၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

၀န်ကြီး ဦးကျော်ဆန်း တရုတ်ချေးငွေကိစ္စ ပြောပြီး မဲဆွယ်

ဦးကျော်ဆန်းက မဲဆွယ်စည်းရုံးရေး နောက်ဆုံးရက်ခရီးစဉ်ဖြစ်သည့် ယနေ့တွင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကြိုးကြာဥရွာ၌ ဟောပြော စဉ် ထိုသို့ ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။


Want create site? Find Free WordPress Themes and plugins.

အသေးစား ချေးငွေလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်တွင်း၌ တရားဝင် သတ်မှတ်ထားသော အတိုးနှုန်းထက် သက်သာသဖြင့် တရုတ် နိုင်ငံမှ ချေးငွေများ ချေးယူခဲ့ကြောင်း သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောဆိုသည်။

ဦးကျော်ဆန်းက မဲဆွယ်စည်းရုံးရေး နောက်ဆုံးရက်ခရီးစဉ်ဖြစ်သည့် ယနေ့တွင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကြိုးကြာဥရွာ၌ ဟောပြော စဉ် ထိုသို့ ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

“တရုတ်ဆီကယူရတဲ့ အတိုးနှုန်း ကြီးမကြီး ရှင်းပြမယ်။ တရုတ်ဆီက ယူရတဲ့ အတိုးနှုန်းသည် ငွေတရာ တနှစ်ကို ၄ ကျပ်ခွဲတိုး ဖြစ် ပါတယ်။ ကနေ့ကျနော်တို့နိုင်ငံမှာ တရားဝင် သတ်မှတ်ထားတဲ့ အတိုးနှုန်း ရှိပါတယ်။ အဲ့ဒီအတိုးနှုန်းက ငွေ ၁ ရာ ၁ နှစ် ၁၃ ကျပ်ခွဲ ဖြစ်ပါတယ်။ ကျနော်တိုရဲ့ တရားဝင် အတိုးနှုန်းကိုက ငွေတရာ တနှစ် ၁၃ ကျပ်ခွဲ အတိုး၊ တရုတ်က ချေးယူရတဲ့ အတိုးသည် ငွေ ၁ ရာ ၁နှစ် ၄ ကျပ်ခွဲနှုန်း၊ ၁၃ ကျပ်ခွဲနဲ့ ၄ ကျပ်ခွဲ ဘယ်သူကများတုန်း”ဟုလည်း ဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

ဦးကျော်ဆန်းသည် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် လက်ရှိအာဏရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြု စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးကျော်ဆန်းက ဆက်လက်၍“နောက်တခုက အပြင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်၊ ပြည်သူတွေမှာ အခက်အခဲရှိရင် ငွေ ၁၀၀ ကို ၁၀ တိုး၊ ၈ ကျပ်တိုး၊ ၇ ကျပ်တိုးလည်း ပေးရတယ်။ အနည်းဆုံး ၅ ကျပ်တိုး ရှိတယ်။ အနည်းဆုံးနဲ့ ယှဉ်ကြည့်ရမယ်။ အပြင်မှာယူ ရင် ငွေ ၁၀၀ ကို ၁ လ ၅ ကျပ်နဲ့ ၁ နှစ်ဆိုရင် ၆၀။ ငွေတစ်ရာ ၁ နှစ် ၆၀ တိုး၊ တရုတ်ဆီက ယူရတာ ငွေတရာ တနှစ်မှ ၄ ကျပ်ခွဲ ။ ၆၀ နဲ့ ၄ကျပ်ခွဲ ဘယ်သူကများတုန်း အဲဒီလို ဂဃနဏ ရှင်းပြရင် ကျနော်တို့က လက်ခံဖို့ အသင့်ပါပဲ။ မှန်မှန် ကန်ကန် ပြောရင် ကျနော် တို့က ဝန်ခံဖို့ အသင့်ပါပဲ”ဟု ပြောဆိုသည်။

နိိုင်ငံတကာ ချေးငွေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လက်ရှိ အတိုးနှုန်း အမြင့်ဆုံး ပေးနေရသည်မှာ တရုတ်ချေးငွေများ ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများနှင့် သမ္မတ အကြံပေးများက ပြောဆိုမှုများ ရှိသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ တရုတ်နိုင်ငံသို့ ပေးရန်ရှိသည့် ကြွေးမြီပမာဏမှာ အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ အထိ ရှိနေ ရာ အတိုးနှုန်း ပမာဏမှာ အမျိုးမျိုးကွဲပြားနေပြီး ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက ပြောဆိုထားသည်။

အတိုးနှုန်း အလွန်သက်သာသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်များကဲ့သို့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ဂျပန်နိုင်ငံတို့မှ ချေးငွေမရယူခြင်းနှင့် ပတ်သက်ပြီး ဦးကျော်ဆန်းက “ကျနော်ကိုယ်တိုင် ကမ္ဘာ့ဘဏ်ရော အာရှဘဏ်ရော တာဝန်ရှိတဲ့သူတွေနဲ့ အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေရအောင် ကြိုးစားတယ်။ မရဘူး။ ကျနော်တင် မကဘူး၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ကူညီပြီးတော့ မေတ္တာရပ်ခံ ပေးတယ်။ မရဘူး။ ဘာကြောင့် မရတာလဲဆိုရင် ကမ္ဘာ့ဘဏ်တို့ အာရှဘဏ်တို့ရဲ့ ငွေပံ့ပို့း ပေး တဲ့ စနစ်မှာ တည်ဆောက်ရေး လုပ်ငန်းတွေ အတွက်ပဲ ပေးတယ်။ အခုလို ပြည်သူကို ပြန်ပြီးတော့ အရင်းအနှီးရှိအောင် လုပ်ပေး ရတဲ့ ချေးငွေလုပ်ငန်းအတွက် သူတို့မှာ ပေးတဲ့မူဝါဒ မရှိတဲ့အတွက် မပေးနိုင်ပါဘူး”ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိတင်ရှိနေသည့် နိုင်ငံတကာ ကြွေးမြီပမာဏမှာ ပြီးခဲ့သည့် မေလအထိ အမေရိကန် ဒေါ်လာ ၉.၁၂၉ ဘီလီယံ ရှိနေပြီး ပြည်တွင်းကြွေးမြီပမာဏမှာ ကျပ်ငွေ ၁၀ ဒသမ ၆၁၇ ထရီလီယံ (ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) ကျော် ရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.