fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သူ့အတွေး သူ့အမြင်

အကောင်းမြင် အဆိုးမြင် ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်လိုထင်သလဲ

တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အာဏာ ၂ ခုစလုံးကို အရှက်မရှိ နှစ်ပေါင်းများစွာ ယူထားတဲ့ သူတွေဟာ ရွေးကောက်ပွဲကို ကြောက်ကြောက်လန့်လန့်နဲ့ မလုပ်ချင်ဘဲ လုပ်နေရတာ ဖြစ်တယ်။


Want create site? Find Free WordPress Themes and plugins.

အဆိုးမြင်သူ အုပ်စုတွေကတော့ ဒီအခု ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်သန့်ရှင်းမှာလည်း မဟုတ်ဘူး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဘက်လိုက်မယ်၊ UEC နဲ့ အစိုးရဟာ ဒီပုတ်ထဲက ဒီပဲပါပဲ၊NLD အပါအဝင် အတိုက်အခံပါတီတွေ နိုင်ခဲ့ရင်လည်း ၁၉၉၀ ရွေးကောက်ပွဲလိုပဲ ကတိဖျက်ပြီး ရလဒ်ကို လိုက်ရောမှာမဟုတ်ဘူး၊ တပ်မတော်က ဘက်လိုက်မှာပဲ၊ ရွေးကောက်ပွဲ မတိုင်ခင်မှာ အကြမ်းဖက်မှုတွေ ရှိနိုင်တယ်၊ ပြီးသွားခဲ့ရင်လည်း ဘာသာရေး၊ လူမှုရေး အဓိကရုဏ်းတွေ ဖန်တီးနိုင်တယ်၊ အာဏာသိမ်းတာတွေ လည်း ဖြစ်နိုင်တယ်လို့ မြင်ကြပါတယ်။

တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အာဏာ ၂ ခုစလုံးကို အရှက်မရှိ နှစ်ပေါင်းများစွာ ယူထားတဲ့ သူတွေဟာ ရွေးကောက်ပွဲကို ကြောက်ကြောက်လန့်လန့် နဲ့ မလုပ်ချင်ဘဲ လုပ်နေရတာ ဖြစ်တယ်။ ဒါကြောင့်လည်း NLD ပဲ နိုင်နိုင်၊ ဘယ်သူပဲ နိုင်နိုင် လိမ်နည်းမျိုးစုံနဲ့ ဆက်ပြီး အာဏာကို ဆက်ယူမှာပဲလို့ အဆိုးမြင်တွေအကြား ဆွေးနွေးကြ၊ လက်ဖက်ရည်ဆိုင်ထဲမှာ လေမုန်တိုင်း တိုက်ကြပါတယ်။

အကောင်းမြင်သူတွေကတော့ ဘယ်သူတွေ ဘယ်လိုပဲ ကြံစည် ကြံစည် အကြမ်းဖက်မှုတွေကို ပြည်သူ ပြည်သားတွေက ကျော်လွှားနိုင်မယ်၊ ၂၀၁၂ နောက်ပိုင်း အကြံအစည်ရှိရှိ ဖန်တီးခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းလှိုင်းလုံးတွေကို လူထုက ကျော်နိုင်ခဲ့ပြီး မဘသ အဖွဲ့ထဲမှာလည်း အမှန်တရားကို လိုလားတဲ့ ဆရာတော် သံဃာတော်ကြီးတွေ တကယ်တော့ အများကြီး ရှိတယ်။

အာဏာရှင်တွေပေးတဲ့ ဒုက္ခပေါင်းများကို ခါးစည်းခံခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ စိတ်ရှည်သည်းခံပြီး မိမိရဲ့ ပန်းတိုင်ကို ရောက်အောင်သွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီနဲ့ တိုင်းရင်းသား ပါတီတွေများများ နိုင်ပြီး လွတ်တော်ထဲမှာ မျက်နှာသစ်တွေ တွေ့ရမယ်။ NLD က ၄၀ နဲ့ ၅၀ ရာခိုင်နှုန်း နိုင်နိုင်ပြီး ဒုတိယ သမ္မတလောင်း အမည်စာရင်းကို တင်သွင်းနိုင်မယ်။

ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ Free and Fair ရွေးကောက်ပွဲ ဖြစ်အောင် ပြည်တွင်းကရော နိုင်ငံတကာကပါ လက်ခံအောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြိုးစားပြီး ကျင်းပပေးမယ်။ တပ်မတော်က အာဏာသိမ်းစရာ မလိုအောင် အခြေခံဥပဒေမှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရေး အာဏာကို ယူထားပြီး ဖြစ်တယ်။ လွတ်တော်မှာ ၂၅ ရာခိုင်နှုန်းအပြင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ အရေးကြီး ဝန်ကြီးဌာနတွေနဲ့ General Administration Department လို့ခေါ်တဲ့ အထွေထွေ အုပ်ချုပ်ရေး ဌာနတွေကို ချုပ်ကိုင်ထားပြီး ဖြစ်တယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး အာဏာတင်မက စီးပွားရေးကို ထိန်းချုပ်ထားတာ တပ်မတော်ကပဲ ဖြစ်တယ်။

တပ်မတော်ပိုင် စီးပွားရေး ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်တို့က ပြေပြေလည်လည်နဲ့ ဖြေရှင်းနိုင်မယ်လို့ အကောင်းမြင်တွေက မြင်ကြတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ တိုင်းရင်းသား မဟာမိတ်တွေဟာ တပ်မတော်နဲ့ နောက်ဆုံးမှာ အကြေအလည် ညှိရမယ်။ အနိုင်ရပါတီတွေဟာ တိုင်းပြည်မှာ အရေးတကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဆက်လက်ပြီး အကောင်အထည် ဖော်မယ်။ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေကို စားပွဲပေါ် ဆက်လက် ဖိတ်ခေါ် ဆွေးနွေးမယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပါအဝင် တိုင်းရင်းသားပါတီတွေဟာ တပ်မတော်ရဲ့ စီးပွားရေး လူ့အခွင့်အရေး ကိစ္စတွေကို အကြေအလည် ညှိနှိုင်းပြီး Blanket Amnesty ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာရင် ကြေညာနိုင်တယ်။

ဦးသိန်းစိန်ကတော့ ရွေးကောက်ခံရတာ မဟုတ်ဘဲ သမ္မတ လုပ်ခိုင်းလို့ သမ္မတ လုပ်ခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့ တသက်လုံး ထိန်းသိမ်းခဲ့တဲ့ ဂုဏ်သိက္ခာဟာ သမ္မတဖြစ်မှ အရှက်ခွဲခံရတယ်ဆိုတဲ့ အမြင်ရှိပါတယ်။ သူ့ရဲ့ မိသားစုကလည်း ဒီလိုမြင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲရလဒ်ကို ကျေကျေနပ်နပ် လက်ခံကာ ရာထူးက ဆင်းပေးပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဖောင်ဒေးရှင်း ထောင်မယ်လို့ အကောင်းမြင်သူတွေက တွေးကြပါတယ်။ ဦးသိန်းစိန် အနားက လူတွေကတော့ ရှေ့ဆက်ဖို့ ကြိုးစားပေမယ့် လူထုက လက်မခံတဲ့အတွက် နောက်ဆုံး လက်လျှော့ရမယ်လို့ ထင်ကြပါတယ်။

နိုင်ငံတကာနဲ့ တရုတ်၊ အိန္ဒိယအပါအဝင် အိမ်နီးချင်း နိုင်ငံတွေက မြန်မာရဲ့ ဒီမိုကရေစီ အပြောင်းအလဲရဲ့ ရှေ့ဆက်လျှောက်မယ့် ခရီးကို ကြိုဆိုကြလိမ့်မယ်။

စာဖတ်သူရော အဆိုးမြင် အကောင်းမြင် ဘယ်ထဲမှာ ပါပါသလဲ။

Did you find apk for android? You can find new Free Android Games and apps.