fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကြံ့ခိုင်ရေး ပါတီကို ယှဉ်ပြိုင်ရန် ကယား ၃ ပါတီ မဟာမိတ်ဖွဲ့

ကျနော်တို့ တပါတီချင်း လုပ်ရင်လည်း ရတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံအရပေါ့။ ၂၀၁၅ ရွေးကောက်ပွဲမှာ အားလုံးဝန်းရံပြီး မဲထည့်မယ်။ အဓိက ပြည်ခိုင်ဖြိုး ပါတီ ကို အနိုင်ရရှိရေးပေါ့


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲတွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး)ပါတီကို ယှဉ်ပြိုင်နိုင်ရန် ကယားပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီ ၃ ခုက မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြောင်း သတင်း ရရှိသည်။

ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသား နိုင်ငံရေး ပါတီ ၃ ခု ဖြစ်သည့် ကယန်း အမျိုးသားပါတီ(KNP)၊ လူမျိုး ပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)နှင့် ကယားလူမျိုးစု ဒီမိုကရေစီပါတီ (KUDP)တို့သည် ၃ လအကြာ ဆွေးနွေး ညှိနှိုင်းကြပြီးနောက် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကယားလူမျိုးစု ဒီမိုကရေစီ ပါတီ ရုံးတွင် တွေ့ဆုံဆွေးနွေးအပြီး မဟာ မိတ် ဖွဲ့လိုက်ခြင်း ဖြစ်သည်။

KNP ဥက္ကဋ္ဌ ဦးခူးယူဂျင်းက“ကျနော်တို့ တပါတီချင်း လုပ်ရင်လည်း ရတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံ အရပေါ့။ ၂၀၁၅ ရွေးကောက်ပွဲမှာ အားလုံးဝန်းရံပြီး မဲထည့်မယ်။ အဓိက ပြည်ခိုင်ဖြိုး ပါတီ ကို အနိုင်ရရှိရေးပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းပါတီ ၃ ခုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ အဓိကထား ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မည်သည့် နေ ရာ ဒေသတွင် မည်သည့်ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည်ကို အသေးစိတ် ညှိနှိုင်းရဦးမည် ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် တပါတီတည်းအဖြစ် ပေါင်းစည်းနိုင်ရန် အထိ မျှော်မှန်း ထားကြောင်းလည်း သိရသည်။

ကယားလူထု တရပ်လုံး၏ အကျိုးကို ရှေးရှု၍ ဒေသခံ နိုင်ငံရေး ပါတီ ၃ ခု မဟာမိတ်ဖွဲ့ရခြင်းဖြစ်ပြီး တိုင်းရင်းသား ပြည်သူတရပ်လုံး ၏ အခွင့်အရေး ဖြစ်သော လွတ်လပ်ခြင်း၊ တရား မျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင် စုစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပါတီ ခေါင်းဆောင်များက ပြော သည်။

“ဒီနေ့ ဒီချိန် နိုင်ငံရဲ့ အခင်းအကျင်း  ဖက်ဒရယ်လစ်ဇင်ဆိုတဲ့ ဖယ်ဒရယ်အစိုးရကို ဦးတည်တဲ့အချိန်မှာ တိုင်းရင်းသား ပါတီတွေရဲ့ အခန်းကဏ္ဍက ပိုအရေးပါတယ်လို့ ယူဆတယ်။ အဲဒါကြောင့် ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်မှ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်မယ်။ တိုင်းရင်းသားပါတီတွေရဲ့ စုစည်းမှုက အရေးကြီးတယ်။ အဲဒါကို ဦးတည်ပြီး လုပ်တာပါ”ဟု လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်)၏ ဒု ဥက္ကဋ္ဌ (၁) ဦးဆော်လမွန်က ပြောသည်။

ကယားလူမျိုးစု ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် ဦးထွန်းကြိုင်ကလည်း ကယား ပါတီ ၃ ပါတီ မဟာမိတ်ဖွဲ့ ရခြင်းသည် စည်းလုံး ညီညွတ်ခြင်းကို ပြသည့် သဘောဖြစ်သကဲ့သို့ တခြားသော အင်အားကြီး ပါတီများ၏ လက်ဝါးကြီးအုပ်သည့် ဗဟို ဦးစီးမှုစနစ်ကို မကြိုက် ၍ ပေါင်းစည်းရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ကယန်း အမျိုးသားပါတီသည် ၂၀၁၀ ပြည့်နှစ်က စတင်ဖွဲ့စည်းသော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တနေရာနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး တနေရာ ရရှိခဲ့ပြီး လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)နှင့် ကယား လူမျိုးစု ဒီမိုကရေစီပါတီတို့သည် ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ပါတီများဖြစ်သည်ဟု ဆိုသည်။

ယင်းကယား ပါတီ ၃ ခု ဦးဆောင်၍ ကယားပြည်နယ်ဒေသအတွင်း နိုင်ငံရေး အင်အားစုများနှင့် ပြည်သူလူထုအားလုံး ပါဝင်သော ဘုံသဘောတူညီချက် ရရှိနိုင်ရန်အတွက် ညီလာခံတရပ် ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.