၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မန္တလေးတွင် မဲဆန္ဒရှင် သက်သေခံလက်မှတ် အပိုများပါနေသဖြင့် မဲမသမာမှု ဖြစ်နိုင်ဟုဆို

မဲစာရင်းအပိုတွေ တော်တော်များတယ်။ အိမ်ထောင်စုဇယားနဲ့ ပြုစုတယ်ဆိုပေမယ့် လူတယောက်က ခပ်ဆင်ဆင် ပုံစံလေးတွေနဲ့ မဲစာရင်းမှာ နှစ်ခါသုံးခါ ပြန်ပါနေတာကို တေ့ွရတယ်


မန္တလေးမြို့ မဟာအောင်မြေနှင့် အမရပူရမြို့နယ်တို့တွင် မဲဆန္ဒရှင် သက်သေခံလက်မှတ် အပိုများ ပါနေသဖြင့် လူပိုမဲစာရင်းများကြောင့် မဲမသမာမှု ဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က မန္တလေးခရိုင်၊ မဟာအောင်မြေ မြို့နယ်အတွင်းက ရပ်ကွက် ၂၁ ခုတွင် လိုက်လံ ကောက်ယူထားသည့် စာရင်းများအရ ကော်မရှင်က ထုတ်ပြန်ထားသည့် မဲစာရင်းထက် လူငါးထောင်ကျော် ပိုနေသည်ဟု NLD ပါတီ တိုင်းလူမှု အထောက်အကူပြုအဖွဲ့မှ ဦးတင်အောင်က ဧရာဝတီသို့ ပြောသည်။

ဦးတင်အောင်က“ကြိုတင်မဲမှာ လုပ်လို့မရတဲ့အတွက် လူပိုတွေ ထည့်ထားတယ်။ ရပ်ကွက် ၃ ခု ဆင်းတာ လူ ၃၀ လောက် ပိုနေ တယ်” ဟု ပြောသည်။

မဲစာရင်းတွင် နာမည်တကြိမ်မက ပါဝင်နေသဖြင့် လူပိုမဲစာရင်းများကြောင့် ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်မည်ကို စိုးရိမ်ကြောင်း မဲစာရင်းလိုက်လံ ပြုစုနေသည့် မန္တလေး အမျိုးသမီး နိုင်ငံရေးအင်အားစုအဖွဲ့ဝင် ဒေါ်ရွှေစင်ဇော်ဝင်းက ပြောသည်။

ဒေါ်ရွှေစင်ဇော်ဝင်းက“မဲစာရင်းအပိုတွေ တော်တော်များတယ်။ အိမ်ထောင်စုဇယားနဲ့ ပြုစုတယ်ဆိုပေမယ့် လူတယောက်က ခပ်ဆင် ဆင်ပုံစံလေးတွေနဲ့ မဲစာရင်းမှာ နှစ်ခါသုံးခါ ပြန်ပါနေတာကို တေ့ွရတယ်”ဟု ပြောသည်။

မဲစာရင်းတွင် လူတဦး၏ အမည်မှန်သော်လည်း မှတ်ပုံတင် နံပါတ်နှင့် အဘအမည်တို့ကို အနည်းငယ်လွဲကာ မဲစာရင်းတွင် နှစ်ကြိမ် မက ပါဝင်နေသည်များကို လေ့လာ တွေ့ရှိရသည်ဟု ဖန်တီးအိမ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်လေးငယ်က ပြောသည်။

ဒေါ်ခင်လေးငယ်က“မဲဆန္ဒရှင် သက်သေခံ လက်မှတ်မှာ ဓာတ်ပုံမပါဘူး။ ဒီလူဟာ ကိုယ့်ရပ်ကွက်ထဲက လူ ဟုတ်မဟုတ် မဲရုံမှူး ကလည်း သေချာသိနိုင်မှာ မဟုတ်လို့ မသမာမှုတွေ ဖြစ်နိုင်တယ်”ဟု ပြောသည်။

မဲစာရင်းတွင် အမည်တကြိမ်ထက်မက ပါဝင်နေသည့် မြို့နယ် ၂ ခု ဖြစ်သည့် မဟာအောင်မြေနှင့် အမရပူရမြို့နယ်တို့ မဲစာရင်းအား ကွင်းဆင်း စစ်ဆေးသွားမည်ဟု မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောသည်။

ဦးအောင်ထွဋ်က“မဲစာရင်း အတိအကျမှန်မယ်လို့ တခါမှ မပြောခဲ့ဘူး။ ဒါပေမဲ့ မှားနေရင်ပြောပါ။ မဲစာရင်းမှာ မပါသင့်တဲ့သူတွေ ပါနေရင် ချက်ချင်း ပြန်ပြင်ပေးမယ်”ဟု ပြောသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက ဒုတိယအကြိမ် ထုတ်ပြန်ခဲ့သည့် မဲစာရင်းအရ မန္တလေးတိုင်းဒေသကြီးတွင် ဆန္ဒမဲပေးနိုင်သူဦးရေ ၄၄ သိန်းကျော် ရှိကြောင်း သိရသည်။