၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

သမ္မတအထက်မှနေ၍ အစိုးရကို ပဲ့ကိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကျမက သမ္မတရဲ့ အထက်မှာရှိနေမှာပါ။ ဒါက ရိုးရှင်းတဲ့ သတင်းစကားပါပဲ။ အခြေခံဥပဒေမှာလည်း သမ္မတ အထက်မှာ ရှိနေတဲ့သူနဲ့ပတ်သက်လို့ ပြဋ္ဌာန်းထားတာမရှိလို့ ဒါက ဥပဒေ ချိုးဖောက်တာ လည်းမဟုတ်ပါဘူး။ ကျမအနေနဲ့ အရေးကြီးတဲ့ သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာပါ။ ထိပ်ကနေပြီးတော့ ဆုံးဖြတ် ချက်တွေချတာ


နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရဖွဲ့သည် အထိ အနိုင် ရရှိပါက NLD က သမ္မတတင်မြှောက်မည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ အထက်မှ နေ၍ အစိုးရ အဖွဲ့ကို ပဲ့ကိုင် အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ယနေ့နံနက်ပိုင်း ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ တွင်  ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

NLD ပါတီအနေဖြင့် သမ္မတ ရာထူးအတွက် ရည်ရွယ်ထားသူရှိနေပြီး မိမိအနေဖြင့် ယခုအချိန်တွင် ထုတ်ဖော်ပြောဆိုရန် အစီအစဉ်မရှိကြောင်း၊ မိမိအနေဖြင့် သမ္မတ၏ အထက်တွင် တည်ရှိနေပြီး ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဖြင့် အစိုးရအဖွဲ့ကို ပဲ့ကိုင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“ကျမက သမ္မတရဲ့ အထက်မှာရှိနေမှာပါ။ ဒါက ရိုးရှင်းတဲ့ သတင်းစကားပါပဲ။ အခြေခံဥပေဒမှာလည်း သမ္မတအထက်မှာ ရှိနေတဲ့သူနဲ့ပတ်သက်လို့ ပြဋ္ဌာန်းထားတာမရှိလို့ ဒါက ဥပဒေချိုးဖောက်တာလည်းမဟုတ်ပါဘူး။ကျမအနေနဲ့ အရေးကြီးတဲ့ သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာပါ။ ထိပ်ကနေပြီးတော့ ဆုံးဖြတ်ချက်တွေချတာ ခေါင်းဆောင်ပဲပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံခြားသား သား၊ သမီး၊ ဇနီး၊ ခင်ပွန်း ရှိသူများသည် သမ္မတဖြစ်ခွင့်မရှိဟု ပြဋ္ဌာန်းထားရာ နိုင်ငံခြားသား ၂ ဦးရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် တားဆီး ခံထားရသည်။

လတ်တလော ကြိုတင်မဲကိစ္စများနှင့်ပတ်သက်၍ မသမာမှုများရှိနေပြီး အထောက်အထားများလည်းရရှိနေကြောင်း၊ ရွေးကောက်ပွဲ ရလာဒ်သည် စစ်မှန်သော ရလာဒ်ဘဲ မဲခိုးမဲလိမ်ရလာဒ်များဖြစ်နေပါက အခြေအနေမူတည်၍ လက်ခံ သင့်၊ မခံသင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုသည်။

“ ဒါက ဘယ်လောက်အထိ အမှားအယွင်းတွေရှိတယ်၊ ဘယ်လိုပုံစံနဲ့ လုပ်တယ်ဆိုတာကို စောင့်ကြည့်ပြီးမှ အဖြေပေး လို့ရ မှာပါ။ အခုချိန်မှာ ဘယ်လောက်ထိမှားမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာ ပြောလို့မရပါသေးဘူး။ ကြိုတင်မဲတွေနဲ့ ပတ်သက် လို့ ရှိရင်တော့ ဝင်လာတဲ့သတင်းတွေအထိတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင် ရာနဲ့ ဒေသဆိုင်ရာပေါ့နော် ရွေးကောက်ပွဲကော်မရှင်တွေက ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ သတင်းတွေ ကလည်း ဝင်လာပြီ၊ သက်သေအထောက်အထားတွေကလည်း လုံလောက်ပါတယ်။ ဒီကိစ္စတွေကို တတ်နိုင်သမျှ အမြန်ဆုံး ကိုင် တွယ် သွားချင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ပြည်သူလူထုနဲ့ တစိတ်တည်း တဝမ်း တည်းပါပဲ။ ဒီရွေး ကောက်ပွဲ ကြီးကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် ဖြစ်စေချင်တယ်။ ရွေးကောက်ပွဲ တွေ ဖြစ် မြောက်ပြီးမှ ဘယ်လောက်အတိုင်းအတာအထိ လက်ခံနိုင်စရာရှိလဲ၊ လက်မခံနိုင်စရာရှိလဲဆိုတာ ကျမတို့အားလုံး သိမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ အာဏာမလွှဲသည့် ဖြစ်စဉ်မျိုးပေါ်ပေါက်လာမည်ဟု မထင်ကြောင်း၊ ၁၉၉၀ ခုနှစ် အခြေအနေနှင့် ၂၀၁၅ ခုနှစ် အခြေအနေသည် လုံး၀ ကွာခြားသွားပြီဖြစ်ကြောင်း ၎င်း ကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာပါက ပွင့်လင်းမြင်သာမှုကို အဓိကထားမည်ဖြစ်ပြီး မြစ်ဆုံစီမံကိန်း၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်၊ စီးပွားရေး အပါအဝင် နိုင်ငံရေးရာကိစ္စများတွင် ပွင့်လင်းမြင်သာမှု၊ အဂတိတရားကင်းရှင်းမှု၊ သန့်ရှင်းမှုများ ဖြင့် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

“ခရိုနီဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဘယ်သူကမှ သေချာဖွင့်ဆိုထားခြင်း မရှိသေးဘူး၊ အန်တီတို့က အဂတိတရား ကင်းစင်သည့် အစိုးရတစ်ရပ် ထူထောင်သွားဖို့ ရှိတယ်၊ အစိုးရက အဂတိတရား မကင်းရင် စီးပွားရေးသမားတွေကလည်း အဂတိတရားကင်းမှာ မဟုတ်ပါဘူး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်မယ့် အစိုးရကို ထူထောင်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

NLDအနေဖြင့် အမျိုးသားရင်ကြားစေ့ရေး လမ်းစဉ်ကိုလည်း ကိုင်စွဲထားပြီး တပ်မတော်နှင့် ကောင်းမွန်းသော ဆက်ဆံရေး ထူထောင်လိုကြောင်း ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း ယခင်အစိုးရ ဆောင်ရွက်ခဲ့သည်များမှ ကောင်းမွန်မှုများကို ဆက်လက်ခံပြီး မကောင်းမွန်သည်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျမတို့ကနေပြီးတော့ အရင်အစိုးရကလုပ်ခဲ့ဆိုပြီး လက်မခံတဲ့ စိတ်ဓာတ်မျိုးမရှိပါဘူး။ အရင်တုန်းက ငြိမ်းချမ်းရေး လမ်းစဉ် မှာ လက်ခံသင့်တဲ့ကိစ္စတွေရှိရင် လက်ခံမှာပါ။ လက်ခံသင့်တဲ့အပိုင်းတွေကို လက်ခံမှာပါ။ ပြောင်းသင့်တဲ့ အပိုင်း တွေကို ပြောင်းမှာပါ။ ကျမတို့က ဒီအစိုးရ၊ အရင်အစိုးရလုပ်ခဲ့တာမို့လို့ အားလုံးပြောင်းပစ် မယ်ဆိုတာမျိုးက မလိုအပ်တဲ့ အာဃတစိတ်ဓာတ်ထားပါ။ ငြိမ်းချမ်းရေးဆိုရင်လည်းဒီအတိုင်းပဲ ။ ကောင်းတာတွေ ယူမယ်။ မကောင်းတာ တွေကို ပြင်မယ်။ ပိုပြီးလို့ကောင်းအောင်ကြိုးစားပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

“အရင်တုန်းဖြစ်မယ်လို့လည်း မယုံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်နဲ့ မတူပါဘူး။ ဥပမာဆိုလို့ရှိရင် ၂၀၁၀ နဲ့တောင် မတူပါဘူး။ ၂၀၁၀ တုန်းကဆိုရင် ကြိုတင်မဲတွေကိစ္စက ဆိုးဆိုးဝါးဝါးကို ဖြစ်ခဲ့တယ်ဆိုတာ လူတိုင်း သိတယ်။ ဒါပေမယ့် ဘယ်သူကမှ ဘာမှမလုပ်ပါဘူး။ အခုကျတော့ ဒီဟာတွေကို ကန့်ကွက်မယ့်သူတွေရှိတယ်။ ပြည်သူ တွေကလည်း ပြောရဲလာပြီဆိုတော့ အခြေအနေက လုံး၀ ပြောင်းသွားပါပြီ။ ဒါကြောင့်မို့ ၁၉၉၀ အတိုင်း ဖြစ်မယ်လို့တော့ မထင်ပါဘူး။ အရေးကြီးတာက ရွေးကောက်ပွဲ မတိုင်မီ တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းရှိဖို့ပဲ။ ရွေးကောက်ပွဲ မသမာ မှုတွေကို တရားဥပဒေအရ ထိထိရောက်ရောက်ကိုင်တွယ်ဖို့ အရေးကြီးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဥပဒေပြုရေးအပိုင်းနှင့်ပတ်သက်၍လည်း နိုင်ငံနှင့်ပြည်သူကို အကျိုးမပြုသော ဥပဒေများကို ပယ်ဖျက်သွားမည်ဖြစ်ပြီး နိုင်ငံ၏ အနာဂတ်ရေရှည် ဥပဒေများဖြစ်ပေါ်ရေး ဥပဒေပြု လွှတ်တော်အမတ်များနှင့် ကြိုးပမ်း အကောင် အထည်ဖော် သွားမည်ဟု ၎င်းက ပြောသည်။
“ဥပဒေတွေအားလုံးတရားမျှမျှတ ဖြေရှင်းကိုင်တွယ်ရမှာပေါ။ ဖြေရှင်းကိုင်တွယ်တယ်ဆိုတာက နိုင်ငံကို ရေရှည် အကျိုးပြု တဲ့ဥပဒေတွေဖြစ်ရပါ့မယ်။ ဥပဒေတွက ၃ လ ၊ ၄ လ တချို့တွေက သဘောကျအောင်လို့ ချွေးသိပ်တဲ့သဘောနဲ့ လုံး၀ မဖြစ်ရပါဘူး။ နိုင်ငံအနာဂတ်အတွက် သင့်တော်တဲ့ ဥပဒေတွေ ဖြစ်အောင် ကျမတို့ လုပ်မှာပါ။ ပညာရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေနဲ့ပဲပတ်သက်လိုပဲဖြစ်ဖြစ်၊ ဒီလို အခြေခံမူနဲ့ ပဲ ဥပဒေကို ပြဋ္ဌာန်းရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။