွဲဆိုင်ရာ သတင်းများဖော်ပြရာတွင် သဘောထား ဖလှယ်မှုများ၊ အများပြည်သူပါဝင်သည့် ဆွေးနွေးပွဲများ၊ စုံစမ်းလေ့လာတင်ပြမှုများနှင့် အာဘော်များကို ပိုမိုထိရောက်စွာ တင်ဆက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ပါတီလုပ်ငန်းစဉ်များအကြောင်း မဲဆန္ဒရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မီဒီယာများ၏ သတင်းတင်ဆက်မှုမှတဆင့် ရရှိနိုင်ကြောင်း ကိုမျိုးမင်းဇော်က ပြောသည်။

“အဲဒီလို ရရှိမှသာ သူတို့ရဲ့ ရွေးချယ်ပိုင်ခွင့် အခွင့်အလမ်းတွေ ပိုပြီး တိုးပွားလာမယ်၊ နိုင်ငံရေးအရ ဘယ်လိုမှန်မှန်ကန်ကန် ရွေးချယ် ရမလဲ ဆိုပြီးတော့ သိလာမယ်၊ သိလာမှသာ သူတို့အတွက် အထောက်အကူ ဖြစ်မယ်၊ အကျိုးရှိမယ်လို့ ကျနော်တို့ မြင်တယ်”ဟု ကိုမျိုးမင်းဇော်က ပြောဆိုသည်။

စောင့်ကြည့်လေ့လာရန် ရွေးချယ်ထားသည့် မီဒီယာများတွင် နိုင်ငံပိုင် မီဒီယာအားလုံး ပါဝင်ပြီး ပုဂ္ဂလိက မီဒီယာများအနက် လူကြည့်များသော၊ လူထုထံသို့ ပျံ့ပွားလွယ်သော မီဒီယာများကို ရွေးချယ်ထားခြင်းဖြစ်ကြောင်း၊ Eleven Media ၊ 7 Day ၊ မြန်မာ တိုင်းမ် ၊ ဧရာဝတီ၊ Mizzima ၊ The Voice စသည်တို့ ပါဝင်ကြောင်း တွေ့ရှိရသည်။

MID က စောင့်ကြည့်လေ့လာရာတွင် အသုံးပြုသည့် နည်းပညာသည် MEMO 98 နည်းစနစ်ဖြစ်ပြီး ၁၉၉၈ ခုနှစ်မှ စတင်ကာ ၁၆ နှစ် တာ ကာလအတွင်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၁ နိုင်ငံတွင် အသုံးပြုခဲ့သော နည်းစနစ်တခု ဖြစ်ကြောင်း၊ အကြောင်း အရာ ပါဝင်မှု (Content Oriented) ကို အလေးထား ချဉ်းကပ်သည့် နည်းစနစ်ဖြစ်ကြောင်း ဆိုသည်။

MID သည် ယင်းစောင့်ကြည့်လေ့လာမှုကို ဂျာမနီနိုင်ငံ ဘာလင် အခြေစိုက် Democracy Reporting International (DRI) ၏ ပံ့ပိုးမှုဖြင့် အဓိက ဆောင်ရွက်ခြင်း ဖြစ်ပြီး ဥရောပ သမဂ္ဂ(EU) ၏ STEP Democracy စီမံကိန်းနှင့် National Endowment for Democracy (NED) တို့၏ ပံ့ပိုးမှုများလည်း ပါဝင်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.