၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဒေါ်အောင်ဆန်းစုကြည် တရားမဝင် မဲဆွယ်စည်းရုံးမှုဖြင့် တိုင်ကြားခံရ

ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ သတ်မှတ်ရက် မတိုင်ခင် မဲဆွယ် စည်းရုံးမှု ပြုလုပ်သည်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားစာ ပေးပို့ခံထားရကြောင်း သတင်းရရှိသည်။


Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ သတ်မှတ်ရက် မတိုင်ခင် မဲဆွယ် စည်းရုံးမှု ပြုလုပ်သည်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားစာ ပေးပို့ခံထားရကြောင်း သတင်းရရှိသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားသူသည် မန္တလေးတိုင်း၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၀) တွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဋ္ဌာန အငြိမ်းစား ညွှန်ကြားရေမှူးချုပ် ဦးကျော်ဝင်း ဆိုသူ ဖြစ်ပြီး စက်တင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားလာခြင်း ဖြစ်ကြောင်း နေပြည်တော် ကောင်စီနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲ အရာရှိ ဦးကျော်မင်းဇော်က ဧရာဝတီသို့ ပြောသည်။

ဦးကျော်မင်းဇော်က“NLD ကို တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းက စာပို့ထားတာ။ ကျနော် တို့ဆီကိုတော့ မိတ္တူပေး ထားတာပေါ့။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပို့ထားတာပါ။ မဲဆွယ် စည်းရုံးမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့သတ်မှတ်ရက် မဟုတ်ဘဲနဲ့ မဲဆွယ် စည်းရုံးမှု လုပ်နေကြတယ်ဆိုတဲ့ သဘောမျိုးနဲ့ပါ။ NLD ဥက္ကဋ္ဌကို တိုင်ထားတာ”ဟု ပြောသည်။

ဦးကျော်ဝင်းဆိုသူသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် လက်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်အတွက် မဲဆွယ် ပေးနေသူတဦး ဖြစ်သည်ဟု သိရသည်။

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး သတ်မှတ်ရက် စတင်မည့် စက်တင်ဘာလ ၈ ရက်နေ့ မတိုင်ခင် စက်တင်ဘာ ၄ ရက်နေ့က လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် အတွက် မဲပေးရန် စာသားများ ပါဝင်သည့် ထီးနှင့် ယပ်တောင်များဝေ၍ မဲဆွယ်ပေးခဲ့သည်။

ဦးမြင့်လှိုင်ကို ဒက္ခိဏသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးက တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် သက်ဆိုင်ရာ ရဲစခန်းက သက်ဆိုင်ရာ ကော်မရှင်ရုံးသို့ စာတင်ခိုင်းသည့်အတွက် စက်တင်ဘာ ၇ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ စာပို့ထားကြောင်း ဒေါ်သန်းသန်းစိုးက ပြောသည်။

NLD ၏ တိုင်ကြားစာတွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်အတွက် ပစ္စည်းကို အသုံးပြု၍ လာဘ်ပေးခြင်းအား အရေးယူပေးပါရန်ဟု ဖော်ပြထားကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၌ မည်သူမဆို ရွေးကောက်ပွဲများတွင် လူပုဂ္ဂိုလ်တဦး၏ ဆန္ဒမဲ ပေးပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်းမပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်တသိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ကိုယ်စားလှယ်လောင်းများ၏ တရားဝင် မဲဆွယ်ခွင့်သည် ရွေးကောက်ပွဲ မတိုင်ခင် ရက်ပေါင်း ၆၀ အလို စက်တင်ဘာ ၈ ရက်နေ့မှစ၍ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Did you find apk for android? You can find new Free Android Games and apps.