fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဦးရွှေမန်း သမ္မတ ဖြစ်မလား

ကြံ့ခိုင်ရေး ပါတီဟာ အရင်လို ဗိုလ်ချုပ်တွေ တပ်ကထွက်ရင် ပါတီ ခေါင်းဆောင်တွေ ဖြစ်၊ ရွေးကောက်ပွဲ ဝင်၊ လွှတ်တော်အမတ် သို့မဟုတ် အစိုးရဝန်ကြီး ဖြစ်ဆိုတဲ့ အများ သဘောပေါက်သလို မဟုတ်တော့ ဘူးလို့ ပြောနေပါတယ်။


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲ အများသိကြသလို နိုဝင်ဘာလထဲမှာ ကျင်းပမယ်ဆို ၆ လပဲ လိုပါတော့တယ်။ ဒါဟာ အုပ်ချုပ်မှု အစိုးရတရပ်နဲ့ လွှတ်တော်တွေ တစခန်းရပ်တော့မှာပါ။ နောက်လွှတ်တော်သစ်နဲ့ အစိုးရသစ်ကို ရွေးကောက်ပွဲများမှာ ပြည်သူက မဲပေးရွေးချယ် ရတော့မှာပါ။ ဒီအချိန်မှာ တိုင်းပြည်ရဲ့ ခေါင်းဆောင် ဘယ်သူလဲဆိုတာ လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။

မကြာသေးခင်က နေပြည်တော်မှာ ကျင်းပ ပြီးဆုံးခဲ့တဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လေးကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးမှာ လက်ရှိဥက္ကဋ္ဌ သူရဦးရွှေမန်းက ရွေးကောက်ပွဲအောင်နိုင်ရေးကို ဦးစီးသွားမယ်လို့ ကြေညာခဲ့တယ်။ သမ္မတ လုပ်ချင်တယ်လို့ တရားဝင်ပြောထားဖူးတဲ့ သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့လတွေတုန်းက တရုတ်နဲ့ အမေရိကန်ခရီးစဉ်တွေကို သွားအပြီး ကိုယ့်ကိုယ်ကိုယ် ပိုမိုယုံကြည်လာပုံပါ။ အရင် စစ်အစိုးရရဲ့ နံပါတ် ၃ ဖြစ်ခဲ့ဖူးတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းရဲ့ သမ္မတရာထူးနေရာအတွက် ဘယ်လိုဗျူဟာတွေ ခင်းတော့မလဲ၊ စိတ်ဝင်တစား စောင့်ကြည့်ကြရဦးမှာပါ။

ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတာက လက်ရှိသမ္မတ ဦးသိန်းစိန်ပါ။ ဒုတိယအကြိမ် သက်တမ်း ဆက်မသွားတော့ဘူးလို့ တရားဝင် အခုထိ မပြောသေးပေမယ့် မေလ ၄ ရက် လစဉ်ရေဒီယို အသံလွှင့်မိန့်ခွန်းမှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်ရပ်စဲရေးကို ရည်ညွှန်းပေမယ့် ကျနော်တို့ အစိုးရရဲ့ ဦးတည်ချက်ဟာ နောင်တက်လာမယ့်အစိုးရ ဆက်လက်တည်ဆောက်သွားဖို့ အခြေခံအုတ်မြစ်များကို ချန်ထားခဲ့ဖို့လို့ ပြောတာဟာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဆက်လုပ်ဖို့ ဆန္ဒမရှိဘူးလို့ ဆိုလိုတာလား။ ဒီလိုသာဆို လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ ၂ ဦး ကြား ပါတီတွင်း ခေါင်းဆောင်မှု လွန်ဆွဲပွဲ ပြီးဆုံးသွားဟန်ရှိပြီး ဦးရွှေမန်း အတွက် လမ်းပွင့်သွားပုံပါပဲ။

အတိတ်က အရိပ်တွေ

ဦးရွှေမန်းရဲ့ သမ္မတ ရာထူးဆီ သွားရာလမ်းက မလွယ်ပါဘူး။ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲသာ သန့်ရှင်းမျှတခဲ့ရင် အာဏာရကြံ့ခိုင်ရေးပါတီ ခွက်ခွက်လန် ရှုံးလိမ့်မယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ အများအပြားက ယုံကြည်နေပါတယ်။

၁၉၉၃ ခုနှစ်မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးလို့ နိုင်ငံတော်က အထောက်အပံ့ ပေးခဲ့တဲ့ ကြံ့ခိုင်ရေးအသင်းကို စတည်ထောင်ခဲ့တယ်။ ဒီမိုကရေစီဆန့်ကျင်ရေးတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာကြောင့် ၁၉၉၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က လူဆိုးလူမိုက်တွေလို့ ကြံ့ခိုင်ရေးတွေကို ခေါ်ဆိုလိုက်ပြီး ၆ နှစ်အကြာ ဒီပဲယင်းမှာ လူအုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ကားတန်းကို တိုက်ခိုက်ခဲ့တယ်။

၂၀၀၇ သံဃာ့လှုပ်ရှားမှုကို နှိမ်နင်းရာမှာလည်း ကြံ့ခိုင်ရေးတွေ နာမည်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် ဦးသန်းရွှေ အာဏာစွန့်လွှတ်ဖို့ ဖြစ်လာစေခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြံ့ခိုင်ရေးအသင်းဟာ ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်။ အတိုက်အခံ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတာမို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်လို့ အတိုက်အခံ ကြီးကြီးမားမား မရှိခဲ့တဲ့အပြင် မဲစာရင်းရေတွက်ရာမှာ ကြိုတင်မဲတွေ ထည့်သွင်းရေတွက်မှုတွေနဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကျယ် အနိုင်ရခဲ့တယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးတချို့ကို လုပ်ဆောင်လာပေမယ့် နေပြည်တော်က အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ အစိုးရဟာ စစ်တပ်နဲ့ ခရိုနီတွေရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်နေခဲ့တယ်။ လယ်သမား၊ အလုပ်သမားနဲ့ ကျောင်းသားအရေး လှုပ်ရှားသူတွေကို ဖမ်းဆီး ထောင်ချနေတာမို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသာဖြစ်၊ အတိုက်အခံတွေ တောင်ပြိုကမ်းပြို နိုင်မယ်လို့ ပြောနေကြတာပါ။

ကြံ့ခိုင်ရေးမှာ အားသာချက်တွေတော့ ရှိပါတယ်။ ဥပဒေပြုရေးမှာ လူအင်အား အသင့်ရှိသလို အုပ်ချုပ်ရေး ဗျူရိုကရေစီယန္တရားနဲ့လည်း အကျွမ်းတဝင် ဖြစ်တယ်။ ငွေအင်အားတောင့်တင်းပြီး တနိုင်ငံလုံး ကွန်ရက် ဖြန့်ကျက်ထားနိုင်ပါတယ်။ ဒါပေမယ့် ဦးရွှေမန်း ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲမှာ မျက်နှာမပျက်ရေး၊ မဲရရှိရေးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်လည်း မှီတည်နေပါတယ်။

ဦးရွှေမန်းကို NLD ထောက်ခံမလား

သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၄ တလျှောက်လုံး နိုင်ငံရေးအရ ဆက်ဆံရေး အတော် ကောင်းမွန်အောင် နေလာခဲ့ပြီး ၂၀၁၅ အလွန် နိုင်ငံရေးမှာ ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)တို့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းသွားနိုင်မယ်ဆိုတဲ့ လမ်းကြောင်းကို ပုံဖော်နေခဲ့တယ်။ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဦးရွှေမန်း ပြောခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ လာမယ့် ရွေးကောက်ပွဲမှာ နိုင်ရင်တောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါ။ ဦးရွှေမန်းက ဖွဲ့စည်းပုံကို ပြင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပေးသင့်တယ်လို့ ၂၀၁၄ တုန်းက ပြောဖူးပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်နိုင်ဖွယ် မရှိဘူးလို့ မေလ ၂ ရက် အမေရိကခရီးစဉ်မှာ လက်ရှိ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးရွှေမန်းက ဆိုခဲ့တာကြောင့် ရွေးကောက်ပွဲအပြီး ခေါ်ယူကျင်းပမယ့် လွှတ်တော်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အဆိုတင်သွင်းလို့ မရဘူးဆိုတာ ပိုသေချာသွားပါပြီ။

ဖွဲ့စည်းပုံကို ရွေးကောက်ပွဲ မတိုင်မီ ပြင်ဖို့ ဖိအားပေးမှုအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စဉ်းစားနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပေမယ့် ရွေးကောက်ပွဲမှာ နေရာအများစုနဲ့ NLD နိုင်ရင် ဥပဒေ ပြုရေးလုပ်ငန်းစဉ်မှာလည်း နိုင်ငံရေးဩဇာ ရှိသွားပါပြီ။ ဒါ့အပြင်  နောက်အစိုးရကို ဦးဆောင်ဖွဲ့ရမယ့် သမ္မတလောင်းဟာ NLD နဲ့ အပေးအယူ အကြီးအကျယ် လုပ်ရပါမယ်။ ဒါ့ကြောင့် NLD ဟာ ရွေးကောက်ပွဲကို သပိတ်မမှောက်သင့်ဘူးဆိုတဲ့ ယူဆချက်ကလည်း အခိုင်အမာ ရှိနေပါတယ်။

ဒါဆို ဦးရွှေမန်းကို သမ္မတရာထူး ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ခိုင်ရေးပါတီက အဆိုတင်သွင်းမှုကို ထောက်ခံမလား။ ဒီမိုကရေစီပါတီက စစ်ဗိုလ်ချုပ်ဟောင်းတယောက်ကို ထောက်ခံလိုက်မယ်ဆို မဲဆန္ဒရှင်တွေအပေါ် သစ္စာပျက်ယွင်းရာကျတယ်လို့ မြင်သူတွေ ရှိသလို NLD လိုလားနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်လာစေပြီး ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် သမ္မတ ဖြစ်လာနိုင်စေရေးမှာ အရေးပါတဲ့ အပေးအယူတခု ဖြစ်နိုင်တယ်လို့ မြင်နေသူတွေလည်း ရှိပါတယ်။

ရွေးကောက်ပွဲ မလိုတဲ့ တပ်ကိုယ်စားလှယ်

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်စရာ မလိုသေးဘဲ သစ္စာစောင့်သိကြရမယ်လို့ တိုက်တွန်းနေတာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။ ဒါဟာ ဖွဲ့စည်းပုံက အာမခံထားတဲ့  လွှတ်တော်တွေမှာ ၂၅ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ်တွေကို စေလွှတ်ခန့်ထားနိုင်မှု၊ ဖွဲ့စည်းပုံပြောင်းလဲရေးမှာ ကာချုပ်မှာ ဗီတိုအာဏာရှိနေမှု၊ ကာကွယ်ရေး နိုင်ငံခြားရေး ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး ဝန်ကြီးတွေကို တပ်မတော်က ထိန်းချုပ်ထားမှုတို့ကို တပ်က အလွယ်တကူ မစွန့်လွှတ်ဘူးလို့ ပြောတာပါပဲ။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလွန်ယုံကြည်သူလို့ သတင်းထွက်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မကြာခင် အငြိမ်းစားယူရတော့မှာဖြစ်ပြီး လွှတ်တော်ထဲမှာ တပ်မတော်ကိုယ်စားလှယ်တွေက သမ္မတရာထူးအတွက် အဆိုတင်သွင်းလာနိုင်တယ်လို့ တွက်ဆမှုတွေလည်း ပေါ်ထွက်နေပါတယ်။ ဒါပေမယ့် သမ္မတဖြစ်ဖို့ဆို တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ မဲနဲ့တင် မလုံလောက်ပါဘူး၊ တိုင်းရင်းသားပါတီတွေအပါအဝင် အခြားနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ လိုပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ၆ လအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံရေးမဟာမိတ်တွေကို စည်းရုံးဖို့ လိုပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLDနဲ့ နိုင်ငံရေးမူဝါဒအရ ဝေးကွာလွန်းနေတဲ့အပြင် ပြည်တွင်းစစ်မှာ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားခဲ့ရတဲ့ တိုင်းရင်းသားဒေသက ကိုယ်စားလှယ်တွေကိုရော စွဲဆောင်နိုင်ပါ့မလား။ အခုထက်ထိ နိုင်ငံရေးပါတီတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီက နိုင်ငံရေးအရ အနှစ်သာရရှိတဲ့ ကမ်းလှမ်းချက်မျိုး ပေးတာ မတွေ့ရသေးပါဘူး။

ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ကြား သွေးစည်းညီညွတ်မှုကလည်း တဖြည်းဖြည်း ပြေလျော့သွားနေပုံပါ။ ဦးရွှေမန်းဦးစီးတဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့ တပ်မတော်နဲ့ ခပ်ခွာခွာ ဖြစ်လာနေခဲ့ပြီး လွတ်လပ်တဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းအဖြစ် အသွင်ပြောင်းနေပါတယ်။ ကြံ့ခိုင်ရေးပါတီဟာ အရင်လို ဗိုလ်ချုပ်တွေ တပ်ကထွက်ရင် ပါတီခေါင်းဆောင်တွေ ဖြစ်၊ ရွေးကောက်ပွဲ ဝင်၊ လွှတ်တော်အမတ် သို့မဟုတ် အစိုးရဝန်ကြီး ဖြစ်ဆိုတဲ့ အများသဘောပေါက်သလို မဟုတ်တော့ဘူးလို့ ပြောနေပါတယ်။

“ဒီအတိုင်း တပ်မတော်သားတွေကို ဆွဲထည့်လိုက်မှာ မဟုတ်ဘူး။ အောင်နိုင်မယ့် နေရာမှာ အောင်နိုင်မယ့် သူကိုပဲ ဆွဲထည့်မှာ။ တပ်မတော်က ဘယ်လောက်ပဲ ပေးပေး ကျနော်တို့ လက်ခံချင်မှ လက်ခံမှာပေါ့။ ပါတီ ရှိပါတယ်။ ပြည်သူရှိပါတယ်။ အားလုံးချပြပြီးတော့မှ လက်ခံနိုင်တဲ့သူကိုပဲ ရွေးမှာဖြစ်ပါတယ်” လို့ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးသိန်းဆွေက ပြီးခဲ့တဲ့ တနင်္ဂနွေ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ညှိနှိုင်းရေးမှူး ဦးရွှေမန်း

ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ဟာ ခပ်ခွာခွာ နေလာခဲ့ပေမယ့် တပ်မတော်ရဲ့ စိုးရိမ်မှုတွေကို ကြံ့ခိုင်ရေးခေါင်းဆောင်တွေဟာ တပ်ထွက်တွေ ဖြစ်တဲ့အတိုင်း နားလည်သဘောပေါက်ပါတယ်။ အချင်းချင်း တင်းမာမှုတွေကို ဖြေလျှော့နိုင်မယ်လို့ ယုံကြည်ပုံရပါတယ်။ မကြာသေးခင်ကပဲ သူရဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြဖို့ ကိုးကန့်ဒေသ ပုန်ကန်မှုကို နှိမ်နင်းနေရတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို သွားရောက်ခဲ့ရင်း ပြောခဲ့ပါတယ်။

ဒီလို နောက်ခံကားတွေနဲ့ ၂၀၁၅ အလွန် နိုင်ငံရေးဇာတ်ခုံပေါ်မှာ ကြံ့ခိုင်ရေးပါတီဟာ ပူးပေါင်းဆောင်ရွက်ရေး စံပြမဟာမိတ်ကောင်း ဖြစ်တယ်ဆိုတဲ့အနေအထားကို တည်ဆောက်နေပုံပါ။ လွှတ်တော်ထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလတွေနဲ့ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်ဖို့ကို တဖက်က လုပ်ဆောင်ရင်း တပ်မတော်ကိုလည်း တဖက်မှာ ညှိနှိုင်းနားချနိုင်မယ်လို့ ကိုယ်တိုင်လည်း တပ်မတော် ကြည်းရေလေ ညှိနှိုင်းရေးမှူးအပြင် လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်လာခဲ့ဖူးသူ ဦးရွှေမန်း ယုံကြည်နေပါတယ်။

ဒါပေမယ့် ဦးရွှေမန်း သမ္မတဖြစ်လာရင် ခရိုနီတွေနဲ့ သူနဲ့နီးစပ်ရာ လူတစုပဲ ကောင်းစားမှာလို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေ ရှိနေကြတဲ့ ဦးရွှေမန်း၊ ဦးအောင်သောင်းတို့လို ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေကို ဒီဝေဖန်ချက်က အထိနာစေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိတဲ့အတွက် ဦးရွှေမန်း အနေအထားက တဖက်သက် နိုင်ထားပြီးပါပြီ။ အခြေခံကျပြီး အရေးကြီးတာက ဦးရွှေမန်း ရွေးကောက်ပွဲမှာ သန့်သန့်ရှင်းရှင်း အနိုင်ရလာဖို့ပါ။

Did you find apk for android? You can find new Free Android Games and apps.