၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် ကြိုတင်မဲများပေးနေ

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရှိသူ ပြည်ပရောက် မြန်မာနိုင်ငံသားများက သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာ သံရုံးများတွင် အောက်တိုဘာ ၁၃ ရက်မှစတင်၍ ကြိုတင်မဲများ ပေးနေပြီဖြစ်သည်။


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရှိသူ ပြည်ပရောက် မြန်မာနိုင်ငံသားများက သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာ သံရုံးများတွင် အောက်တိုဘာ ၁၃ ရက်မှစတင်၍ ကြိုတင်မဲများ ပေးနေပြီဖြစ်သည်။

ကြိုတင်မဲများကို စင်္ကာပူ၊ တောင်ကိုရီးယား နှင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာကိုယ်စားလှယ် အဖွဲ့ရုံးများတွင်လည်း ယနေ့နံနက်ပိုင်း (အောက်တိုဘာ ၁၅ ရက်) မှ စတင်၍ ကြိုတင်မဲများ ပေးနေပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံ ရောက် မြန်မာများက ပြောပြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဇင်မာသိန်းက“သံရုံးတချို့က သူတို့ဆီက သူတွေနဲ့ညှိပြီး လုပ်ကြတာ။ မဲစာရင်းမှားတာတွေကတော့ သက်ဆိုင်ရာမြို့နယ် ကော်မရှင် အဖွဲ့တွေနဲ့ ဆက်သွယ် လုပ်ဆောင် ဖို့ လမ်းညွန်ထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင်လည်း အောက်တိုဘာ ၁၃ ရက်တွင် ကြိုတင်မဲပေးရပြီး အောက်တိုဘာ ၁၄ ရက်တွင် သြစတေးလျနိုင်ငံတွင်လည်း ကြိုတင်မဲများပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာရှိ မြန်မာသံရုံးများ အနေဖြင့် ကြိုတင်မဲ စာရင်းများကို မဲပေးမည့်ရက်နှင့် နီးကပ်မှ ကြေညာခဲ့ပြီး မဲစာရင်းမှားယွင်းခြင်းနှင့် အမည်စာရင်း မပါဝင်ခြင်းများ ရှိနေကြောင်း တောင်ကိုရီးယားနိုင်ငံတွင် နေထိုင်သည့် ကြိုတင်မဲစစ်တမ်း ကောက်ယူရေးလုပ်ငန်း (ကိုရီးယား)အဖွဲ့ တာဝန်ခံ ဦးဝင်းလှိုင်က ပြောပြသည်။

စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများ အနေဖြင့် ကြိုတင်မဲပေးရန် မဲရုံမဖွင့်မီကပင် လာရောက်စောင့်ဆိုင်းလျက် ရှိကြပြီး မွန်းလွဲပိုင်း အထိ တန်းစီပြီး မဲပေးရန် စောင့်ဆိုင်းနေကြကြောင်း စင်္ကာပူနိုင်ငံ ပုဂ္ဂလိကဆေးရုံ တရုံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုမျိုးအောင် ကလည်း ပြောသည်။

ကြိုတင်မဲပေးမှုနှင့် ပတ်သက်ပြီး စင်္ကာပူနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံများတွင် မြန်မာနိုင်ငံသား တချို့မှ စစ်တမ်းများ ကောက်ယူ လျက်ရှိပြီး မဲဆန္ဒလက်မှတ်များ ပျောက်ဆုံးမှု မရှိရေးနှင့် ကိုယ်စားလှယ်လောင်းများထံ အမှန်တကယ် ရောက်ရှိရေး ရည်ရွယ် ကောက်ယူခြင်းဖြစ်သည်ဟု စစ်တမ်းကောက်ယူသူများက ပြောဆိုကြသည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်ပြီး တောင်ကိုရီးယားနိုင်ငံ ယုံအင်းမြို့တွင် ဒီဇိုင်နာဘာသာရပ် သင်ကြားနေသူ မစုမြတ် မောင်က “ကျမက မဲပေးပြီးပါပြီ။ အားလုံး အဆင်ပြေပါတယ်။ NLD ကို မဲပေးခဲ့တယ်”ဟု ဧရာဝတီကို ပြောပြသည်။

ယနေ့တွင် စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် ကြိုတင်မဲပေးကြသည့် မြန်မာနိုင်ငံသားတချို့သည် မဲဆန္ဒလက်မှတ်များ လျော့နည်းသည့် အခက်အခဲ ပြဿနာများကို ကြုံတွေ့ခဲ့ကြရကြောင်း ကြိုတင်မဲ ပေးခဲ့ကြသူများက ပြောဆိုသည်။

“ပြဿနာက မဲပြားတွေ လိုနေတာပဲ။ တချို့ မဲ ၂ ခုပဲရလို့ ၂ နေရာစာပဲ ပေးခဲ့ရသူတွေ ရှိတယ်”ဟု ဦးဝင်းလှိုင်ကလည်း ဆိုသည်။

အလားတူ စင်္ကာပူနိုင်ငံတွင် နေထိုင်သည့် ကိုမျိုးမင်းက“မဲလက်မှတ်ထုတ်ပေးတဲ့ ဝန်ထမ်းတွေက မဲပြားနှစ်ခုပဲရှိရင် နှစ်ခုပဲပေးလို့ ပြောလွှတ်ခံလိုက်ရတဲ့ လူတွေလည်း ရှိပါတယ်”ဟု ပြောသည်။

မဲပြားများ လျော့နည်းမှုနှင့် ပတ်သက်၍ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဦးသန့်ဇင်က“မဲပြားအပြည့် ရသူတွေကို စာရင်းကောက်ထားပါတယ်။ ဒါတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည် တင်ပြပေးမှာပါ” ဟု ပြောသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ နိုင်ငံပေါင်း ၃၆ နိုင်ငံရှိ မြန်မာသံရုံး ၄၄ ရုံးမှ ပေးပို့လာသော ပုံစံ ၁၅ လျောက်ထားသူ အရေအတွက် သည် ၃၄,၀၀၀ ကျော်ရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်ပြီး အောက်တိုဘာ ၁၀ ရက်က ပြန်လည်ပေးပို့လာသည့် စာရင်းသည် ၃၀၀၀၀ နီးပါးရှိကြောင်း လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဇင်မာသိန်းက ပြောဆိုသည်။

ကြိုတင်မဲပေးခြင်း လုပ်ငန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အတွင်း ကျင်းပရန် သတ်မှတ်ပေး ထား ပြီး အောက်တိုဘာ ၁၆ ရက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ သံရုံး၊ ဘရူနိုင်းနိုင်ငံ သံရုံးနှင့် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရှိ မြန်မာသံရုံး များတွင် ကြိုတင်မဲ စတင်ပေးကြမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန် ကြေညာထားသည်။

Did you find apk for android? You can find new Free Android Games and apps.