၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲ အကြိုကာလ NLD ပါတီဝင်များ အတိုက်ခိုက်ခံရမှု ပိုများလာ

ကျနော်တို့ပါတီက တိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာလည်း အန်ကယ်တို့ဘက်က စပြီး ကျူးလွန်တာတွေ ဘာတွေမရှိဘူး။ ခံရတဲ့ဘက်ကချည်းပဲ။


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလအတွင်း အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှု ပိုမိုများပြားလာကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ၏ တရားဝင် မဲဆွယ် စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်မှစ၍ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၆၀ အထိ ခွင့်ပြုထားရာ မဲဆွယ်စည်းရုံးရေး စသည့်နေ့မှစ၍ NLD ပါတီဝင်များ စတင် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း NLD ပါတီ အသိုင်းအဝိုင်းက ပြောသည်။

NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က “ကျနော်တို့ပါတီက တိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာလည်း အန်ကယ်တို့ဘက်က စပြီး ကျူးလွန်တာတွေ ဘာတွေမရှိဘူး။ ခံရတဲ့ဘက်ကချည်းပဲ။ ကော်မရှင်ရုံးကိုလည်း အကြောင်းကြားထားတယ်။ ရဲကိုလည်း အမှုဖွင့်ထားတယ်။ ဒါပေမယ့် အမှုက ဘယ်ရောက်မှန်း မသိဘူး။ တရားဥပဒေစိုးမိုးမှု အားနည်း တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

သို့သော် NLD ပါတီ ကိုယ်စားလှယ်လောင်းနှင့် ပါတီဝင်များ တိုက်ခိုက်ခံရမှု အမှုပေါင်း တနိုင်ငံလုံးတွင် မည်မျှရှိသည်ကိုမူ NLD က အတည်ပြုချက် မပေးနိုင်ပါ။

NLD ပါတီဝင်များ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်များတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင်၊ ချီဖွေမြို့နယ်ရှိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDAK) ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း ထိန်းချုပ်ထားသော ကချင် အထူးဒေသ (၁) နယ်မြေတွင် မဲဆွယ် စည်းရုံးရေး လုပ်နေသည့် NLD မှ ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ ရိုက်နှက်ခံရပြီး ပစ္စည်းများ ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့သည်ဟု ချီဖွေမြို့နယ် NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးက ပြောသည်။

ဦးကျော်ကျော်ဦးက “ဒီနယ်မြေဟာ မင်းတို့အတွက် နေရာမဟုတ်ဘူး။ မထွက်သွားဘူးဆိုရင် ကားကို မီးရှို့မယ်ပေါ့။ သေနတ်နဲ့ ပစ်သတ်မယ်၊ အားလုံး သတ်ပစ်မယ်ဆိုတော့ ကျနော်တို့ ည ၉ နာရီလောက်မှာ အဲဒီကနေ ထွက်ခဲ့ရတာပေါ့။ လုံး၀ တရားဥပဒေစိုးမိုးမှု မရှိဘူး” ဟု ပြောပြသည်။

ကချင်အထူးဒေသ (၁) နယ်မြေ၊ ကန်းဖန့် ကျေးရွာတွင် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရန် ပြင်ဆင်နေစဉ် အကြမ်းဖက် ရိုက်နှက်ခံရမှုကြောင့် NLD ပါတီဝင် ၂၀ ဦးခန့် ဒဏ်ရာများ ရရှိကာ ပစ္စည်းတန်ဖိုး သိန်း ၃၀ ခန့် ဖျက်ဆီးခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်အား အောက်တိုဘာ ၁၄ ရက်က ချီဖွေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး ယနေ့အချိန်အထိ မဲဆွယ်စည်းရုံးရေး မပြုလုပ်ရသေးကြောင်း ဦးကျော်ကျော်ဦးက ဆက်လက် ရှင်းပြသည်။

အောက်တိုဘာ ၁၄ ရက်က မန္တလးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံးနေသည့် NLD ကိုယ်စားလှယ်လောင်းများကို အမျိုးသားတဦးက ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပျော်ဘွယ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးအေးချိုက ပြောသည်။

ပျော်ဘွယ်မြို့နယ်၊ သနပ်ခါးတောရွာမှ အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦးသည် NLD ပါတီဝင်များ ရွာအတွင်းသို့ ဝင်မလာရန် တားမြစ်ပြောဆို၍ တုတ်ဖြင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ပါတီဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဦးအေးချိုက ရှင်းပြသည်။
ထို့အပြင် မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာအုပ်စု သစ်စိမ့်ကုန်း ကျေးရွာတွင် ကျင်းပသည့် NLD မဲဆွယ် စည်းရုံးရေး ခရီးစဉ်ကို လိုက်ပါ ပို့ဆောင်သည့် ပါတီဝင် လူငယ်တဦးကို လူ ၃ ဦးက ရိုက်နှက်ကာ သုသာန်အတွင်း ပစ်ထားမှု၊ NLD ကိုယ်စားလောင်းများ မင်္ဂလာဒုံမြို့နယ်တွင် မဲဆွယ်နေစဉ် ပါဝင်သည့် လူငယ်နှစ်ယောက် ဓားထိုးခံရမှု၊ နေပြည်တော် ဒက္ခိဏသီရိတွင် မဲဆွယ် စည်းရုံးနေစဉ်  NLD ပါတီဝင်တချို့ လေးခွနှင့် အပစ်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ပြောသည်။

နိုင်ငံရေးပါတီများအတွက် ပြဿနာများ ဖြေရှင်းပေးရန် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး ဆပ်ကော်မတီ ရှိကြောင်း၊ ကိုယ်စားလှယ်လောင်းများ လုံခြုံရေးနှင့် ပတ်သက်၍ တာဝန်ယူပေးရမည်ဟု ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ များတွင် ပြဋ္ဌာန်းထားခြင်း မရှိကြောင်း UEC မှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ဧရာဝတီသို့ ပြောသည်။

ဦးစိုင်းကျော်သူက “အဲဒီတော့ ရွေးကောက်ပွဲ အောင်မြင်ရန် ကျင်းပနိုင်ရန်အတွက် ဆိုရင်တော့ လိုအပ်တဲ့ အကူအညီတွေကို သက်ဆိုင်ရာ ဌာနများနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်သည်လို့ပဲ ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ လုံခြုံရေးနဲ့ ဆိုင်တယ်ဆိုရင် ပြည်ထဲရေးနဲ့ပဲ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပဲ ပြောလို့ရပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ NLD ပါတီဝင်များ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှုများကို မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူသင့်ကြောင်း၊ ထိုသို့ အရေးမယူနိုင်ပါက တရားဥပဒေ စိုးမိုးမှုမရှိခြင်းကို ပြသနေပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သူ ဒေါက်တာ သောင်းထွန်းက ပြောသည်။

ဒေါက်တာ သောင်းထွန်းက “ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်ဆိုတဲ့ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ အနေအထား ဖြစ်ပါတယ်။ အခုလိုမျိုး အကြမ်းဖက်မှုတွေကို မတားဆီးနိုင်ဘူး။ ဥပဒေ စိုးမိုးမှု မရှိဘူး။ ဥပဒေ သက်ရောက်မှု မရှိဘူးဆိုလို့ရှိရင် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက အဲဒီလို သုံးသပ်ချက်တွေနဲ့ နိဂုံးချုပ်နိုင်ပါ တယ်” ဟု ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးပါတီများက ဖွဲ့စည်းထားသည့် ကျင့်ဝတ် လေ့လာစောင့်ကြည့် ရေးကော်မတီ (CoC Monitoring Committee)၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဖွဲ့ စည်းထားသည့် ရွေး ကောက်ပွဲ စေ့စပ်ညှိနှိုင်းရေး ကော်မတီ (Mediation) နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲလုံခြုံမှု စီမံခန့်ခွဲမှု ကော်မတီများရှိသော်လည်း လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်းတွင် အားနည်းကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

Did you find apk for android? You can find new Free Android Games and apps.