၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မဲစာရင်း၌ အိမ်ထောင်စုစာရင်းဝင် မဟုတ်သည့်အမည်များ ပါဝင်နေမှု မဲဆန္ဒရှင်များ စိုးရိမ်

ထိုသို့ အိမ်ထောင်စုစာရင်းဝင် မိသားစုမဟုတ်သည့် အမည်စာရင်းများ ပါဝင်နေခြင်းကြောင့် မဲမသမာမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်းလည်း မဲဆန္ဒရှင်များက ပြောဆိုသည်။


Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မဲစာရင်းများ၌ အိမ်ထောင်စု စာရင်း ဝင် မိသားစု မဟုတ်သည့် အမည်စာရင်းများ ပါဝင်နေသည်ကို တွေ့ရကြောင်း မဲဆန္ဒရှင် ပြည်သူများက ပြောဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တနိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ထုတ်ပြန် ကြေညာပေးခဲ့ရာတွင် မဲစာရင်းအမှားများအပြင် အိမ်ထောင်စုဝင် မဟုတ်သည့် အမည်ပိုများစွာကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရ သည်။

ထိုသို့ အိမ်ထောင်စုစာရင်းဝင် မိသားစုမဟုတ်သည့် အမည်စာရင်းများ ပါဝင်နေခြင်းကြောင့် မဲမသမာမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်းလည်း မဲဆန္ဒရှင်များက ပြောဆိုသည်။

“ပြည်သူတယောက် အနေနဲ့ အရမ်းကို စိုးရိမ်ရမယ့် ကိစ္စပဲ။ မသမာမှု မလုပ်ချင်ဘူးဆိုရင် စောစောစီးစီးကတည်းက မှန်မှန်ကန်ကန် လုပ်ထားလိမ့်မယ်လို့ ထင်တယ်။ တမင်တကာမှားတာလား။ မမှားမှားအောင် လုပ်နေတာလား။ ဒါတွေက မရိုးသားဘူးလို့ မြင်တယ်” ဟု ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် (၁၀)ရပ်ကွက် ဓမ္မရာဇာ (၂)လမ်းနေ မဲဆန္ဒရှင် ဦးဝင်းနိုင်က ဧရာဝတီကို ပြောသည်။

ဦးဝင်းနိုင်က လက်ရှိနေထိုင်သည့် နေအိမ်၌ပင် နှစ် ၂၀ ကျော် အိမ်ထောင်စု စာရင်းဖြင့် နေထိုင်နေသူဖြစ်ပြီး မဲစာရင်း၌ ၎င်းတို့မိသားစု၏ မဲပေးပိုင်ခွင့်ရှိသူ ၆ ဦးအပြင် လူ ၁၁ ဦး အပိုပါနေသည်ကို တွေ့ရှိရကြောင်း၊ အလားတူ ဖြစ်ရပ်မျိုးကို ဦးဝင်းနိုင်တို့ မိသား စု သာမက တောင်ဥက္ကာပ မြို့နယ်အတွင်း၌ နေထိုင်သူ များစွာ ကြုံတွေ့နေရကြောင်းလည်း ပြောဆိုသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ တချို့အိမ်များတွင် လူ ၄၀ ခန့်အထိ အပိုပါဝင်နေမှုများ ရှိကြောင်းနှင့် ထိုသို့ လူအပိုများ ပါဝင်နေခြင်း အပေါ် ၎င်းအနေဖြင့် လက်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်ရန် အဆင့်ဆင့် ကြိုးပမ်းသော်လည်း ထိုအမည်ပိုအား ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ပေးမည်၊ မပေးမည်ကို တိကျခိုင်လုံစွာ မသိရသေးကြောင်း ဦးဝင်းနိုင်က ဆက်ပြောသည်။

တောင်ဥက္ကလာပ မြို့နယ်ရှိ မဲဆန္ဒနယ်မြေများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ် ကြောင်း၊ ပြည်သူ့ လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒေါက်တာ စောနိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ဦးအောင်သိန်းလင်းတို့ အပါအဝင် ကိုယ်စားလှယ်လောင်း ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင်လည်း သန်းခေါင်စာရင်းရှိပြီး လူမနေတော့သည့် စာရင်းများကို လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန (လဝက) အခြေခံပြီး ကောက်ယူရန် မြို့နယ်ကော်မရှင်က ညွှန်ကြားမှုများရှိကြောင်း လှိုင်မြို့နယ် ၁၃ ရပ်ကွက် ရပ်/ကျေး ကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း က ပြောသည်။

“လ.ဝ.က က ၆၆/၆ စာရင်းတွေ ယူပြီး လူမရှိတဲ့ စာရင်းတွေ ကျနော်တို့ ပြန်ရွေးထုတ်ရတယ်။ အဲဒီမှာ အားလုံးပေါင်း ၁၆၁၂ ဦး ကျနော်တို့ ကောက်ပေးလိုက်တယ်။ အဲဒီစာရင်းကို ကျနော်တို့ လုပ်ချင်တာ မဟုတ်ဘူး။ အဲဒီ စာရင်းကို မထည့်နဲ့ ဒီလူတွေက လာမှာလည်း မဟုတ်ဘူး။ အဲဒီစာရင်းတွေကို မထည့်နဲ့ မဲစာရင်း ဖောင်းပွမယ်လို့ ကျနော်တို့ အတိုက်အခံ ပြောခဲ့တယ်။ မြို့နယ်က မရဘူး ကောက်ရမယ်။ အထက်က ညွှန်ကြားထားတယ်။ ဒီလူတွေကို ထည့်ကောက်ရမယ်လို့ ပြောလို့ ကျနော်တို့ ကောက်ပေးခဲ့တယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အကြံပြုစာ ပေးပို့ခဲ့သူ ဦးထွန်းထွန်းလင်းက ရှင်းပြသည်။

သန်လျင်မြို့နယ်တွင်လည်း အလားတူဖြစ်ရပ်မျိုးများ ရှိနေသော်လည်း အရေအတွက်အားဖြင့် မည်မျှရှိသည်ကို မသိရှိကြောင်း သန်လျင် ဒေသခံများက ပြောသည်။

အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် အိမ်ထောင်စုစာရင်း လဝက ပုံစံ ၆၆/၆ ကို အခြေခံ ကောက်ယူထားခြင်းဖြစ်ကြောင်း၊ ထိုသို့ကောက်ယူရာတွင် အိမ်ထောင်စုစာရင်းရှိ လူများလည်းရှိသလို၊ လူရှိသော်လည်း အိမ်ထောင်စုစာရင်း မရှိသူများ၊ အိမ်ထောင်စု စာရင်း ရှိသော်လည်း လူမရှိသူများဟူ၍ ၃ မျိုး ကွဲပြားကြောင်း၊ ယခုလူပိုနေသည့် ဖြစ်ရပ်များသည် လဝက တွင် အိမ်ထောင်စုစာရင်း ရှိသော်လည်း လူမရှိသည့် အတွက်ကြောင့် ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောသည်။

“အဓိကကတော့ လဝက စာရင်း အိမ်ထောင်စုစာရင်းအရ ကောက်တာဖြစ်တဲ့အတွက် လူနေနေ မနေနေ အိမ်ထောင်စုစာရင်း ရှိတယ်ဆိုရင်ပဲ မဲစာရင်းထဲ ထည့်ထားတာ။ သူက တခြားမြို့နယ်ကို ပြောင်းသွားတယ်ဆိုရင် သန်းခေါင်စာရင်းက ထုတ်သွားရမှာပေါ့။ ဒါပေမယ့် မထုတ်သွားဘူး။ တခြားမှာ အလုပ်သွားချင်ရင်လည်း လုပ်နေမှာပေါ့။ မိသားစုလိုက် သွားလုပ်နေတာလည်း ရှိတယ်။ ဒီ လူတွေဟာ မဲဆန္ဒပေးတဲ့ အချိန်မှာ လာထည့်ရင်လည်း ထည့်မယ်။ ဒါကြောင့် ကျနော်တို့က ပြုစုထားတာ”ဟု ဦးမြင့်သန်းက ပြော ဆိုသည်။

လူမရှိသော်လည်း မြို့နယ် လဝက ရုံးတွင် အိမ်ထောင်စုစာရင်း ရှိနေသည့်အတွက် အမည်ပိုများ ပါနေခြင်းဖြစ်ပြီး မဲစာရင်းတွင် ပါသင့် သည့်လူများ မပါဝင်ခြင်း၊ မပါဝင်သင့်သည့်သူများ ပါဝင်နေခြင်းသည် ကာယကံရှင် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မိမိတို့၏ အိမ်ထောင်စုဇယားကို အချိန်နှင့် တပြေးညီ Update မလုပ်ထားခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်းကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

“အဓိကကတော့ အန်ကယ်တို့ မဲဆန္ဒရှင် ပြည်သူတွေက လုပ်ရမယ့်အလုပ်ကို မလုပ်တာပါ။ ဒါတွေက လဝက Procedure တွေပါ။ အဲဒါမျိုးတွေ မလုပ်ကြဘူး။ အဲဒါတွေကြောင့် လူမရှိဘဲ မဲစာရင်းမှာပါနေတယ်ဆိုတာတွေ ဖြစ်သွားတာပါ။ သို့သော် သူတို့ပြောင်းသွားတဲ့ မြို့နယ်ဘက်ကို သွားကြည့်လို့ရှိရင် လူရှိပြီး မဲစာရင်း မပါတဲ့သူတွေ ဖြစ်နေမှာပေါ့”ဟု ဦးကိုကိုက ပြောဆိုသည်။

ထိုသို့အမည်ပိုများ ပါနေခြင်းကြောင့် မဲမသမာမှုများ ဖြစ်မည်ကို စိတ်မပူရန်နှင့် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မသမာမှုများ ပေါ်မလာစေရန် တတ်နိုင်သမျှ ကော်မရှင်က တားဆီးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အပြီးသတ် ထုတ်ပြန်လိုက်သည့် မဲဆန္ဒရှင် စာရင်းတွင် နာမည်အပိုများ သိန်းနှင့်ချီ ပါဝင်နိုင်ပြီး ထိုအမည်ပိုများကို စိစစ်လျက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ တင်ပြကာ ပယ်ဖျက်ပေးရေး လုပ်ဆောင်ကြရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်များ၏ အောင်နိုင် ရေး အဖွဲ့နှင့် ပါတီဝင်များသို့ အောက်တိုဘာ ၃ ရက်က တိုက်တွန်းထားသည်။

ထိုသို့ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဝေဖန်အကြံပြုစာ ပေးပို့ခဲ့သည့် လှိုင်မြို့နယ်၊ ၁၃ ရပ် ကွက်မှ ရပ်/ကျေး ကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက “မဲစာရင်း မမှန်ရင် ရွေးကောက်ပွဲရလဒ်က ကောင်းမှာ မဟုတ်ဘူး။ မဲ စာရင်း မှန်မှန်ကန်ကန် မရှိဘဲနဲ့ ရွေးကောက်ပွဲ သွားလုပ်လို့ မရဘူး။ အဲဒီတော့ ရွေးကောက်ပွဲကို ထိခိုက်မှာစိုးတဲ့အတွက် အကြံပြုတဲ့ အိတ်ဖွင့်ပေးစာ ရေးတင်လိုက်တာပါ”ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.