fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

သဘာ၀ ဘေးအကြောင်းပြ၍ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုဟု ဦးတင်အေးပြော

ကန့်ကွက်တယ်ဆိုကတည်းက သဘောထားက ပြတ်ပြီလေ။ သူတို့ပြောတာ သဘာဝမှ မကျဘဲ။ နာဂစ်တုန်းက လူသိန်းနဲ့ချီပြီးသေတယ်။ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒုက္ခရောက်သွားတယ်။ ဒါတောင်မှ Referendum ရအောင်လုပ်တဲ့ ဟာပဲ


Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတဝန်း သဘာ၀ ဘေးအန္တရာယ်ကျရောက်နေ၍ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရေး၊ မရွှေ့ဆိုင်းရေး မကြာမီ ကြေညာမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများကို ယနေ့ ပြောဆိုလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲရွှေ့ဆိုင်းရေး မရွှေ့ဆိုင်းရေး အစည်းအဝေးတရပ်ကို ယနေ့ အောက်တိုဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲ တွင် နေပြည်တော်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး လတ်တလော နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များကျရောက်နေခြင်းနှင့် မငြိမ်းချမ်းသည့် အခြေအနေများကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်း လိုကြောင်း ဦးတင်အေးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုကြောင်း နိုင်ငံရေးပါတီ ၁၀ ခုကို ဖိတ်ခေါ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ အမျိုးသား တိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ (ANP)၊ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးပါတီ (NUP)နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) စုစုပေါင်း ၇ ပါတီ တက်ရောက်ခဲ့ ကြောင်း သိရသည်။

တက်ရောက်လာသော နိုင်ငံရေးပါတီများကို ဦးတင်အေးက သဘောထားမှတ်ချက် တောင်းခံခဲ့ပြီး NLD က ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ကို ကန့်ကွက်ခဲ့ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသားတိုးတက်ရေး ပါတီ နှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က လက်ခံခဲ့ပြီး ကျန်ပါတီများက ကြားနေသဘောဖြင့် ရပ်တည်ခဲ့ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောသည်။

“ကန့်ကွက်တယ်ဆိုကတည်းက သဘောထားက ပြတ်ပြီလေ။ သူတို့ပြောတာ သဘာဝမှ မကျဘဲ။ နာဂစ်တုန်းက လူသိန်းနဲ့ချီပြီးသေတယ်။ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒုက္ခရောက်သွားတယ်။ ဒါတောင်မှ Referendum ရအောင်လုပ်တဲ့ ဟာပဲ” ဟု ဦးဝင်းထိန်က ပြောသည်။

ရခိုင်အမျိုသား ပါတီအနေဖြင့်မူ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေး၊ မရွှေ့ဆိုင်းရေးကို ကြားနေသဘောဖြင့်သာ ရပ်တည် ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဧရာဝတီကို ပြောသည်။

“အန်တီတို့အပါအဝင် တခြားပါတီတချို့ကတော့ ရွေးကောက်ပွဲရွှေ့ဆိုင်းပိုင်ခွင့်ဟာ ပြည်ထောင်စုကော်မရှင်မှာ ဥပဒေနဲ့ အညီ ပြဋ္ဌာန်းထားပြီးသားဖြစ်တဲ့အတွက် ကော်မရှင်က ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့်ကိစ္စအပေါ်မှာတော့ ကျမတို့ အနေနဲ့ အထွေအထူး တင်ပြစရာလိုမယ်မထင်ဘူး။ လက်ခံတယ်လည်းမဟုတ်၊ ကန့်ကွက်တယ်လည်း မဟုတ်။ ကြားသဘောမျိုးပေါ့။ ဥက္ကဋ္ဌကြီးရဲ့ စကားအရဆိုရင်တော့ ၁ ရက် ၂ ရက်အတွင်းမှာ သိရမယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက “ဒီလောက်ရာသီဥတု ပြင်းထန်နေတာရယ်၊ ပြီးတော့ မဲစာရင်းတွေ မှားနေတာရယ်ကို မပြင်ပေးဘဲနဲ့တော့ မပြိုင်ခိုင်းပါနဲ့။ မဲစာရင်းတွေမှားနေတယ်။ အဲဒီဂဏန်း ပေါင်းစက်အမှားကြီးနဲ့တွက်မယ်ဆိုရင် ဂဏန်းအမှားတွေပဲထွက်မှာ။ အခုလို ရာသီဥတုဖောက်ပြန်လာတဲ့အတွက် ပိုဆိုးနေတယ်။ အဲတော့ ရက်နောက်ဆုတ်ပေးပါလို့ အရင်ကတည်းက အဆိုတင်သွင်းခဲ့တာ”ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) သည် သဘာ၀ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေ လုံခြုံရေးအခြေအနေအရသော်လည်းကောင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက် ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ပိုင်ခွင့်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွင် ပြဋ္ဌာန်းပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.