fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သူ့အတွေး သူ့အမြင်

အမတ်လောင်းတွေကို မေးခွန်းထုတ်ကြပါ

တချို့က လွှတ်တော်ကိုယ်စားလှယ်သာ လုပ်ချင်ကြတာ မိမိမြို့နယ်အတွင်းက ကျောင်းနေ ကလေးရာခိုင်နှုန်းလည်း မသိ၊ ငါးနှစ်အောက် ကလေးသေဆုံးနှုန်းလည်း မသိ၊ အလုပ်လက်မဲ့ရာခိုင်နှုန်းလည်း မသိ၊ မိမိမြို့နယ်အတွင်းက စီးပွားရေး အခြေနေလည်းမသိ။


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ  စက်တင်ဘာလ ၈ ရက်က စတင်ပြီး ခွင့်ပြုလိုက်တာကြောင့် မန္တလေးမြို့မှာ ပါတီကြီးအချို့ စတင် မဲဆွယ်နေကြပါပြီ။  စက်တင်ဘာလ ၈ ရက်က စပြီး ရက်ပေါင်း ၆၀ တိတိ နိုင်ငံရေးပါတီတွေဟာ ပြည်သူကို စည်းရုံးမဲဆွယ်ခွင့်ရကြမှာ ဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးခွင့် စတင်တဲ့ရက်မှာပဲ မန္တလေးမြို့မှာ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတွေဟာ အပြိုင်အဆိုင်နဲ့ ပြည်သူကြားကို လှည့်လည်သွားရောက်ပြီး မဲဆွယ်စည်းရုံးကာ ဟန်ရေးပြနေကြတာကိုလည်း တွေ့နေရပါတယ်။ ဒီတကြိမ်ရွေးကောက်ပွဲကတော့ ၂၀၁၀ ရွေးကောက်ပွဲထက် ပိုမိုထူးခြားလို့ နေပါတယ်။ ၂၀၁၀ တုန်းက ရွေးကောက်ပွဲကို No Vote ဆိုပြီး ရွေးကောက်ပွဲမဝင်ဘဲ ကန့်ကွက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်လည်ပါဝင်လာလို့ပဲဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပါ ပြည်သူအတွက် နိုင်ငံအတွက် ဘယ်လိုဆောင်ရွက်ပေးမယ်၊ ပြည်သူနဲ့ ဘယ်သို့တသားတည်း ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်တွေပါတဲ့ အောင်နိုင်ရေး သီချင်းသံတွေ အပြိုင်အဆိုင်ဖွင့်လှစ်ကာ ပြည်သူတွေထံက မဲတပြားကို ရရှိဖို့ မဲဆွယ်နေကြပါတယ်။ မန္တလေးမြို့မှာ အခြားပါတီတွေကတော့ စည်းရုံးလှုပ်ရှားမှု မတွေ့ရသေးသလို ရန်ကုန်အပါအဝင် အခြားမြို့တွေမှာလည်း လှုပ်ရှားမှု တစုံတရာ လောလောဆယ် မကြားမိသေးပါဘူး။

မဲဆွယ်စည်းရုံးရေး စတင်တဲ့ရက်မှာပဲ ၂၀၁၀ တုန်းက ကတိအမျိုးမျိုးပေးပြီး မဲဆွယ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးက လွှတ်တော်ကိုယ်စားလှယ် အများစု ပြန်လည်ပါဝင်လာသလို ဒီမိုကရေစီ အပြောင်းအလဲအတွက် ကျုပ်တို့လုပ်မှရမယ်ဆိုတဲ့ ရဲရဲတောက် ဒီမိုတွေလည်း ပြည်သူတွေ အသဲကြားက မဲတပြားရရှိဖို့ ပြည်သူ့ရင်ခွင်ကြားကို ခိုဝင်လာပါတယ်။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်သူတွေကို ကတိတွေအမျိုးမျိုးပေးပြီး ထပ်မံစည်းရုံးကြတော့မည်၊ မဲဆွယ်ကြတော့မည်ဖြစ်ပါတယ်။

အမှန်တကယ်တော့ ရွေးကောက်ပွဲဆိုတာ ပြည်သူတွေက ပြည်သူကိုယ်စား အုပ်ချုပ်မယ့်သူ ဥပဒေပြုမယ့်သူ တရားစီရင်ပေးပယ့်သူတွေကို ရွေးချယ်ပေးရတဲ့ပွဲပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီရွေးချယ်ပွဲ အခွင့်အရေးကို ငါးနှစ်တကြိမ် ရရှိတာဖြစ်ပါတယ်။ ငါးနှစ်တကြိမ်မှာ ရတဲ့ အခွင့်အရေးမှာ အရွေးမမှားဖို့က အရမ်း အရေးကြီးလှပါတယ်။ ဘယ်လောက်ထိ အရေးကြီးလည်းလို့ပြောရင် မိမိနိုင်ငံအတွက် မိမိတိုင်း မိမိပြည်နယ်အတွက် မိမိခရိုင် မိမိမြို့နယ် အတွက်အပြင် ပြည်သူတဦးချင်းစီအတွက်ပါ သေရေးရှင်ရေးတမျှကို အရေးကြီးတယ်လို့ဆိုရမှာပါ။

ပြည်သူတွေ ရွေးချယ်ခြင်းအမှန် အမှားပေါ်မူတည်ပြီး နိုင်ငံရဲ့အနာဂတ်ဟာ ကြီးမားတဲ့ အပြောင်းအလဲကို ဦးတည်သွားစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်တွေက ထင်သလို အုပ်ချုပ်၊ အဲ့ဒီအုပ်ချုပ်သူ လူတန်းစားအောက် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံအနေနဲ့ ရွေးချယ်ခွင့်ရလာတဲ့အခါမှာ မှန်ကန်စွာ မရွေးချယ်နိုင်ဘူးဆိုရင်တော့ ဆင်းရဲတွင်း အဖိနှိပ်ခံအတွင်းကနေ ပြန်တက်လာစရာ လမ်းစတွေ ပျောက်ကွယ်နေဦးမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွက် ပါတီတွေ ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေဟာ ပြည်သူတွေထံက မဲရဖို့ မစားရဝမခမ်း အပြိုင်အဆိုင် ကတိပေးပြီး စည်းရုံးကြမှာဖြစ်ပါတယ်။ အဲ့ဒီလို စည်းရုံးတဲ့အခါမှာ ပြည်သူတွေအနေနဲ့ ဘာမှ အခြေအမြစ်မရှိတဲ့ လေလုံးထွားထွားတွေကို အလွယ်တကူမယုံကြည့်မိဖို့ အရေးကြီးပါတယ်။

ကတိစကားတွေပေးတဲ့အခါ ပြည်သူတွေအနေနဲ့ အဲ့ဒီကတိပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မေးခွန်းတွေ ပြန်မေးပါ။ မေးတဲ့မေးခွန်းတွေကို ပြန်ဖြေတဲ့အခါ တိတိကျကျပြန်ဖြေ မဖြေ သေချာစောင့်ကြည့်ပါ။ လွှတ်တော်ကိုယ်စားလှယ်လောင်း အများစုဟာ လေလုံးကြီးကြီးတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဝေဝါးအောင်ပြောဆိုတတ်ကြပါတယ်။ မကြောက်ကြပါနဲ့။ ဘာလို့လည်းဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အမှန်တကယ်တော့ ပြည်သူ့အစေခံ ပြည်သူ့ကျွန်ပဲဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတော့ ပြည်သူ့အစေခံလောင်း ပြည်သူ့ကျွန်လောင်းတွေပဲဖြစ်ပါတယ်။

၂၀၁၀ တုန်းကစပြီး ငါးနှစ်တာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူတွေ၊ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူခဲ့သူတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထောင်ချီပြီး ပြန်လည်ယှဉ်ပြိုင်ကြမှာဖြစ်သလို၊ လွှတ်တော်ကိုယ်စားလှယ် အသစ်စက်စက်အဖြစ် ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

၂၀၁၀ တုန်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ယခု ၂၀၁၅ မှာ ပြန်ပြိုင်မယ့်သူတွေကို ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း လွှတ်တော်မှာ မေးခဲ့တဲ့မေးခွန်း တင်သွင်းခဲ့တဲ့အဆို၊ ဘယ်နှစ်ခုရှိခဲ့သလဲ မေးမြန်းပါ။ ဘယ်ဥပဒေကိုတော့ ကန့်ကွက်ခဲ့သလဲ၊ ဘယ်ဥပဒေကိုတော့ ထောက်ခံခဲ့တယ်ဆိုတာလဲ မေးမြန်းပါ။ ဒီမိုကရေစီ ဖော်ဆောင်ဖို့ခက်ခဲတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဘယ်အခန်းကဏ္ဍကနေ ရပ်တည်ခဲ့သလဲ မေးမြန်းပါ။ အချို့ လွှတ်တော်ကိုယ်စားလှယ်တွေဆို အခြေခံဥပဒေဆိုတာ စာအုပ်အစိမ်းလောက်ပဲသိထားပြီး အစအဆုံး မဖတ်ဖူးတာတွေတောင် ရှိတာမို့ အခြေခံဥပဒေ မဲဆန္ဒရှင်တွေအတွက် အကျိုးရှိ မရှိ မေးမြန်းပါ။

တကယ့်လိုများ အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်လောင်း ပြန်ဖြေတဲ့ အဖြေတွေဟာ ကျေနပ်အားရစရာ မရှိဘူးဆိုရင်တော့ သေချာပါပြီ။ မဲဆန္ဒရှင်ပြည်သူအနေနဲ့ မိမိကိုယ်စား အုပ်ချုပ်မယ့်သူ ဥပဒေပြုမယ့်သူဟာ အရည်အချင်း ရှိမရှိ၊ မိမိတို့ပြည်သူအကျိုးကို အမှန်တကယ် ထမ်းဆောင် မဆောင်ဆိုတာ သိသာပါပြီ။ ဒါဆို မရွေးမိပါစေနဲ့။ ရွေးမိရင်တော့ ခံပေတော့ ငါးနှစ်ပဲ။

ယခုမှာမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အားမနာတမ်း မေးခွန်းမထုတ်ရင် ဘယ်အချိန်ထုတ်မှာလဲ။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ဘယ်လိုသဘောထားရှိတယ်။ ဘယ်လိုနည်းဗျူဟာနဲ့ ဆောင်ရွက်မယ်ဆိုတာတွေကို ဆွေးနွေးပါ။ မိမိမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဘာတွေသိထားသလဲ၊ ဘယ်လိုမြင်နေသလဲ၊ ဘာလုပ်ပေးနိုင်မလဲ သေချာ မေးမြန်းပါ။ အချို့ လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ လွှတ်တော်ကိုယ်စားလှယ်သာ လုပ်ချင်ကြတာ မိမိမြို့နယ်အတွင်းက ကျောင်းနေ ကလေးရာခိုင်နှုန်းလည်း မသိ၊ ငါးနှစ်အောက် ကလေးသေဆုံးနှုန်းလည်း မသိ၊ အလုပ်လက်မဲ့ရာခိုင်နှုန်းလည်း မသိ၊ မိမိမြို့နယ်အတွင်းက စီးပွားရေး အခြေနေလည်းမသိ၊… မသိ၊…မသိ။ ဒီလို လွှတ်တော်ကိုယ်စားလှယ်လောင်းသာ လွှတ်တောထဲရောက်ခဲ့ရင်၊ အစိုးရဖြစ်ခဲ့ရင် ကောင်းမွန်စွာ ဥပဒေလည်းမပြုနိုင်၊ ကောင်းမွန်စွာ မအုပ်ချုပ်နိုင်ဘူးဆိုတာ လက်ရှိအစိုးရ၊ လက်ရှိလွှတ်တော်ကိုသာ နမူနာ ကြည့်ပါလို့ ပြောရမှာဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးရေးကာလဟာ ပြည်သူတွေအတွက် တကယ့်အခွင့်အရေးရတဲ့ ကာလတစ်ခုပါ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပြည်သူကြား မဲလာယူတဲ့အချိန်ပါ။ပြည်သူ့မျက်နှာကို လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုသူတွေ မော်ကြည့်ရတဲ့နေ့ရက်တွေပါ။ အဲ့ဒီလိုကာလမှာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရရှိတဲ့ ပြည်သူ့အခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက်ရွေးချယ် မေးမြန်းစိစစ်စေချင်ပါတယ်။ အရွေးမှန်ရင်တော့ စံစားကြရမှာဖြစ်ပြီး အရွေးမှားရင်တော့ မဲတပြားကြောင့် ဒုက္ခတွေ ဆက်ပြီး ခံစားကြရမှာ ဖြစ်ပါတယ်။

(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.