၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲ မျှတမှု မရှိသော်လည်း များစွာ လွတ်လပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာပြည်သူများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးဂုဏ်ပြုခဲ့သည်။ “အချိန်တွေပြောင်းခဲ့ပါပြီ။ ပြည်သူတွေလည်း ပြောင်းလဲခဲ့ပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


၂၀၁၅ ရွေးကောက်ပွဲသည် မျှတမှု မရှိသော်လည်း များစွာ လွတ်လပ်မှုကြောင်း၊ ခြိမ်းခြောက်မှုရှိခဲ့သည့် နေရာများ ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် ဘီဘီစီ သတင်းဌာနနှင့်အင်တာဗျူးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် အောင်မြင်မှုကြီးမားစွာ ရရှိလိမ့်မည်ဟု အများစုက ခန့်မှန်းထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဖြစ်မလာနိုင်ပါ။

သမ္မတ တဦး ရွေးချယ်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ တယောက်ရှာမှာပါ။ ဒါပေမယ့် အဲဒါက အနိုင်ရပါတီရဲ့ ခေါင်းဆောင်အနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာအတား အဆီးမဖြစ်နိုင်ပါဘူး” ဟု BBC သို့ ပြောကြားခဲ့သည်။ သမ္မတရွေးချယ်ရေးကို ဖေဖော်ဝါရီလ အထိပြုလုပ်နိုင်ဦးမည် မဟုတ်ဟုယူဆရသည်။

မြန်မာပြည်သူများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးဂုဏ်ပြုခဲ့သည်။ “အချိန်တွေပြောင်းခဲ့ပါပြီ။ ပြည်သူတွေလည်း ပြောင်းလဲခဲ့ပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် အထွေထွေ ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည်။ အစောပိုင်း ရရှိသည့် ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ထုတ်ပြန်သော တရားဝင်ရလဒ်များ သိရှိရန် ရက်များစွာ ကြာမြင့်ဦးမည်ဖြစ်သည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကမူ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ရလဒ်များကို ထုတ်ပြန်ပေးရန် ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်ဆွဲနေသည်ဟု စွပ်စွဲလိုက်သည်။ “သူတို့က မရိုးမသားလုပ်ဖို့ ကြိုးစားနေတာ” ဟု သူကပြောသည်။