၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲ ဆိုင်ရာ ပဋိပက္ခများ ကော်မတီ ၃ ခု ဖြင့် ဖြေရှင်းပေးမည်

၂၀၁၅ ရွေးကောက်ပွဲတွင် ပြဿနာ၊ ပဋိပက္ခများ ပေါ်ပေါက်လာပါက တားဆီးနိုင်ရေးအတွက် ကော်မတီ ၃ ရပ်ဖြင့် အဆင့်ဆင့် ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲတွင် ပြဿနာ၊ ပဋိပက္ခများ ပေါ်ပေါက်လာပါက တားဆီးနိုင်ရေးအတွက် ကော်မတီ ၃ ရပ်ဖြင့် အဆင့်ဆင့် ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းကော်မတီ ၃ ရပ်မှာ နိုင်ငံရေး ပါတီများက ဖွဲ့စည်းထားသည့် ကျင့်ဝတ် လေ့လာစောင့်ကြည့်ရေး ကော်မတီ (CoC Monitoring Committee)၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ စေ့စပ် ညှိနှိုင်းရေး ကော်မတီ (Mediation)နှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ လုံခြုံမှု စီမံခန့်ခွဲမှု ကော်မတီတို့ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားသည်။

UEC အဖွဲ့ဝင် ဦးဝင်းကိုက“၂၀၁၅ ရွေးကောက်ပွဲကို Peaceful Election ဖြစ်ဖို့အတွက် UEC နဲ့ နိုင်ငံတော်က ဖွဲ့စည်း တည်ထောင်ထားတဲ့ ကော်မတီ ၂ ရပ် ရှိသလို တဖက်က နိုင်ငံရေးပါတီများကလည်း ကော်မတီ ဖွဲ့စည်းပြီး လုပ်ဆောင်နေတာ တွေ့ရတဲ့အတွက် ဒီကော်မတီ ၃ ခုက တူညီတဲ့ ရည်မှန်းချက်ကို အားကောင်းကောင်းနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ရှုမြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းပေးရန် နိုင်ငံရေးပါတီများ ဖွဲ့စည်းထားသည့် ကော်မတီ ပေါ်ပေါက်လာပုံမှာ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ ရေးဆွဲနေရာမှ ထိုအဖွဲ့အစည်းများ ပူးပေါင်း၍ ကျင့်ဝတ် လေ့လာစောင့်ကြည့်ရေး ကော်မတီအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု ယင်းကော်မတီ အဖွဲ့ဝင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောသည်။

ယင်းကော်မတီအနေဖြင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်သော်လည်း CoC အား လိုက်နာခြင်း ရှိ/မရှိကို ပါတီအများစု၏ သဘောဆန္ဒဖြင့် ဆုံးဖြတ်ရမည်ဖြစ်ကာ လိုအပ်ပါက ပူးတွဲကြေညာချက်များ ထုတ်ပြန် တောင်းဆိုနိုင်ကြောင်း ဦးမျိုးညွန့်က ပြောသည်။
CoC ကော်မတီ အဖွဲ့ဝင် ကရင် ပြည်သူ့ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဒစ်ဆင်ထွန်းလင်းက “ကျင့်ဝတ်ဟာ တရားဥပဒေအရ ချည်နှောင်ထားခြင်း မရှိပေမယ့် မှန်ကန် တိကျပြီး လုံလောက်တဲ့ ပဋိပက္ခ စီမံခန့်ခွဲတဲ့ အပျော့စား ကိရိယာတခု ဖြစ်ပါတယ်။ ကျင့်ဝတ် လေ့လာစောင့်ကြည့်ရေး ကော်မတီဟာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေကို တရားဝင် ဥပဒေကြောင်းအရ ဆောင်ရွက် ခြင်းထက် ငြိမ်းချမ်းစွာ ဖြေရှင်းရန် စုပေါင်းပြီး ပါတီစုံ ဆွေးနွေးဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီများ ပူးပေါင်းဖွဲ့စည်းထားသည့် CoC အဆင့်ဖြင့် ညှိနှိုင်းဆောင်ရွက်၍ မရသည့်အခါ ဒုတိယ အဆင့် အနေဖြင့် UEC က ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ စေ့စပ် ညှိနှိုင်းရေး ကော်မတီ (Mediation) သို့ တင်ပြနိုင်ကြောင်း သိရသည်။

Mediation ကော်မတီ (ဗဟို) တွင် UEC အဖွဲ့ဝင်များသာမက လွှတ်တော် ကိုယ်စားလှယ် အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေး ပါတီ ၁၀ ခုမှ ကိုယ်စားလှယ်များ ပါဝင်ပြီး တိုင်းနှင် ပြည်နယ် အဆင့်ဆင့်တွင်လည်း ဖွဲ့စည်းထားကြောင်း၊ Mediation ကော်မတီသည် ရွေးကောက်ပွဲ ဥပဒေများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အထူး အလေးထား ဆောင်ရွက်ကြောင်း ဦးဝင်းကိုက ရှင်းပြသည်။

ဦးဝင်းကိုက “ရွေးကောက်ပွဲပြစ်မှုနဲ့ ပတ်သက်လို့ Mediation ကော်မတီကို တက်လာရင် ဖြေရှင်းပေးလို့ ပြေလည်သွားရင် အိုကေ။ အရပ်ဘက်လိုပြောရင် နှစ်ဘက်စလုံးက ပြန်ရုပ်သိမ်းသွားတဲ့ သဘောပေါ့။ မအိုကေဘူး ဆိုရင်တော့ ချိုးဖောက်သူကို မကျေနပ်တဲ့သူက တိုင်ပါ။ တိုင်မယ်ဆိုရင် ရဲအရေးပိုင် အမှုဆိုရင် ရဲစခန်းကို သွားတိုင်။ ရဲစခန်းက လက်ခံဖို့အတွက်လည်း အန်ကယ်တို့ Mediation ကော်မတီက အကြောင်းကြား ပေးမယ်။ အဲဒီအခါ ရဲက ‘ဟင့်အင်း’ လုပ်လို့ မရတော့ဘူး”ဟု ပြောသည်။

နောက်ဆုံးအဆင့်အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးမည့် ရွေးကောက်ပွဲ လုံခြုံမှု စီမံခန့်ခွဲရေးကော်မတီ်မှာ ကော်မရှင် ဥက္ကဋ္ဌ၏ ပြည်ထောင်စု အစိုးရကို တင်ပြချက်အရ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ ဥက္ကဋ္ဌများ အဖွဲ့ဝင်အဖြစ် ပါဝင်ကာ အောက်ခြေ ရပ်/ကျေး အထိ အဆင့်ဆင့်ဖွဲ့ စည်းထားသည့် ကော်မတီ ဖြစ်သည်။

ယင်းကော်မတီအနေဖြင့် ရွေးကောက်ပွဲ ကာလအတွင်း တခြားသော တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဦးတည် ဆောင်ရွက်သည့်အပြင် ရွေးကောက်ပွဲနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်လာသည့် ရွေးကောက်ပွဲ ပြစ်မှုများကိုလည်း ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က “ပါတီအချင်းချင်းဖြစ်တဲ့ ပြဿနာက ဥပဒေကြောင်း အရဆိုရင် ရဲကို အမှု စွဲတယ်။ ရွေးကောက်ပွဲ ကိစ္စဆိုရင် ကော်မရှင်ကို တင်ပြတယ်။ တိုင်ကြားတယ်။ ပါတီတခုချင်း လုပ်တဲ့ အလုပ်ပေါ်မှာ တည်တယ်။ ဒီဆွေးနွေးတာတွေက ဆွေးနွေးတာပဲ ရှိတယ်။ မထိရောက်ဘူး။ ကျနော်တို့ ဘာသာ ကျနော်တို့ လုပ်တယ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲပဲ” ဟု ပြောသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုများကို နိုင်ငံရေးပါတီများက စက်တင်ဘာ ၈ ရက်တွင် စတင် လုပ်ဆောင်နေကြပြီဖြစ်ပြီး ပါတီများ အချင်းချင်းအကြား အပြန်အလှန်တိုင် ကြားမှုများလည်း ရှိနေကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.