fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ပြောင်းလဲရန် ကွန်မြူနစ်စနစ်သာ ကျန်ဟု ပြောဆိုမှု သမ္မတ ဦးသိန်းစိန် ဝေဖန်ခံရ

- ပြည်တွင်းမှာ အင်အားမရှိတော့တဲ့ ဗကပ နဲ့ ပြည်သူကို ခြိမ်းခြောက်ပြီး အုပ်ချုပ်ခဲ့တာ ၁၉၈၈ ကတည်းကပါပဲ။ ဓာတ်ပြားဟောင်း ပြန်ဖွင့်ကြည့်တဲ့ သဘောပါပဲ။ ဒါပေမယ့် ခေတ်တွေ ပြောင်းကုန်ပါပြီ။ အဲဒီ သီချင်းဟောင်းကြီးကို လူတွေ နားမထောင်ကြတော့ဘူးဗျ


Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအား တပ်မတော်အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲပြီးဖြစ်သည့်အတွက် နောက်ထပ် ပြောင်းလဲရန်မှာ ကွန်မြူနစ်စနစ်သာ ကျန်ရှိတော့ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ရာ ဝေဖန်မှုများ ခံနေရသည်။

ယမန်နေ့ကပြုလုပ်သည့် ငပုတောမြို့နယ်၊ ဥသျှစ်ကွင်းကျေးရွာ၌ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစိန်က “တပ်မတော်အစိုးရ အုပ်ချုပ်တဲ့ စနစ်ကနေပြီးတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အစိုးရစနစ်နဲ့ လွှတ်တော်တို့ အစိုးရတို စသည်အားဖြင့် ဒီစနစ်နဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို ကျနော်တို့ ပြောင်းပြီးပြီ။ နောက်ထပ် ဘာမျိုးများ ပြောင်းချင်သေးလဲ။ နောပ်ထပ် ပြောင်းဖို့ကတော့ တခြားမရှိဘူး။ ကွန်မြူနစ်ပဲ ရှိတော့တယ်” ဟု ပြောဆိုခဲ့သည်။

၎င်း၏ သမ္မတ သက်တမ်းတလျှောက် မွေးရပ်ဇာတိ ငပုတောဒေသသို့ ဒုတိယအကြိမ် လာရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက သမ္မတပုံပါ ပြက္ခဒိန်များ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။ သမ္မတဦးသိန်းစိန်က ငပုတောမြို့မှ ရှပ်ပြေးရေယာဉ်ဖြင့် ဥသျှစ်ကွင်း ကျေးရွာသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံဟောပြောခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲ ကြွေးကြော်သံဖြစ်သည့် “ပြောင်းလဲချိန်တန်ပြီ” ဟူသည့် စကားရပ်အပေါ်ကိုလည်း မေးခွန်းထုတ်ခဲ့သည်။

“ကျနော်တို့က ပြည်သူအများလိုလားတဲ့ ဒီမိုကရေစီစနစ် ပြောင်းပြီးပြီ။ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲ။ ကျနော်တို့က ပြောင်းပြီးပြီ။ ပြောင်းပြီးတဲ့စနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် ဆက်ပြီးတော့ ကျနော်တို့ လုပ်သွားပေးမယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သည့် ကိုရဲမင်းဦးက “ကွန်မြူနစ်အစိုးရတွေဖြစ်တဲ့ တရုတ်၊ ဗီယက်နမ်နဲ့ မြောက်ကိုရီးယားတွေနဲ့ ပလဲနံပ သင့်လွန်းတဲ့ သူတွေက ပြည်တွင်းမှာ အင်အားမရှိတော့တဲ့ ဗကပ နဲ့ ပြည်သူကို ခြိမ်းခြောက်ပြီး အုပ်ချုပ်ခဲ့တာ ၁၉၈၈ ကတည်းကပါပဲ။ ဓာတ်ပြားဟောင်း ပြန်ဖွင့်ကြည့်တဲ့ သဘောပါပဲ။ ဒါပေမယ့် ခေတ်တွေ ပြောင်းကုန်ပါပြီ။ အဲဒီ သီချင်းဟောင်းကြီးကို လူတွေ နားမထောင်ကြတော့ဘူးဗျ” ဟု ဆိုသည်။

လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင်လည်း သမ္မတ ဦးသိန်းစိန်၏ ပြောဆိုချက်အပေါ် ဝေဖန်ခဲ့ကြသည်။

တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာ ညိုညိုသင်းက “သမ္မတ ဦးသိန်းစိန်က ဘယ်လို ရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုတာတော့ ကျမ စဉ်းစားလို့ မရဘူး။ ပြောတဲ့သူပဲ သိလိမ့်မယ်” ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်က ၎င်းတို့အစိုးရ၏လုပ်ဆောင်ချက်အပေါ် အမွှန်းတင်ပြောဆိုခဲ့သည်။ “ကျနော်တို့လိုပဲ တချိန်တည်းမှာ ဒိမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ အာရပ်နိုင်ငံတွေ၊ မွတ်စလင်နိုင်ငံတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဒီကနေ့အထိ ဒီမိုကရေစီစနစ်ကို မပြောင်းနိုင်ဘဲ နေ့စဉ်နဲ့အမျှ သွေးထွက် သံယိုမှုတွေ၊ ဗုံးတွေ၊ မိုင်းတွေ နေ့စဉ်ကွဲနေ၊ နေ့စဉ် တိုက်ပွဲတွေဖြစ်နေတယ်။ တိုင်းပြည်တွေက ပျက်နေပြီ။ လူတွေ သိန်းနဲ့ချီပြီး ထွက်ပြေးနေရတယ်။ ကျနော်တို့ကတော့ တလှမ်းချင်း သတိထားပြီးတော့ ပြောင်းလဲ နိုင်ခဲ့လို့ ဒီမိုကရေစီစနစ်ကို သွေးထွက်သံယို မရှိဘဲနဲ့ ပြောင်းလဲနိုင်ခဲ့တယ်” ဟု ဆိုသည်။

တိုင်ပြည်အား ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ရသည်က အခက်ခဲဆုံးဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ငပုတောခရီးစဉ်တွင် ပြောဆိုခဲ့သည်။

“အခုတော့ လက်နက်ကိုင် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်နေတာ အားလုံးသိပါတယ်နော်။ အခု အဖွဲ့ ၁၆ ဖွဲ့ရှိတာမှာ ၈ ဖွဲ့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်ဖို့ဆိုပြီး လက်မှတ်တွေ ထိုးပြီးပြီ။ မကြာခင်မှာ ကျန်တဲ့အဖွဲ့တွေနဲ့ ဆက်ပြီးတော့ထိုးမယ်။ တိုင်းပြည်လုံး သေနတ်သံတွေ ချုပ်ငြိမ်း ပြီးတော့မှ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ နေရထိုင်ရအောင် ငြိမ်းချမ်းရေးကိစ္စကို ကြိုးပမ်းပြီးတော့ လုပ်တာဖြစ်ပါတယ်” ဟု ပြောသည်။

ငပုတောမြို့သို့ လာရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်နှင့်အတူ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်နှင့် ကျောက်တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဝန်ကြီး ဦးအုန်းမြင့်တို့လည်း လိုက်ပါလာခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.