fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကြံခိုင်ရေးပါတီ မဲဆွယ်စည်းရုံးမှု ငွေကြေးနှင့် လူသုံးကုန်ပစ္စည်းများ ဝေငှဟု PACE အဖွဲ့ ထုတ်ပြန်

မဲဆွယ်စည်းရုံးရေးကာလ ၆ ပတ်ကြာအတွင်း လက်ရှိအာဏာရ ပါတီကြီးဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ)က မဲဆွယ်စည်းရုံးမှုပြုရာတွင် အစားအစာ၊ လူသုံးကုန်ပစ္စည်းများနှင့် ငွေကြေးများကို ဝေငှမှုများ ပြုလုပ် ကြောင်း PACE အဖွဲ့က ထုတ်ပြန်သည်။


Want create site? Find Free WordPress Themes and plugins.

မဲဆွယ်စည်းရုံးရေးကာလ ၆ ပတ်ကြာ အတွင်း လက်ရှိအာဏာရ ပါတီကြီးဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ)က မဲဆွယ်စည်းရုံးမှုပြုရာတွင် အစားအစာ၊ လူသုံးကုန်ပစ္စည်းများနှင့် ငွေကြေးများကို ဝေငှမှုများ ပြုလုပ်ကြောင်း PACE အဖွဲ့က ထုတ်ပြန်သည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်သည့် ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) က မြို့နယ်ပေါင်း ၁၂၉ မြို့နယ်၌ ကာလရှည်စောင့်ကြည့်လေ့လာသူ ၁၂၉ ဦးကို အသုံး ပြုပြီး စက်တင်ဘာ ၈ ရက်မှ အောက်တိုဘာ ၁၈ ရက် အတွင်း စောင့်ကြည့်လေ့လာခဲ့မှုများ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၇ ရက် နေ့တွင် သတင်း ထုတ်ပြန်ခြင်း ဖြစ်သည်။

PACE အဖွဲ့၏ ကာလရှည် စောင့်ကြည့်လေ့လာသူများသည် ပါတီကိုယ်စားလှယ်လောင်းများကို တွေ့ဆုံမေးမြန်းမှုပေါင်း ၂၆၆၂ ကြိမ် ပြုလုပ်ခဲ့ပြီး မဲဆွယ်ဟောပြောမှု ၁၆၀၇ ခုကို လေ့လာပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စောင့်ကြည့်လေ့လာရာတွင် ကြံ့ခိုင်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ မြို့နယ်တွင်းရှိ တခြားပါတီကြီး၊ ပါတီငယ်၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စသည့် အမျိုးအစား ၄ မျိုးကို ခွဲခြားပြီး စောင့်ကြည့်လေ့လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မဲဆွယ်စည်းရုံးမှုကာလ အခြေအနေ စောင့်ကြည့်လေ့လာရာတွင် နိုင်ငံရေးခေါင်းဆောင်များ ဝင်ရောက်ယှဉ်ပြိုင်သည့် နေရာများ၊ ယခင်ရွေးကောက်ပွဲများတွင် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် နေရာများ၊ ရွှေ့ပြောင်းလူဦးရေ အများအပြား နေထိုင်ပြီး ပဋိပက္ခ ဖြစ်ပွားလျက်ရှိသည့် နေရာများကို မူတည်ပြီး ရွေးချယ်ခြင်းဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပသော ရှင်း လင်းပွဲ၌ PACE အဖွဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က ပြောပြသည်။

PACE အဖွဲ့၏ စောင့်ကြည့်လေ့လာချက်များအရ ပါတီများ၏ လူထုမဲဆွယ်စည်းရုံး ဟောပြောပွဲများ၏ ၂၇ ရာခိုင်နှုန်းတွင် တရားဝင် ပုံနှိပ်ထားသည့် စာရွက်စာတမ်းများ ဝေငှကြကြောင်း၊ ပါတီနှင့် သက်ဆိုင်သည့် အခြားပစ္စည်းများ ဝေငှမှု ၄၄ ရာခိုင်နှုန်း တွေ့ရှိရကြောင်း၊ အစားအစာ ဝေငှမှု ၈ ရာခိုင်နှုန်း၊ အသေးစား လက်ဆောင် ဝေငှမှု ၄ ရာခိုင်နှုန်း၊ အဝတ်အစား၊ လုံချည် ၂ ရာခိုင်နှုန်းနှင့် ငွေကြေး ၁ ရာခိုင်နှုန်း ဝေငှခဲ့သည်ကို တွေ့ရှိရကြောင်း သိရှိရသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ပဲခူးတိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးစိုးဝင်းက ၎င်းပါတီ၏ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်ပြီး “ကျနော်တို့ ပါတီ ငယ်လေးတွေကတော့ သူတို့(ပါတီကြီး)လောက် ငွေအင်အား မသုံးနိုင်ဘူးပေါ့။ လက်ကမ်းစာစောင် ဝေတယ်။ ကျနော်တို့ရဲ့ ရပ်/ကျေး ဥက္ကဋ္ဌတွေရဲ့အိမ်မှာ လူစုပြီး လူဦးရေ ၅၀၊ ၁၀၀ ရရင် မဲဆွယ်စည်းရုံးရေး စကားပြောတယ်။ နောက် မဲဘယ်လို ပေးရ တယ်။ ပယ်မဲ ဘယ်လိုဆိုတာ ရှင်းလင်းပြတယ်”ဟု ပြောသည်။

မဲဆွယ်ဟောပြောမှုများ၏ ၉၃ ရာခိုင်နှုန်းတွင် ကိုယ်စားလှယ်လောင်းများက ပုဂ္ဂိုလ်ရေးနှင့် လှုံ့ဆော်မှုများ ပြုလုပ်သည်ကို မတွေ့ရ သော်လည်း၊ ကိုယ်စားလှယ်လောင်းများ အနေဖြင့် တခြားကိုယ်စားလှယ်လောင်းများ၏ ပုဂ္ဂိုလ်ရေးနှင့် ပတ်သက်ပြီး လှုံ့ဆော်သော ဟောပြောမှုများ ရှိသည်ကို စောင့်ကြည့်လေ့လာမှု၏ ၇ ရာခိုင်နှုန်း ရှိကြောင်း၊ ထိုလုပ်ရပ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထိရောက်စွာ ဖြေရှင်းဆောင်ရွက်သင့်ကြောင်း PACE အဖွဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောဆိုသည်။

“အများကြီး မဟုတ်ပေမယ့် နှောင့်ယှက်မှုတွေ၊ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ပြီး လှုံ့ဆော်မှုတွေ၊ ကျားမပိုင်း ဆိုင်ရာတွေ၊ ဘာသာရေးနဲ့သော် လည်းကောင်း၊ လူမျိုးရေးနဲ့သော် လည်းကောင်း ပြောဆိုတာတွေဟာ နောင်လာမယ့် သီတင်း ၂ ပတ် ကျော် ကာလအတွင်းမှာ ပိုပြီး မကြီးမားလာအောင်၊ ပိုပြီး မပျံ့နှံ့လာအောင် လက်ရှိ ကျင့်ဝတ်စောင့်ကြည့်ရေး ကော်မတီတွေ ရှိတယ်။ ဒါတွေကို အသုံးပြုပြီးတော့မှ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ထိရောက်စွာ အသုံးပြုဖို့ လိုတယ်”ဟုလည်း ၎င်းက ပြောသည်။

PACE သည် အစိုးရမဟုတ်သော သီးခြားလွတ်လပ်သည့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အရပ်ဘက် အဖွဲ့အစည်း တခုဖြစ်ပြီး ကာလရှည် စောင့်ကြည့်လေ့လာသူ ၁၃၀ ဖြင့် မဲဆန္ဒရှင်စာရင်း ပြသမှုနှင့် မဲဆွယ်စည်းရုံးရေး ကာလကို စောင့်ကြည့်လေ့လာလျက် ရှိသည့်အပြင် လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တွင် ကာလတို စောင့်ကြည့်လေ့လာသူ ၂၀၀၀ ကျော် စေလွှတ်၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာရန် လျှောက်ထားသူ PACE အပါအဝင် ပြည်တွင်း အဖွဲ့အစည်း ၉ ဖွဲ့မှ လူဦးရေ ၆၀၀၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃ ဖွဲ့မှ ၂၀၂ ဦး လျှောက်ထားရာတွင် ခွင့်ပြုထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဆိုသည်။

လာမည့်နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် ပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်လောင်း ၆၀၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.