ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ၏ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံခဲ့ရသော သူရဦးရွှေမန်း ကြံ့ခိုင်ရေးပါတီဝင် အဖြစ် ထုတ်ပယ်ခံရသော သတင်းမေးမြန်းစဉ် ပါတီတွင် အလုပ်မလုပ်သောသူသည် ပါတီတွင် ရှိမနေသင့်ဟု ကြံ့ခိုင်ရေးပါတီပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် မဲဆွယ်စည်းရုံးရေးဆောင်ရွက်နေသော ဦးဌေးဦးကို ဧရာဝတီ သတင်း ထောက်က သွားရောက်တွေ့ဆုံ၍ ဦးရွှေမန်းကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမရှိ၊ မရှိ မေးမြန်းစဉ် ဦးဌေးဦးက အထက်ပါအတိုင်းဖြေကြားလိုက်ခြင်းဖြစ်သည်။
“ကျနော် လွန်ခဲ့တဲ့ ၂ ရက်လောက်က တွေ့တာတော့ ပါတီမှာပဲ ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်မှာတော့ သူ(ဦးရွှေမန်း) ပါတီဝင်ပဲ။ပ ါတီဝင် ဖြစ်တယ် မဖြစ်ဘူး ဆိုတာကတော့ ယုံကြည်မှု မရှိဘူးဆိုရင်လည်း ပါတီဝင် မဖြစ်ဘူး။ ယုံကြည်မှုချည်းပဲ အကုန်လုံး” ဟု ဦးဌေးဦးက ဧရာဝတီသို့ပြောသည်။
သူရဦးရွှေမန်းသည် ကြံ့ခိုင်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် နိုင်ရန် ခက်ခဲမည်ဆိုသောကြောင့် ဖယ်ရှားခြင်း ဖြစ်နိုင်သလားဆိုသော ဧရာဝတီ၏ မေးခွန်းအပေါ် ဦးဌေးဦးက “ဒီဟာတခု တည်း မဟုတ်ဘူး။ ကျန်တဲ့ အခြေအနေတွေလည်း ရှိမှာပါ” ဟု ပြန်လည် ဖြေကြားသွားသည်
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင် မဲဆွယ်စည်းရုံးနေ သည့် သူရဦးရွှေမန်းသည် အပြောနှင့်အလုပ် မညီသောသူများကို မဲမပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ပူးပေါင်း ဆောင်ရွက်သောကြောင့် ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံရကြောင်း၊ လာဘ်ပေးလာဘ်ယူမှုကြောင့် ကုန်ဈေးနှုန်းမြင့်တက် ဆိုသော အမြင်သဘောထားများကို မီဒီယာများနှင့် ပြည်သူများကို ချပြခဲ့ကြောင်း သိရှိရသည်။