၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကြိုတင်မဲပေးရန် လက်ခံခွင့်ပြုနေပြီ ဖြစ်သော်လည်း လာရောက်ပေးသူ နည်းပါး

မဲပြားများ အရည်အသွေးညံ့ခြင်း၊ တံဆိပ်တုံး မင်ထွက်များခြင်းနှင့် တချို့သော မဲလက်မှတ်များတွင် အစွန်းအထင်းများ ရှိနေသည့်အတွက် ပယ်မဲများ ဖြစ်သွားမည်ကို စိုးရိမ်နေကြောင်း ကြိုတင်မဲပေးမှုကို သွားရောက်လေ့လာခဲ့သည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်တချို့က ဧရာဝတီကို ပြောဆိုသည်။


Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း၌ အောက်တိုဘာ ၂၉ ရက်မှ စတင်ပြီး ကြိုတင်မဲပေးရန် လက်ခံခွင့်ပြုနေပြီ ဖြစ်သော်လည်း ယနေ့အချိန်အထိ ကြိုတင်မဲပေးရန် လာရောက်သူ နည်းပါးသေးကြောင်း ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲများက ပြောဆိုသည်။

“အကြောင်း အမျိုးမျိုးကြောင့် မဲရုံကို ဒီနေ့မှ ဖွင့်နိုင်တာ။ အခုအချိန် အထိတော့ ၅ ယောက်ပဲ ရှိသေးတယ်။ အကုန်လုံးက ခရီးသွားမယ့်သူတွေပါ။ ဝန်ထမ်းတဦးတော့ ပါတယ်။ ဒီမနက်မှာလည်း နိုင်ငံရေးပါတီက တာဝန်ရှိသူတွေ လာရောက်ကြည့်ရှု လေ့လာကြတယ်” ဟု ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်ကြည်ကြည်မာက ပြောသည်။

ကြိုတင်မဲပေးရန် လက်ခံခွင့်ပြုနေပြီ ဖြစ်သော်လည်း မဲပြားများ အရည်အသွေးညံ့ခြင်း၊ တံဆိပ်တုံး မင်ထွက်များခြင်းနှင့် တချို့သော မဲလက်မှတ်များတွင် အစွန်းအထင်းများ ရှိနေသည့်အတွက် ပယ်မဲများ ဖြစ်သွားမည်ကို စိုးရိမ်နေကြောင်း ကြိုတင်မဲပေးမှုကို သွားရောက်လေ့လာခဲ့သည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်တချို့က ဧရာဝတီကို ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်ကြည်ပြာက “စပြီး ကြိုတင်မဲပေးတဲ့ နေ့မှာဆိုရင် ကျောက်တံတားမြို့နယ် ၃ ရပ်ကွက်မှာ ဘာပြဿနာရှိလဲဆိုတော့ ပေါင်က လွှတ်တော်အမတ် မမိကွန်ချမ်းက ဒီမှာလာပေးတာ။ လာပေးတဲ့ အခါကျတော့ ပြဿနာက ပိုက်ဆံတွေ အများကြီး သုံးထားတဲ့ ဒီမဲပြားတွေက Quality ညံ့တယ်။ ညံ့တဲ့အပြင် စာအိတ်ကလည်း အညိုရောင်စာအိတ်၊ တကယ့်ကို ကြည့်လိုက်ရင် ပြဲတော့မယ့် ပုံစံမျိုးဖြစ်တယ်” ဟု ပြောသည်။

ကြိုတင်မဲများကို တာဝန်အရ ခရီးသွားရန်ရှိသော နိုင်ငံဝန်ထမ်းနှင့် ပုဂ္ဂလိက ဝန်ထမ်းများသည် ခိုင်လုံသော ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် အောက်တိုဘာ ၂၉ ရက်မှ စတင်စိစစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် ရွေးကောက်ပွဲ သတင်းယူရန်အတွက် နယ်ခရီးထွက်မည့် သတင်းမီဒီယာသမားများသည်လည်း သက်ဆိုင်ရာ မီဒီယာဌာန၏ ထောက်ခံချက်များ ယူလာပါက ယခုရက်အတွင်း ကြိုတင်မဲပေးနိုင်ရန် လုပ်ဆောင်ပေးမည် ဖြစ်သည်ဟု ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဧရာဝတီကို ပြောသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲများတွင် မနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း လာရောက်ပေးနိုင်ပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်၌ မိမိဆန္ဒပြုလိုသည့်အတိုင်း တံဆိပ်တုံးထုကာ မဲပေးကြရမည်ဖြစ်ကြောင်း ဦးကိုကိုက ဆက်ပြောသည်။

မဲရုံသို့ ကိုယ်တိုင် မလာရောက်နိုင်သည့် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်အတွက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ မတိုင်မီ နိုဝင်ဘာ ၆ ရက်နှင့် နိုဝင်ဘာ ၇ ရက်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင် နှစ်ဦးအား စေလွှတ်ပြီး ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံမဖွင့်မီ ပုံစံ (၁၃) နှင့်တကွ အပ်နှံလာသော ကြိုတင်ဆန္ဒမဲများမှအပ မဲရုံသို့ နောက်ကျရောက်ရှိလာသည့် ကြိုတင်ဆန္ဒမဲများအား ပယ်မဲအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲ ပေးလိုသော ကျောင်းသား၊ သင်တန်းသား၊ အချုပ်ခံ နေရသူများ၊ ဆေးရုံတက်ရောက်နေရသော အတွင်းလူနာများ၊ တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသူများသည် သက်ဆိုင်ရာ ဌာနအကြီးအမှူး၊ တပ်မှူး၊ သံအမတ်ကြီးနှင့် သံရုံးတာဝန်ခံတို့က စီစဉ်ပေးသည့် နေ့ရက်နှင့် နေရာ၌ ဆန္ဒမဲပေးရမည် ဖြစ်ကြောင်း UEC က အောက်တိုဘာ ၂၉ တွင် ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြုပြီးသော ကြိုတင်မဲလက်မှတ်များကို သက်စာဆိုင်ရာ စာအိတ်အသီးသီး၌ ထည့်သွင်း၍ လုံခြုံစွာပိတ်ပြီး မိမိတို့၏ အကြီးအကဲများထံ ချက်ချင်း ပြန်လည်ပေးအပ်ရမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အကြီးအကဲများက ထိုစာအိတ်များကို သက်ဆိုင်ရာမြို့နယ် ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည်ဟု UEC ထုတ်ပြန်ထားသည်။

ကြိုတင်မဲ လက်မှတ်များကို ရွေးကောက်ပွဲရက် မဲရုံပိတ်ချိန် ညနေ ၄ နာရီ မတိုင်မီ ပေးပို့ရမည်ဖြစ်ပြီး အချိန်ကျော်လွန်ပြီးမှ ရောက်ရှိလာပါက ပယ်မဲအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးခြင်းကို ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ သတင်းမီဒီယာအဖွဲ့များနှင့် တခြား စောင့်ကြည့်လေ့လာရန် ဆန္ဒရှိသူများအနေဖြင့် စောင့်ကြည့် လေ့လာခြင်းပြုလုပ်နိုင်မည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲများကို ရေတွက်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်တွင်လည်း မည်သူမဆို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက် လေ့လာကြည့်ရှုနိုင်သည်ဟု UEC က ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.