fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရခိုင်၊ မောင်တောခရိုင်တွင် ဘင်္ဂါလီလူမျိုး ၇၀ ကျော် မဲပေးပိုင်ခွင့်ရ

အခု မဲပေးခွင့် ရရှိတဲ့ ၇၁ ဦးက မောင်တောမြို့နယ်က ဖြစ်ပါတယ်။ ဘူးသီးတောင်မှာ မဲပေးခွင့် ရရှိသူ မရှိဘူးလို့ သိရတယ်။ ကျနော်တို့ ခရိုင်မှာတော့ အဲဒီ ၇၁ ယောက်ပဲ။ ဒီထက်လည်း တိုးလာမယ့် အခြေအနေတော့ မရှိပါဘူး


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဘင်္ဂါလီ ၇၁ ဦး ဆန္ဒမဲပေးပိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ ယင်းဆန္ဒမဲ ပေးခွင့်ရရှိသူ ဘင်္ဂါလီ ၇၁ ဦးသည် မောင်တောမြို့နယ်အတွင်းမှ ဘင်္ဂါလီများသာဖြစ်ပြီးဘူးသီးတောင်မြို့နယ်တွင် နေထိုင်သည့် ဘင်္ဂါလီများထဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရရှိသူများ မရှိကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။

မောင်တောခရိုင် ကော်မရှင် ဥက္ကဌ ဦးအောင်ကျော်ညွန့်က“အခု မဲပေးခွင့် ရရှိတဲ့ ၇၁ ဦးက မောင်တောမြို့နယ်က ဖြစ်ပါတယ်။ ဘူးသီးတောင်မှာ မဲပေးခွင့် ရရှိသူ မရှိဘူးလို့ သိရတယ်။ ကျနော်တို့ ခရိုင်မှာတော့ အဲဒီ ၇၁ ယောက်ပဲ။ ဒီထက်လည်း တိုးလာမယ့် အခြေအနေတော့ မရှိပါဘူး”ဟု ပြောသည်။

စစ်အစိုးရ လက်ထက်က ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များမှ ဘင်္ဂါလီများသည် ဆန္ဒမဲပေးပိုင်ခွင့် ရရှိခဲ့ကြောင်း၊ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မရရှိခြင်းမှာ လက်ရှိ အစိုးရ၏ ပေါ်လစီသာ ဖြစ်ကြောင်း မောင်တောမြို့နယ် အတွင်းမှ
ဘင်္ဂါလီများက ပြောသည်။

မောင်တောမြို့နယ် ကညှင်တန်းကျေးရွာမှ ဘင်္ဂါလီလူမျိုး ဦးအီစမိုင်က“ကျနော်တို့က မြန်မာနိုင်ငံ သမိုင်းအစဉ်အဆက် မဲပေးလာခဲ့တာ။ ၂၀၁၅ ခုနှစ် ကျမှပဲ မဲပေးခွင့် မရဘူးဆိုတော့ ခံစားရတာပေါ့။ နိုင်ငံတော်က ဒီအတိုင်း လုပ်ထားတော့ ဒီအတိုင်း နေရတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွင် မဲဆန္ဒရှင် စုစုပေါင်း ၅၅၁၂၁ ဦး ရှိပြီး ယင်းမြို့နယ်အတွင်း ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများ အပြောင်းအရွှေ့ ကိစ္စ များ ရှိနေသဖြင့် အခြေခံ မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်မှာ လက်ရှိကောက်ယူထားသည့် အရေအတွက်ထက် တိုးလာနိုင်သေးကြောင်း မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မောင်တောခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ ရခိုင်အမျိုးသား ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၈ ခု ရှိကြောင်း ခရိုင်ကော်မရှင်ထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.