၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မြစ်ကြီးနား မနောကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲ ပြုလုပ်ခွင့်မရ

ကချင်ပြည်နယ် အတွင်း ဒေသ တည်ငြိမ်းချမ်းရေး ပျက်ပြားမည်ကို စိုးရိမ်ရသဖြင့် ဒေါ်အောင်ဆန်း စုကြည်၏ ဟောပြောပွဲကို မနောကွင်းတွင် ကျင်းပခွင့် မပြုနိုင်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က NLD ကို စာပို့ထား


Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် မြစ်ကြီးနားမြို့၊ မနောကွင်း၌ ဟောပြောပွဲ ပြုလုပ်ခွင့် မရကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်းချမ်းရေး ပျက်ပြားမည်ကို စိုးရိမ်ရသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲကို မနောကွင်းတွင် ကျင်းပခွင့် မပြုနိုင်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က NLD ကို စာပို့ထားသည်ဟု သတင်းရရှိသည်။

ကချင်ပြည်နယ် NLD အောင်နိုင်ရေးတာဝန်ခံ ဦးဇော်လွင်က “မနောကွင်းမှာ ခွင့်မပြုဘူးလို့ ကော်မရှင်က စာပို့လာပါတယ်၊ နောက်ထပ် ကချင်ရိုးရာယဉ်ကျေးမှု အားကစားကွင်း တခုမှာတော့ နေရာရပါတယ်၊ ကျနော်တို့ ဟောပြောပွဲကို လုပ်မှာပါ၊ ဖျက်သိမ်းတာမျိုး မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံး ဟောပြောပွဲကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ပြုလုပ်ရန် လျာထားခဲ့သော်လည်း စက်တင်ဘာလ ၃၀ ရက်တွင် ကချင်ပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုကြောင်း စာပို့ခဲ့ပြီးနောက် အဆိုပါ မနောကွင်းကို ရဲအစောင့်များ ချထားကာ သော့ပိတ် ထားလိုက်သည်ဟု သိရသည်။

ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က NLD ကို ပေးပို့သည့် စာထဲတွင် မနောကွင်းမှာ ကချင်ပြည်သူ လူထုတို့ အတွက် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် နေရာတခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက် နှင့် ကချင်တိုင်းရင်းသား ခေါင်းဆောင် ဆမားဒူဝါ ဆင်ဝါးနောင် တို့က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် အထိမ်းအမှတ် ဖြင့် မနောကွင်းတွင် မနောပွဲတော် ကျင်းပခဲ့ကြောင်း၊ မနောကွင်းမှာ ကချင် မျိုးနွယ်စု အားလုံး၏ ရိုးရာအရ အရေးကြီးသည့် မနောပွဲများနှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားများ ကိုသာ ကျင်းပခဲ့သည့် နေရာ ဖြစ်ကြောင်း ရေးသားထားသည်။

ထို့အပြင် ကချင်လူမျိုးတို့၏ အထွဋ်အမြတ် ဖြစ်ပြီး ကချင်မျိုးနွယ်စု ယဉ်ကျေးမှုနှင့် စပ်ဆက်နေသည့် မနောကွင်းကို နိုင်ငံရေး ပါတီများ၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ စည်းရုံးခြင်း၊ ပြည်သူများနှင့် တွေ့ဆုံခြင်း ကိစ္စရပ်များတွင် အသုံးပြုခွင့် ပြုလိုက်ပါက ကချင်မျိုးနွယ်စုများ အကြားတွင် ပြဿနာများ ဖြစ်ပွား လာနိုင်ပြီး ဒေသ တည်ငြိမ်အေးချမ်းမှု ထိခိုက်နိုင်သဖြင့် မနောကွင်းကို မည်သည့်ပါတီ၊ အဖွဲ့အစည်းလူပုဂ္ဂိုလ်ကိုမှ သုံးစွဲခွင့် ပြုမည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဆိုထားသည်။

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်၊ အပိုဒ် (၁၀)၊ အပိုဒ်ခွဲ (င) တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်း သာယာရေးကို ထောက်ရှုပြီး လိုအပ်ပါက ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့် စည်းကမ်းချက်များကို ပြင်ဆင်ခြင်း (သို့) ခွင့်ပြုချက်ကို ရုပ်သိမ်းနိုင်ကြောင်း ပါရှိသည်ဟုလည်း NLD ကို ပေးပို့သည့် စာတွင် ရေးသားထားသည်။

ဦးဇော်လွင်က “တည်ငြိမ်အေးချမ်းမှု ပျက်မယ်ဆိုတာတွေက ခေါင်းစဉ် လျှောက်တပ်တာပါ၊ ကချင် မျိုးနွယ်စု ပေါင်းစုံပါတဲ့ ကချင်ရိုးရာ အဖွဲ့က မနောကွင်းမှာ လုပ်ဖို့ လက်ခံတယ်၊ ဝန်ကြီးချုပ်က ကန့်ကွက်တယ်၊ အခုလည်း ကချင်ရိုးရာ အဖွဲ့ရဲ့ ထောက်ခံစာနဲ့ နောက်ထပ် မနောကွင်းတခုမှာ လုပ်ခွင့်ရတာပါ” ဟု ပြောသည်။

ကချင်ပြည်နယ်၊ NLD အောင်နိုင်ရေးအဖွဲ့က ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးပွဲကို မနောကွင်း အတွင်း ပြုလုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ကလည်း စက်တင်ဘာလ ၂၇ ရက်တွင် ကန့်ကွက်စာ ထုတ်ပြန် ထားသည်ဟု သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းတဦးကမူ ယခင်က မနောကွင်း အတွင်း ပွဲများ ပြုလုပ်ခွင့် ပြုခဲ့သော်လည်း ယခု ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ပြောင်းလာသည့် ၂၀၁၁ ခုနှစ်မှ စ၍ လုံခြုံရေးအရ မည်သည့်ပွဲမှ လက်မခံ တော့ကြောင်း၊ ကချင်ရိုးရာပွဲများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ သာလျှင် ပြုလုပ်ခွင့် ပေးတော့ကြောင်း ဧရာဝတီကို ပြောသည်။

ကချင်ပြည်နယ်၊ မြောက်ပိုင်း (ကချင်အထူးဒေသ ၁၊ ပန်ဝါဒေသတွင်လည်း ကချင်ပြည်သူ့စစ် ခေါင်းဆောင် ဟောင်းဖြစ်သည့် လက်ရှိအမျိုးသားလွှတ်တော် အမတ်လောင်း ဦးစခုန်တိန့်ယိန်းက ကချင် ပြည်နယ်အတွင်းရှိ ၎င်း၏မဲဆန္ဒနယ်မြေ အမှတ် ၅ တွင် NLD ကိုယ်စားလှယ်လောင်းများကို မဲဆွယ် စည်းရုံးမှု လာရောက်မပြုလုပ်ရန် သတိပေးစကား ပြောဆိုထားသည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အောက်တိုဘာလ ၂ ရက်၊ မနက်ပိုင်းတွင် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဟောပြောပွဲ ပြုလုပ်မည် ဖြစ်သည်။

မြစ်ကြီးနားမြို့မှ တဆင့် ဝိုင်းမော်၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မိုးမောက်မြို့ တို့ကို သွားကာ မဲဆွယ် စည်းရုံး ဟောပြောသွားမည်ဟု NLD က ထုတ်ပြန်ကြေငြာထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းတွင် မဲဆွယ်စည်းရုံး ဟောပြောဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.