fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သူ့အတွေး သူ့အမြင်

အရေပြားပေါ်က စပါးလုံး တထောက်စာ နိုင်ငံရေး

အရေပြားပေါ်က အလှက စပါးလုံး တထောက်စာသာ အရေးပါတယ်။ နှလုံးသားအလှ၊ ဦးနှောက်အလှ ၊လုပ်ရပ်အလှ၊ စေတနာအလှတွေကပဲ လူမှုဘဝဖွံ့ဖြိုးမှုနဲ့ လူ့အဖွဲ့အစည်း တိုးတက်ရေးကို အထောက်အကူ ပြုပေလိမ့်မယ်။


Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို တရားဝင်စည်းရုံးမဲဆွယ်ခွင့် ပြုလိုက် ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးက လူလုံး ထွက်ပြလာကြပါတယ်။ လမ်းထိပ်တွေမှာ ဗီနိုင်းချိတ် တာကအစ ကားပေါ်မှာ အသံချဲ့စက်တွေ မြိုင်မြိုင်ဆိုင်ဆိုင်တပ်ပြီး မြို့အနှံ့ လှည့်လည်တာအဆုံး နည်းလမ်းမျိုးစုံသုံး ပြီး မဲဆွယ်လာကြပါတယ်။

လူငယ်ကိုယ်စားလှယ်လောင်းအချို့ကတော့ အွန်လိုင်းအသုံးချပြီး မဲဆွယ်မှုတွေ ပြုလုပ်လာကြတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်း အတည်ပြုပြီးချိန်မှာတော့ လူငယ်ကိုယ်စားလှယ်လောင်းတွေရဲ့ဓာတ်ပုံတွေ အွန်လိုင်းပေါ်မှာ ပလူပျံသွားပါတယ်။ အထူးသဖြင့် ခပ်ငယ်ငယ်ခပ်ချောချော ပညာတတ် ကိုယ်စား လှယ်လောင်းတွေက အွန်လိုင်းအသုံးပြုသူတွေကြား လူမှုကွန်ရက်စာမျက်နှာတွေမှာ အထူးရေပန်းစားလှပါတယ်။

ငယ်ဂုဏ် ငယ်ရုပ်ရှိတဲ့ကိုယ်စားလှယ်လောင်းတွေအပေါ်မှာ အွန်လိုင်းအသုံးပြုသူတွေက ကောင်းချီးထောပနာ ပေးကြတာလည်းရှိသလို သူတို့ရဲ့နိုင်ငံရေးဖြတ်သန်းမှု နည်းတဲ့အပေါ် သံသယနဲ့စောင့်ကြည့်နေတဲ့သူတွေလည်း ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံရေးမှာ လူငယ်တွေပါဝင်လာတာ ဝမ်းသာစရာပါ။ ဘယ်ပါတီက လူငယ်တွေ ပါဝင်သည်ပဲဖြစ်စေ ကြိုဆိုရမယ့်ကိစ္စဖြစ်ပါတယ်။ ပါတီမဝင်ဘဲ တသီးပုဂ္ဂလနိုင်ငံရေးမှာ လူငယ်တွေ အားသန်တယ်ဆိုရင်လည်း ကောင်းတာပါပဲ။ နိုင်ငံရေးဟာ နိုင်ငံ့အရေးဖြစ်ပြီး နိုင်ငံရေးကို စိတ်ဝင်စားတဲ့လူငယ်တွေ ပါဝင်ခွင့်ရကြပါစေ။ နိုင်ငံရေးမှာ လူငယ်တွေကို တွဲခေါ်ပါမှ မျိုးဆက် တဆက်ပြီးတဆက် လက်ဆင့်ကမ်းနိုင်မှာဖြစ်ပါတယ်။ ယခုအချိန်မှာ အရင်က ထက်စာရင် နိုင်ငံရေးလုပ်ခွင့်ပိုပြီးရလာတယ်။

အရင်ကတော့ နိုင်ငံရေးဆိုရင် အများစုက ဝေရာမဏိ လုပ်ခဲ့ကြရတာကလား။ နိုင်ငံရေးနဲ့ဝေးဝေး မနေနိုင်သူတွေကို အာဏာပိုင်တွေက မိသားစုနဲ့ဝေးဝေး ပို့ခဲ့တဲ့ခေတ်။ လူငယ်တွေကို ဦးဆောင်ခွင့်ပေးမှသာ အနာဂတ်နိုင်ငံတော် တည် ဆောက်ရေးအတွက် အထောက်အပံ့ကောင်းတွေ ရမှာဖြစ်တယ်။ လူငယ်ဆိုတဲ့နေရာမှာ အမျိုးသားတွေတင်မကဘဲ
အမျိုးသမီးငယ်တွေကိုပါ ထိုက်တန်တဲ့နေရာပေးမှုမျိုး လိုအပ်ပါတယ်။

၂၀၁၅ ခုနှစ် မေလက ထုတ်ပြန်တဲ့သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာအမျိုးသားဦးရေ ၂၄ သန်း ကျော်ရှိပြီး အမျိုးသမီးဦးရေက၂၆ သန်း ကျော်ရှိနေတယ်။ အမျိုးသမီးတွေလည်း နိုင်ငံအရေးအရာ ကိစ္စကြီးငယ်တွေမှာ ပါဝင်ကြဖို့ လိုအပ်ပါတယ်။ အခုခေတ်က မိန်းကလေးတွေ အဝတ်လျှော်၊ ထမင်းချက်၊ ကြမ်းတိုက်စတဲ့အိမ်မှုကိစ္စ ဗာဟီရတွေနဲ့
အချိန်ကုန်နေရမယ့်ခေတ် မဟုတ်တော့ဘူး။ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တန်းတူရည်တူ လုပ်ကြရမယ့် အခြေအနေဖြစ်တယ်။

ရုပ်ရည်ရူပကာ ချောမောပြေပြစ်တဲ့ လူငယ်ကိုယ်စားလှယ်လောင်းတွေ ယခုလာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ကြမှာပါ။ သူတို့ရဲ့ရုပ်ရည်ထက် သူတို့ရဲ့အရည်အချင်းကို အဓိကထားကြည့်ဖို့ ဆော်သြကြသူတွေလည်းရှိပါတယ်။ လူငယ်တွေအနေနဲ့ အဆင်းရော အချင်းပါ ပြည့်စုံသူတွေဖြစ်ကြောင်း လက်တွေ့သက်သေပြကြဖို့လိုပါတယ်။ တကယ်
တော့ ရုပ်ရည်လှပခန့်ညားမှုရှိတာ ကောင်းပါတယ်။ မဲဆွယ်ရာမှာ အတိုင်းအတာတခုအထိ အထောက်အကူပြုစေနိုင်တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ရေရှည်မှာ စွမ်းဆောင်ရည်(အရည်အချင်း)ကပဲ အဆုံးအဖြတ်ပေးသွားမှာဖြစ်တယ်။

အရေပြားပေါ်က အလှက စပါးလုံးတထောက်စာသာ အရေးပါတယ်။ နှလုံးသားအလှ၊ ဦးနှောက်အလှ ၊လုပ်ရပ်အလှ၊ စေတနာအလှတွေကပဲ လူမှုဘဝဖွံ့ဖြိုးမှုနဲ့ လူ့အဖွဲ့အစည်း တိုးတက်ရေးကို အထောက်အကူပြုပေလိမ့်မယ်။ အခုချိန်က အရည်အချင်းပြည့်ဝတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ အကောင်းဆုံးအချိန်ပါပဲ။

မဲဆွယ်စည်းရုံးခရီးစဉ်တွေမှာ အမတ်လောင်းကိုယ်တိုင် လိုက်ပါပြီး ပြည်သူလူထုရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးမြန်းမှတ်သားနိုင်တယ်။ ပြည်သူ့ဘဝထဲကို လက်တွေ့ကွင်းဆင်း လေ့လာရင်းနဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို စွမ်းဆောင်ရည်ရှိသလောက် ဖြေရှင်းပေးနိုင်တယ်။ ပြည်သူ့အသံ ပြည်သူ့ဆန္ဒကို နားထောင်ဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းသာ ပါးရည်နပ်ရည် ရှိသူဖြစ်ရင် ပြည်သူ့လိုအပ်ချက်တွေ မှတ်သားပြီး အမတ်အဖြစ် အရွေးချယ်ခံရတဲ့အခါ လွှတ်တော်ထဲကို မေးခွန်းတွေအဖြစ် တပါတည်း သယ်သွားနိုင်သေးတယ်။ လွှတ်တော်အမတ်တွေက ရုပ်ရှင်ရိုက်မှာ မဟုတ်သလို ကြော်ငြာပိုစတာ ဝေါလ်ရှိထုတ်မှာ မဟုတ်လို့ ချောမောလှပစရာမလိုဘူးဆိုသည့်တိုင် ရုပ်ဆင်းရူပကာ ပြေပြစ်တင့်တယ်တာ ကောင်းပါတယ်။ တကယ်အရေးကြီးတာက ကြည်စင်ရှင်းသန့်တဲ့ မျက်နှာပိုင်ရှင်များ ဖြစ်ရင်ပြီးတာပါပဲ။

လွှတ်တော်တက်မယ့် အမတ်မင်းမျက်နှာက တလောကလုံး လုပ်ကျွေးနေတဲ့ စူပုတ်ပုတ်မျက်နှာမျိုးတော့ မဖြစ်သင့်ဘူး။ ဒီမိုကရေစီဖော်ဆောင်နေတဲ့ ဒီနေ့ခေတ်လိုအချိန်မျိုးမှာ ပြည်သူက မဲထည့်လို့ လွှတ်တော်ထဲရောက်ရမယ့် အမတ်မင်းတွေဟာ မျက်နှာရှစ်ခေါက်ချိုးနဲ့ ပြည်သူကို အစေအပါးသဖွယ် အော်ဟစ်ငေါက်ငမ်းတာမျိုးကတော့ မကောင်းဘူးပေါ့။

တချို့အမတ်မင်းတွေက ဘာရယ်မဟုတ်ဘူး။ တိုက်ပုံဝတ် ခေါင်းပေါင်းပေါင်းပြီး လွှတ်တော်တက်ခွင့်ရတာနဲ့ တွေ့တဲ့ လူတိုင်းကို ငေါက်မယ်ဆိုတာချည်းပဲ။ ရုပ်လှတာ မလှတာကတော့ အတိတ်ကံပေါ့။ တချို့က ရုပ်မလှရုံတင် မကဘူး။ စိတ်ဓာတ်ကလည်းမလှ လုပ်ရပ်ကလည်း အောက်တန်းကျဆိုတာတွေက ရှိသေးတယ်။ မျက်နှာပေးချိုချိုသာသာနဲ့ မဲဆန္ဒရှင်ပြည်သူကို နွေးနွေးထွေးထွေး ဆက်ဆံတတ်အောင်တော့ သက်ဆိုင်ရာမိခင်ပါတီများက ကိုယ်စားလှယ်လောင်းတွေကို လေ့ကျင့်သင်ကြားပေးထားရပါ့မယ်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများလည်း ကိုယ့်ကိုယ်ကိုယ ်တာဝန်ယူကြရမယ့်သူတွေဖြစ်လို့ မဲဆန္ဒရှင်တွေနဲ့ စကားစမြည်ပြောတဲ့အခါ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ပြောတတ်ဆိုတတ်အောင် အခုကတည်းက လေ့ကျင့် သင်ကြားထားကြပါ။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်အရွေးချယ်ခံမယ့်သူတွေကို ပြည်သူတယောက်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ရုပ်လှခြင်း မလှခြင်းထက် စိတ်ဓာတ်နဲ့ လုပ်ရပ်တွေလှပဖို့ စေတနာလှပဖို့ အလုပ်နဲ့ သက်သေပြကြပါ။

လူကြီးမင်းတို့ရဲ့လုပ်ရပ်ကို ပြည်သူတွေက ဆန္ဒမဲနဲ့ အကဲဖြတ်ပေးပါလိမ့်မယ်။ ပြည်သူ့အဆုံးအဖြတ်ကို ရယူကြပါ။ မဲဆန္ဒရှင် ပြည်သူတွေကိုလည်း တဆက်တည်း ပန်ကြားလိုတာက ကိုယ်မဲပေးမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ ကိုယ့်ရပ်ကိုယ့်ရွာအတွက် ဘယ်လောက်ထိ ဆောင်ရွက်ထားပြီလဲ။ အတိတ်က သူဘာတွေ လုပ်ခဲ့သလဲ။ အခု လက်ရှိမှာရော သူဘာတွေ လုပ်နေသလဲ။ နောင်အနာဂတ်မှာရော သူဘာတွေ လုပ်မှာပါလိမ့် ဆိုတဲ့ပေတံတွေနဲ့ တိုင်းတာပြီးမှ အဖိုးတန်တဲ့မဲတပြား ပေးစေလိုပါတယ်။

မိတ်ဆွေတို့ မဲပေးမှားခဲ့ရင် လွှတ်တော်သက်တမ်း ၅ နှစ် ထပ်ခံကြရဦးမှာပါ။ မဲပေးမမှားရအောင် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေရဲ့ ရုပ်ရည်ရူပကာမှာပဲ နစ်မွန်းမနေကြပါနဲ့။ ရွေးကောက်ပွဲ ဝင်မယ့်ကိုယ်စားလှယ်လောင်းတွေ အကြောင်း သေချာစေ့ငုကြပါ။ မဲပေးမှားခဲ့ရင် မိတ်ဆွေတို့ရဲ့ မဲဆန္ဒနယ်ကွက်ကွက်လေးသာမက နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကိုပါ အဟန့်အတားဖြစ်စေပါတယ်။

ကျနော်တို့မှာ မဲပေးရွေးချယ်တဲ့ အတွေ့ကြုံကောင်းတွေ ရှိခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အရွေးခံပြီး လွှတ် တော်ထဲမှာ ငုတ်တုပ်ထိုင်ငိုက်ခဲ့တဲ့ အမတ်အချို့တွေ့ခဲ့ရပြီးပြီ။ ခွင့်ရက်ရှည်ယူပြီး မိသားစုနဲ့ အိမ်မှာပြန်နှပ်နေတဲ့ အမတ်မင်းတွေနဲ့လည်း ဆုံခဲ့ရသေးတယ် မဟုတ်လား။ တချို့အမတ်မင်းတွေက လွှတ်တော်တော့ တက်ပါရဲ့၊မေးခွန်း လည်း မထုတ်၊အဆိုလည်း မတင်၊ လစာယူရုံသက်သက်လားလို့ မေးရလောက်အောင် ငြိမ်ချက်သားကောင်းတဲ့ တေမိ အမတ်တွေလည်း ရှိခဲ့တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ ကျနော်တို့ရွေးခဲ့တာပဲ မဟုတ်လား။

အဲဒီကောင်းမွေဆိုးမွေကို ကျနော်တို့ ခံခဲ့ကြရတယ်လေ။ မိတ်ဆွေအနေနဲ့ကိုယ်စားလှယ်လောင်းလုပ်ဖို့ ဆန္ဒရှိပါ သလား။ အခုလာမယ့် ၂၀၁၅ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲကတော့ မမီတော့ဘူး။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ အတွက် အချိန်တွေ လုံလုံလောက်လောက်ရပါသေးတယ်။

မိတ်ဆွေအနေနဲ့ ကာယလေ့ကျင့်ခန်းမတွေ ဂျင်မ်တွေ သွားပြီး အဆီချဝိတ်လျှော့ရန်မလိုပါ။ မော်ဒယ်လ်သင်တန်း တက်ဖို့ စဉ်းစားထားတယ်ဆိုရင် ဖျက်ပစ်လိုက်ပါ။ ဗြူတီဆလွန်းနဲ့ အလှကုန်ပစ္စည်းရောင်းချတဲ့ ကောင်တာတွေမှာ အချိန်ကုန်မခံပါနဲ့။

ပြည်သူတွေနဲ့ နွေးထွေးတဲ့ဆက်ဆံရေးရအောင် တည်ဆောက်ထားပါ။ အကြားအမြင်ဗဟုသုတများအောင် စာများ များဖတ်ထားပါ။ လူထုခံစားမှုကို မျှဝေနားလည် ခံစားတတ်သူဖြစ်ရန် လိုအပ်ပါတယ်။ အထူးသဖြင့် ပြည်သူနဲ့ တသား တည်း ကျပြီး ပြည်သူ့ဘဝတိုးတက်မြင့်မားရေးကို ကိုယ်စိတ်နှလုံးသုံးပါးလုံးဖြင့်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားဖို့သာ
လိုအပ်ပါတယ်။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.