fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကြံ့ခိုင်ရေးပါတီက နိုင်ငံသားမှတ်ပုံတင်များ လုပ်ပေးလို့ ရသလား

ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင် ဝင်ရောက်ယှဉ်ပြိုင်မည့် အင်္ဂပူမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အကုန်အကျခံ၍ ကျေးလက်တောရွာများ၌ နိုင်ငံသားမှတ်ပုံတင်များ ပြုလုပ်ပေးနေ


Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင် ဝင်ရောက်ယှဉ်ပြိုင်မည့် အင်္ဂပူမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အကုန်အကျခံ၍ ကျေးလက်တောရွာများ၌ နိုင်ငံသားမှတ်ပုံတင်များ ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။

အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စု၊ ညောင်ကျိုးရွာ၌ ကြံ့ခိုင်ရေးပါတီနှင့် အင်္ဂပူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ မှတ်ပုံတင်မရှိသူများအား နိုင်ငံသားမှတ်ပုံတင်ကဒ်များ ပြုလုပ်ပေးနေခြင်းကို ဧရာဝတီက မြင်တွေ့ခဲ့ရသည်။

“ပြည်ခိုင်ဖြိုးပါတီက ရွာမှာ မှတ်ပုံတင်တွေလုပ်ပေးနေတာဗျ။ ငွေပေးရတယ်တော့ မကြားဘူး။ ကျနော်ကတော့ မှတ်ပုံတင် ရှိတော့ သွားမလုပ်ဘူးပေါ့။ မရှိတဲ့လူတွေကတော့ သွားလုပ်ကြတယ်”ဟု အမည်မဖော်လိုသည့် ညောင်ကျိုးရွာသားတဦးက ဧရာဝတီကို ပြောသည်။

“နိုင်ငံသားစိစစ်ရေးကဒ်များအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျခံ၍ အခမဲ့ပြုလုပ်ပေးပါမည်”ဟု ဆိုင်းဘုတ်ထောင်ကာ ညောင်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၈ နာရီမှစတင်၍ မှတ်ပုံတင်များ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင် လူကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများကပါ မှတ်ပုံတင်ပြုလုပ်ခြင်းအတွက် ဝိုင်းဝန်းကူညီပေးနေကြောင်း ဒေသခံ ရွာသားများက ပြောသည်။

ညောင်ကျိုးကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးမောင်မောင်ကြည်က“ကြံ့ခိုင်ရေး ပါတီဝင်တွေက မှတ်ပုံတင်လုပ်မယ့်လူတွေကို ဓာတ်ပုံရိုက်တာတွေ လုပ်ပေးတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက မှတ်ပုံတင်တွေကို ပြည်ခိုင်ဖြိုးပါတီကလုပ်ပေးနေပါတယ်။ မှတ်ပုံတင်မရှိရင် လာလုပ်ကြပါဆိုပြီး ရုံးကနေ မိုက်တွေနဲ့ ကြေညာတယ်ဗျ။ မှတ်ပုံတင်လာလုပ်သူကတော့ ၁၀၀ ကျော်လောက် ရှိတယ်”ဟု ပြောသည်။

ညောင်ကျိုးကျေးရွာ NLD ပါတီက ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်မှုများပြုလုပ်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးရုံး ရှေ့တွင် ယခင်ရေးသားထားသော ဆိုင်းဘုတ်အား “ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်၏ အစီအစဉ်ဖြင့် မှတ်ပုံတင် အခမဲ့ပြုလုပ်ပေးနေသည်”ဟု ပြင်ဆင်ရေးသားချိတ်ဆွဲခဲ့ကြောင်း သိရသည်။

“မှတ်ပုံတင်ဆိုတာတော့ နိုင်ငံတော်အစိုးရအစီအစဉ်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ယူ လုပ်ကိုင်ပေးရမှာပါ။ အခုဟာက ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ဒါမျိုးလုပ်ပေးတယ် ဆိုတော့ မှတ်ပုံတင်လုပ်ပေးပြီး မဲဆွယ်တာလားလို့ မေးခွန်းထုတ်ရမယ့်အနေအထား ဖြစ်နေတယ်”ဟု အင်္ဂပူမြို့နယ် NLD ပါတီအတွင်းရေးမှူး ဦးဇေယျာအေးက ပြောသည်။

မှတ်ပုံတင်ပြုလုပ်ပေးခြင်းကိစ္စနှင့်ပတ်သတ်၍ ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်က “နံပါတ်တစ်အချက်က မဲစာရင်းတွေမှာ မပါသူတွေ ပါဝင်ခွင့်ရအောင်၊ နံပါတ်နှစ်အချက်က ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပြည်သူတွေအခွင့်အရေး မဆုံးရှုံးစေဘဲ မဲပေးခွင့်ရအောင် ကူညီတဲ့အနေနဲ့ မှတ်ပုံတင်တွေ လုပ်ပေးတာပါ။ မှတ်ပုံတင်လုပ်ပေးလို့ မဲထည့်ရမယ်လို့ ကျနော်တို့မစည်းရုံးပါဘူး။ မဲပေးတာကတော့ သူတို့ ဆန္ဒအတိုင်းပါပဲ”ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီက မှတ်ပုံတင်များအကုန်အကျခံပြုလုပ်ပေးနေမှုနှင့်ပတ်သတ်၍ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်သို့ တိုင်ကြားနိုင်ရေးအတွက် အင်္ဂပူမြို့နယ်တွင်ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများ စုဝေးတိုင်ပင်ကာ လုပ်ဆောင်သွားမည်ဟု အင်္ဂပူမြို့နယ်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် ၁ တွင် ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ခိုင်က ပြောသည်။

အင်္ဂပူမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၁ တွင် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်း ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသိန်းအောင်နှင့်အတူ NLD ပါတီမှ ဦးအောင်ကျော်ခိုင်၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဇော်ဝင်း၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဦးမြစိုးတို့ ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.