၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲသည် မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်ကြောင်း EU ပြော

EU က စောင့်ကြည့်လေ့လာသည့် မဲရုံ ၅၀၀ အနက် ၉၅ ရာခိုင်နှုန်းသည် "ကောင်းမွန်သည်"၊ "အလွန် ကောင်းမွန်သည်" ဟု EU က အဆင့်သတ်မှတ်ကြောင်း သိရသည်။ "ဒါဟာ တော်တော်မြင့်တဲ့ ကိန်းဂဏန်းဖြစ်ပါတယ်" ဟု အလက်ဇန္ဒား ဂရပ်ဖ် လမ့်ဘ်ဒရော့ဖ် က ဆိုသည်။


ဥပဒေ ချိုးဖောက်မှု အနည်းငယ် ရှိခဲ့သော်လည်း မြန်မာ့ ရွေးကောက်ပွဲသည် အစီအစဉ်တကျဖြစ်ပြီး မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး ဥရောပ သမဂ္ဂ အကြီးအကဲက ပြောဆိုလိုက်သည်။ ယနေ့ ရန်ကုန်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဥရောပ သမဂ္ဂ (EU) ၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြီးအကဲ အလက်ဇန္ဒား ဂရပ်ဖ် လမ့်ဘ်ဒရော့ဖ် (Alexander Graf Lambsdorff) က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

EU က စောင့်ကြည့်လေ့လာသည့် မဲရုံ ၅၀၀ အနက် ၉၅ ရာခိုင်နှုန်းသည် “ကောင်းမွန်သည်”၊ “အလွန် ကောင်းမွန်သည်” ဟု EU က အဆင့်သတ်မှတ်ကြောင်း သိရသည်။ “ဒါဟာ တော်တော်မြင့်တဲ့ ကိန်းဂဏန်းဖြစ်ပါတယ်” ဟု အလက်ဇန္ဒား ဂရပ်ဖ် လမ့်ဘ်ဒရော့ဖ် က ဆိုသည်။

၎င်းက ဆက်လက်၍ “ရွေးကောက်ပွဲက မပြီးသေးပါဘူး၊ မဲတွေက ဆက်ပြီးရေတွက်နေတုန်းပါ၊ နောက်ရလဒ် ထုတ်ပြန်တဲ့အထိ ရွေးကောက်ပွဲလုပ်ငန်းက ဆက်သွားနေရဦးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အလက်ဇန္ဒား ဂရပ်ဖ် လမ့်ဘ်ဒရော့ဖ်က ကြိုတင်မဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု နည်းနေသည့် အတွက် စိုးရိမ်ကြောင်း၊ အနည်းဆုံး လွှတ်တော်အမတ် တနေရာစာမှစ၍ လွတ်တော်ကိုယ်စားလှယ် နေရာအားလုံးကို မဲဆန္ဒရှင်များကသာ ရွေးချယ် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။ လွှတ်တော်သို့ တိုက်ရိုက်ခန့်အပ်သော စစ်တပ်ကိုယ်စားလှယ် ၂၅ ရခိုင်နှုန်းနှင့် ပတ်သက်၍ ရည်ရွယ် ပြောဆိုခြင်းဖြစ်သည်။

လတ်တလောတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ စောင့်ကြည့်ထုတ်ပြန်ချက်များအရ NLD က မဲအသာစီးရနေသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကမူ မဲရလဒ်များကို တဖြတ်စီ ဆက်လက် ကြေညာနေဆဲ ဖြစ်သည်။