၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မွန်နှင့် ဧရာဝတီတွင် ကြိုတင်မဲများ စပေး၊ လွဲချော်မှု တချို့လည်း ရှိနေ

မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုများ စတင်ပေးလျက်ရှိပြီး တချို့နေရာများတွင် လွဲချော်မှုများလည်း ရှိနေကြောင်း သတင်းရရှိသည်


မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုများ စတင်ပေးလျက်ရှိပြီး တချို့နေရာများတွင် လွဲချော်မှုများလည်း ရှိနေကြောင်း သတင်းရရှိသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးခွင့်ရှိသူ အများစုမှာ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ခရီးသွား မည့် ဝန်ထမ်းများ၊ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲဝင်များနှင့် မဲရုံမှူး တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ ဖြစ်ကြောင်း၊ တချို့မှာ မဲပေးရာတွင် အဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အမှတ် ၁၄ နယ်မြေ၌ ကြိုတင်မဲများ ကောက်ယူရာတွင် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲက မဲပေးသူများအတွက် လျှို့ဝှက် ဆန္ဒပြုခန်း စီစဉ်ပေးထားခြင်း မရှိဘဲ ကြိုတင်မဲပေးသူများမှာ စားပွဲအနိမ့်တခုပေါ်တွင် မိမိ နှစ်သက်ရာ ပါတီကို တံဆိပ်တုံးထု၍ မဲပေးနေရကြောင်း ပုသိမ်အခြေစိုက် ဧရာဝတီ သတင်းထောက်က ပြောသည်။

ပုသိမ်မြို့နယ် အမှတ် ၁၄ ရပ်ကွက် ကော်မရှင်အဖွဲ့ဝင်တဦးက“လျှို့ဝှက် ဆန္ဒပြုခန်းက မဲရုံ မဆောက်ရသေးလို့ မလုပ်ဖြစ်တာပါ။ သူတို့ (မဲဆန္ဒရှင်တွေ)မဲပေးချိန်မှာ ကျနော်တို့ စားပွဲနဲ့ ခပ်ဝေးဝေးမှာ နေပါတယ်။ သူတို့ဘာသာ ကြိုက်တဲ့ပါတီ မဲပေးနိုင်အောင်ပါ”ဟု ပြောသည်။

ထို့ပြင် ပုသိမ်မြို့တွင် နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့ကျမှသာ အိုမင်းမစွမ်းသူများနှင့် နာမကျန်းဖြစ်နေသူများထံမှ ကြိုတင်မဲ ကောက် ယူရန် မြို့နယ် ကော်မရှင်က ညွှန်ကြားထားသော်လည်း အမှတ် ၁၄ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ ၁ ရက်နေ့က စတင်၍ အိမ်တိုင်ရာရောက် ကြိုတင်မဲ ကောက်ယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ကြိုတင်မဲပုံးများအား တုပ်နှောင်ရန်အတွက် နံပါတ်ပါသည့် ပလပ်စတစ်ကြိုးများကို ပုသိမ်မြို့နယ် ကော်မရှင်က ရပ်/ကျေး ကော်မရှင် အသီးသီးထံသို့ ထုတ်ပေးထားသော်လည်း အမှတ် ၁၂ နယ်မြေ ကော်မရှင်အဖွဲ့မှာ အဆိုပါ ပလပ်စတစ်ကြိုးများ အသုံးပြုခြင်းမရှိဘဲ မဲပုံးများကို နိုင်လွန်ကြိုးဖြင့်သာ ချည်နှောင်ထားသည်ကို ပုသိမ်အခြေစိုက် ဧရာဝတီ သတင်းထောက်က တွေ့ခဲ့ရသည်။

ကြိုတင်မဲပေးရာ၌ ဘောပင်ဖြင့် အမှန်ခြစ်၍ မဲပေးရမည်ဟု မဲစာရွက်များတွင် ရိုက်နှိပ် ဖော်ပြထားသည့် အတွက် ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲများမှာ အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၁ ရက်အတွင်းကောက်ခံခဲ့သည့် ကြိုတင်မဲများကို ဘောပင်ဖြင့်ခြစ်၍ မဲပေးစေခဲ့သည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တံဆိပ်တုံးထုမဲပေးရန် ညွန်ကြားခဲ့ရာ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဧရာဝတီ တိုင်းရှိ ကော်မရှင်ရုံးများ၌ ကြိုတင်မဲပေးရာတွင် တံဆိပ်တုံးထု၍ မဲပေးစေခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့နယ်ရှိ ရပ်/ကျေးကော်မရှင်ရုံးများ၌ ကြိုတင်မဲပေးမှုများကို မဲရုံကိုယ်စားလှယ်ထားရှိ အများဆုံး စောင့်ကြည့်သည့်ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ကျန်ပါတီများမှာ စောင့်ကြပ်ကြည့်ရှုခြင်းမရှိသည်ကို တွေ့ရသည်။

မွန်ပြည်နယ်တွင်လည်း ကြိုတင်မဲပေးရာတွင် မွန်အမျိုးသားပါတီတံဆိပ်သည် ကြယ်ဖြူအစား ကြယ်အဝါရောင် ဖြစ်နေသဖြင့် ပါတီ တာဝန်ရှိသူများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာ ပေးပို့သွားမည်ဟု နိုဝင်ဘာလ ၁ ရက်နေ့က မီဒီယာများသို့ ပြောသည်။

မွန်အမျိုးသားပါတီ ပြန်ကြားရေး တာဝန်ခံ နိုင်စံလှိုင်က“ကျနော်တို့ ပြည်သူကို ပေးထားတဲ့ Message က ဟင်္သာနဲ့ ကြယ်ဖြူ ဖြစ်ပါတယ်။ ထွက်လာတာ ဟင်္သာကြယ်ဝါ ဆိုတော့ ပြည်သူတွေအတွက်က ဝေဝေဝါးဝါး ထင်ယောင်ထင်မှား လွဲချော်ခြင်း ဖြစ်နိုင်တယ်”ဟု ပြောသည်။

ထို့အတူ ဆန္ဒမဲ လက်မှတ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ အမှတ်တံဆိပ် ကြယ်ဖြူမှာလည်း ကြယ်အဝါ ဖြစ်နေ ကြောင်း ကြိုတင်မဲပေးရေး စောင့်ကြည့်နေသူများက ပြောသည်။

ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများကမူ ဆန္ဒမဲလက်မှတ်များသည် အဝါခံဖြစ်နေသည့်အတွက် အဖြူရောင်ပါသည့် ပါတီတိုင်းမှာ အဝါဖြစ်နေမည်ဟု အကြောင်းပြခဲ့သည်။