၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ဥရောပသမဂ္ဂ စေလွှတ်မည်

ရွေးကောက်ပွဲကို သရုပ်ခွဲဆန်းစစ်သူ ၉ ဦး၊ ရွေးကောက်ပွဲ ကာလတို စောင့်ကြည့်မည့်သူ ၆၂ ဦးနှင့် ကာလရှည် စောင့်ကြည့်မည့်သူ ၃၀ ဦးတို့ အသီးသီး ပါဝင်


ဥရောပသမဂ္ဂ (EU) သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ ဖိတ်ကြားချက်အရ အဖွဲ့ဝင် ၁၀၁ ဦး ပါဝင်သည့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ကို မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် စေလွှတ်ပေးမည်ဟု စက်တင်ဘာလ ၂၉ ရက် နေ့က ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ (Election Observation Mission- EOM) တွင် ရွေးကောက်ပွဲကို သရုပ်ခွဲဆန်းစစ်သူ ၉ ဦး၊ ရွေးကောက်ပွဲ ကာလတို စောင့်ကြည့်မည့်သူ ၆၂ ဦးနှင့် ကာလရှည် စောင့်ကြည့်မည့်သူ ၃၀ ဦးတို့ အသီးသီး ပါဝင်မည် ဖြစ်ပြီး ပထမအသုတ် ရွေးကောက်ပွဲ လေ့လာသူ ၉ ဦးသည် ၂၆ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဖွဲ့၏ ခေါင်းဆောင်အဖြစ် ဥရောပ ပါလီမန်၏ ဒုတိယ ဥက္ကဋ္ဌ အလက်ဇန်းဒါး ဂရက်ဖ် လန့်စ်ဒေါ့ဖ်က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့သည် လွတ်လပ်သော အဖွဲ့တခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဖြစ်စဉ်များကို မည်သည့်နည်းနှင့်မျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ဥရောပ သမဂ္ဂ၏ ဒုဥက္ကဋ္ဌ မစ္စတာ ဖက်ဒရစ်ကာ မော့်ဂါရီနီက “ဒီရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခြင်းဟာ မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းအပေါ် ထားရှိထားတဲ့ ဥရောပသမဂ္ဂရဲ့ ကတိကဝတ်တွေကို အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီးတော့ အားလုံးပါဝင်နိုင်တဲ့ အသိုင်းအဝန်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းဟာ တိုင်းပြည်ရဲ့ နောက်ကြောင်း ပြန်မလှည့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကူညီ ဖော်ဆောင်ပေးနိုင်ပါလိမ့်မယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်၏ အဆိုအရ ဥရောပသမဂ္ဂ၏ ဒုဥက္ကဋ္ဌနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ လက်မှတ်ထိုး သဘောတူထားသည့် MOU အရ ကြိုတင်မဲ ကိစ္စများ အပါအဝင် ရွေးကောက်ပွဲ ဖြစ်စဉ်များအားလုံးကို မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း အနှံ့တွင် EOM အဖွဲ့ဝင်များကို စောင့်ကြည့်ခွင့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

EOM အဖွဲ့သည် ရွေးကောက်ပွဲနေ့အပြီး ၄၈ နာရီအတွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးမှ တွေ့ရှိချက်များကို ပဏာမ ကြေညာချက် တစောင်အဖြစ် ထုတ်ပြန်ပေးမည် ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့နှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ မြန်မာနိုင်ငံ အခြေစိုက် သံတမန်များကလည်း ယင်းစောင့်ကြည့်လေ့လာရေး အဖွဲ့ကို ကူညီပေးမည် ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ အချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် MOU ထိုးထားသော နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ ၅ ဖွဲ့မှာ အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) ၏ Carter Centre ဖောင်ဒေးရှင်း၊ ဥရောပ သမဂ္ဂ၏ EOM အဖွဲ့၊ အမေရိကန်နိုင်ငံ အခြေစိုက် International Republican Institute ၊ နယ်သာလန် နိုင်ငံ အခြေစိုက် Gender Concern International ၊ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် National Citizen Movement for Free Elections – NAMFREL အဖွဲ့တို့ ဖြစ်သည်။

ဆက်လက်ပြီး အာဆီယံ နိုင်ငံတချို့မှ တခြား ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့များကိုလည်း ထပ်မံ ဖိတ်ခေါ်ရန် ရှိသေးကြောင်း သိရှိရသည်။

၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGO များ၊ ပြည်တွင်း/ပြည်ပ အရပ်ဖက် အဖွဲ့အစည်းများက ဘက်ပေါင်းစုံမှ စောင့်ကြည့်လေ့လာသွားရန် အစီအစဉ်များလည်း ရှိနေသည်ဟု သိရသည်။

ယင်းကဲ့သို့ နိုင်ငံတကာ အကူအညီများ ရှိနေသော်လည်း တဖက်တွင် ရွေးကောက်ပွဲ၏ အရေးကြီးသော အစိတ်အပိုင်း တခု ဖြစ်သည့် မဲစာရင်းတွင်ပင် အမှားအယွင်းများစွာ ရှိနေခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။