fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သူ့အတွေး သူ့အမြင်

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲစာရင်း လူရယ်စရာ ကောင်းနေပြီ

ဘာကြောင့် လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက မဲစာရင်းကို ရှင်းလင်းအောင် မလုပ်ခဲ့သလဲ။ အခုလို ရွေးကောက်ပွဲ ကျင်းပဖို့ ၄ လ လောက်ပဲ လိုတော့တဲ့ အချိန်မှာ မဲစာရင်းက အမှားအယွင်း ၉၀ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။


Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာလထဲမှာ ကျင်းပမယ်လို့ဆိုထားတဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ရန်ကုန်မှာ ပြောနေဖြစ်ကြတဲ့ အကြောင်းအရာကတော့ လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိဆိုတာပါပဲ။ မြန်မာနိုင်ငံက ဒီမိုကရေစီ စနစ်ဆီကို နောက်ထပ် ခြေတလှမ်းတိုးသွားတာကို မြင်တွေ့ရနိုင်မယ့် အများက ယုံကြည်လက်ခံနိုင်လောက်စရာ ရလဒ် အဖြေ ထွက်ပေါ်လာနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်ပေးနိုင်အောင် အားလုံးက အချိန်တွေ ငွေတွေအပါအဝင် ရင်းနှီးမြှုပ်နှံမှု အမြောက်အများလည်း ပြုလုပ်ထားကြပြီး ဖြစ်ပါ တယ်။

ဒါပေမယ့် နေပါဦး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုလို့ ဒါက ထင်ရောင်ထင်မှားမှုတခု သက်သက်လား၊ ဒါမှမဟုတ် မျှော်လင့်ချက်နဲ့ တွေးနေ မိတာပဲလား။ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အရဆိုရင်တော့ မျှော်လင့်ချက်တွေအတွက် နေရာက နည်းနည်းပဲ ရှိတဲ့ပုံပေါ်နေပါတယ်။ အနည်းဆုံး တခုပြောရရင်တော့ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မဲဆန္ဒရှင် စာရင်းပါပဲ။ အမှားအယွင်းတွေကြောင့် သတင်းတွေမှာ ဖော်ပြခံနေရပြီ ဖြစ်ပါတယ်။ နိုင်ငံတကာက ကျွမ်းကျင်သူတွေ၊ ရွေးကောက်ပွဲစနစ်ကို ခေတ်မီစေရေးအတွက် နောက်ဆုံးပေါ် ဆော့ဖ်ဝဲတွေနဲ့ အီလက် ထရော နစ် နည်းပညာတွေအသုံးပြုမယ်၊ မဲဆန္ဒရှင်တွေ ကိုယ်တိုင်စာရင်းသွင်းနိုင်ဖို့အတွက် လွယ်ကူအောင် လုပ်ဆောင်မယ်လို့ ပြောခဲ့တာတွေကလည်း စန်းတင်တာ သက်သက် ဒါမှမဟုတ် လက်တွေ့ကို အခြေမခံတဲ့ စိတ်ကူးယဉ်တွေ ဖြစ်လာခဲ့ရပါတယ်။

အဓိက အလှူရှင်တွေဖြစ်တဲ့ USAID၊ British aid၊ Australian aid နဲ့ နော်ဝေနိုင်ငံ အပါအဝင် အခြားနိုင်ငံတွေက အတည်ပြုပေးပြီး ဖြစ်တဲ့ အမေရိကန် ဒေါ်လာ သန်း ၄၀ ကနေ ၅၀ အတွင်းရှိတဲ့ ပမာဏထဲက အခု အချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါး သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ ထိရောက်မှု ပိုမိုအားကောင်းလာစေဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(INGO) တွေကနေ တဆင့် ငွေကြေး ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထောက်ပံ့ကူညီပေးရေး အဖွဲ့အစည်းနဲ့ နည်းလမ်းတွေကနေတဆင့် အစိုးရကို အခြားသော ပုံစံတွေနဲ့ ငွေကြေး ထောက်ပံ့မှု အမြောက်အမြား ရှိခဲ့တာကိုလည်း မမေ့သင့်ပါဘူး။ အဲဒီကနေလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အကျိုးကျေးဇူးရရှိခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၎င်းအတွက် ခွင့်ပြုငွေကို ကျပ်ငွေ ၅၇၀၀ ဒဿမ ၈၁၁ သန်းအထိ တိုးမြှင့်ပေးဖို့ လွှတ်တော်ကို တင်ပြထားပါတယ်။ ကုန်ကျစားရိတ် အများစုဟာ ဧည့်ခံကြိုဆိုရေး စရိတ်နဲ့ မဲရုံမှာ တာဝန်ယူမယ့် စေတနာ့ဝန်ထမ်းတွေ ကို ဧည့်ခံကျွေးမွေးဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် အခုမေးရဖို့ ဖြစ်လာတဲ့ မေးခွန်းကတော့ ဘာကြောင့် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက မဲစာရင်းကို ရှင်းလင်းအောင် မလုပ်ခဲ့သလဲဆိုတာပါပဲ။ အခုလို ရွေးကောက်ပွဲ ကျင်းပဖို့ ၄ လ လောက်ပဲ လိုတော့တဲ့ အချိန်မှာ မဲစာရင်းက အမှားအယွင်း ၉၀ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ ဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ၎င်းရဲ့ နည်းပညာ အကြံပေးတွေဟာ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့ အဓိက အတိုက်အခံ ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) နဲ့ အခြားအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အထင်အမြင်သေး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ “ထုတ်ပြန်ထားတဲ့ စာရင်းက ကနဦးအဆင့်မှာသာရှိသေးတဲ့အတွက် အချက်အလက်တွေ ထည့်သွင်းတဲ့နေရာမှာ မှားယွင်းမှုတွေ ရှိနိုင်တယ်” လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် တာဝန်မဲ့စွာ ပေါ့ပေါ့ဆဆ ပြောတယ်လို့တောင် ယူဆရမလို ဖြစ်နေပါတယ်။

မြို့ပေါ် မဲဆန္ဒနယ်တွေဖြစ်တဲ့ ရန်ကုန်နဲ့ နေပြည်တော်လို နေရာတွေမှာတောင် ၂ နှစ်လောက် စမ်းသပ်လုပ် ဆောင်ခဲ့တဲ့ မဲစာရင်းက အမှားအယွင်း ၉၀ ရာခိုင်နှုန်းခန့် ရှိနေခဲ့ရင် တိုင်းပြည်ရဲ့ ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာ ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်မှာလဲလို့ တွေးတဲ့သူတွေလည်း ရှိနေပါပြီ။ အဲဒီဒေသက မဲဆန္ဒရှင်ပြည်သူတွေက မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒရှင်စာရင်း စစ်ဆေးခြင်းတွေနဲ့ ပတ်သက်လို့ ဗဟုသုတ မရှိသလောက်ပါ။ လတ်တလော သွားရောက်ခဲ့တဲ့ ကျေးလက်ဒေသ ခရီးတွေမှာ နွမ်းပါးတဲ့ ပြည်သူတွေက ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ဘာမှ မသိကြတာ တွေ့ရပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်က မြို့နယ်အချို့နဲ့ ရှမ်းပြည်နယ်ရဲ့ အစိတ်အပိုင်းအချို့မှာ ရွေးကောက်ပွဲအကြောင်း မပြောကြသလို ရန်ကုန် ဆင်ခြေဖုံး မဲဆန္ဒနယ်တွေမှာတောင် မဲဆန္ဒရှင်တွေကို ပညာပေးခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အလှူရှင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း (INGO) တွေရဲ့ မဲဆန္ဒရှင်ပညာပေး အစီအစဉ်အတွက် သုံးရမယ့် သန်းနဲ့ ချီတဲ့ ဒေါ်လာတွေ ဘယ်ရောက်သွားလဲဆိုတာကို မေးဖို့ လိုအပ်လာပါလိမ့်မယ်။ ဒီပိုက်ဆံတွေကို အကုန် သုံးလိုက်ပြီလား။ ဒါပေမယ့် ဒီအားထုတ်မှုရဲ့ အသီးအပွင့်က ပေါ်ထွက်မလာခဲ့ပါဘူး။ ရန်ကုန်မြို့ ပန်းဆိုးတန်း အထက်လမ်းမှာ လက်ဘက်ရည် ဆိုင်ဖွင့်ထားတဲ့ ကိုကျော်လွင်က မဲဆန္ဒရှင် စာရင်းမှားယွင်းမှုတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ပြောခဲ့တာကို ပြန်အမှတ်ရမိပါတယ်။ “သစ်ကိုင်းတွေကိုပဲ ရေဖြန်းပြီး အမြစ်ကိုရေမဖြန်းဘဲ ထားတဲ့ အချိန်မှာ ကျနော်တို့က အသီးအပွင့်ကို ဘယ်လိုမြင်တွေ့နိုင်မှာလဲ” လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကို မကြေညာမီ ဒါမှမဟုတ် အနည်းဆုံးတော့ ရွေးကောက်ပွဲနေ့ မတိုင်မီ တလအလိုမှာ မှန်ကန်တဲ့ မဲစာရင်း ထုတ်ပြန်မပေးနိုင်ဘူးဆိုရင် ရွေးကောက်ပွဲကော်မရှင်နဲ့ သူ့ရဲ့ အကြံပေး တွေအတွက် ခေါင်းမဖော်နိုင်အောင် အရှက်ရစရာ ဖြစ်လာပါလိမ့်မယ်။ တကယ်တော့ မဲဆန္ဒရှင် စာရင်း မှန်ကန်အောင် ပြင်ဆင်ဖို့ အတွက် ဒုံးပျံလုပ်တဲ့ နည်းပညာမလိုပါဘူး။ လိုအပ်တဲ့ လျှောက်လွှာတင်ဖို့နဲ့ အရင်းအမြစ်တွေကို မှန်ကန်စွာ အသုံးပြုဖို့ပဲ လိုအပ်ပါတယ်။ တကယ်လို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တီးတိန်၊ မြစ်ကြီးနားနဲ့ အလုံမြို့နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ အကြို စမ်းသပ်မှု ၃ ခုနောက်ပိုင်း၊ ရှိပြီးသားစာရင်းကို စိစစ်တည်းဖြတ်ဖို့ အတွက် အရည်အသွေးမြင့်တဲ့ မဲဆန္ဒရှင် မှတ်ပုံတင်တဲ့ ဆော့ဖ်ဝဲတွေ အသုံးပြုခဲ့ကြောင်း သတင်းတွေပြန့်နှံ့ခဲ့ပြီး နောက်ပိုင်းနဲ့ မဲဆန္ဒရှင် ပညာပေး အစီအစဉ်တွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေကို မဲဆန္ဒရှင် စာရင်းသွင်းမှု စောင့်ကြည့်လေ့လာရေး သင်တန်းတွေပေးခဲ့တယ်လို့ ဆိုတဲ့ အချိန်မှာ ဒီလို အမှား အယွင်းတွေနဲ့ ပတ်သတ်ပြီး ဘယ်သူက ရှင်းပြနိုင်မှာလဲ။ ရွေးကောက်ပွဲမတိုင်မီ ၄ လ အတွင်းမှာ ခက်ခဲတဲ့ အခြေအနေတွေကို ကျနော်တို့ ရင်ဆိုင်နေကြရပါတယ်။ အတက်လမ်းက ပိုပြီး မတ်စောက်လာပါပြီ။

မဲဆန္ဒရှင် စာရင်းသွင်းမှုကို စောင့်ကြည့်လေ့လာခဲ့တဲ့ အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်တဲ့ Peoples’ Alliance for Credible Elections (PACE) က “မွေးနေ့၊ မိဘအမည်နဲ့ မှတ်ပုံတင်နံပါတ်တွေ ကိုက်ညီမှု မရှိတာ ရှိခဲ့ရင် ဘယ်လို လုပ်ရမယ်ဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လမ်းညွှန်ကြီးကြပ်ပေးဖို့” ရွေးကောက်ပွဲ ကော်မရှင်ကို အကြံပြုလိုက်ပါတယ်။ မကြာသေးခင်က ရန်ကုန်တိုင်းက မြို့နယ် အများစုမှာ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ပြီးတဲ့နောက် မဲဆန္ဒရှင်တွေက အမှားအယွင်းတွေကို ထောက်ပြတဲ့အခါမှာ ရွေးကောက်ပွဲ တာဝန်ရှိသူ အများအပြားက ဘာလုပ်ရမှန်း မသိကြဘူးဆိုတဲ့ အသံတွေကြားရပါတယ်။ PACE က နောက်ထပ် အကြံပြုခဲ့တာကတော့ “ပြည်သူတွေကို မဲစာရင်းမှာ သူတို့ရဲ့ အချက်အလက်တွေကို ဘယ်လိုကြည့်ရမယ် ဆိုတာကို အစိုးရ နဲ့ ပုဂ္ဂလိက မီဒီယာတွေကတဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့နဲ့ ကော်မရှင်ခွဲ အဆင့်ဆင့် စွမ်းဆောင်နိုင်ရည် တည်ဆောက်နိုင်မယ့် အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့” ဖြစ်ပါတယ်။ တကယ်လို့ မဲစာရင်း မှားယွင်းမှုတွေက ပိုမိုကျယ်ပြန့်လာမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပိုမို ကောင်းမွန်တဲ့ ဖြေရှင်းချက်တခု ပေးရတော့မှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း သူ့ရဲ့ လေ့ကျင့် ပညာပေးမှုနဲ့ မဲဆန္ဒရှင် ပညာပေးအစီအစဉ်တွေမှာ မှားယွင်းမှု ရှိနေတာကို လက်ခံရတော့မှာ ဖြစ်ပါတယ်။

တကယ်လို့ ရွေးကောက်ပွဲနေ့က မဲဆန္ဒရှင်တွေ မဲရုံကိုသွားကြတဲ့ အချိန်မှာ သူတို့နာမည်ပျောက် နေတာ၊ ကျားနဲ့မ လွဲနေတာ တွေကြောင့် ဆန္ဒမဲပေးခွင့် ဆုံးရှုံးရတာတွေ ရှိလာခဲ့ရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒပေးသူစာရင်းဟာ ရွေးကောက်ပွဲတွေပြီးတဲ့ နောက်မှာ “၂ ထပ် ပြန်လည်စစ်ဆေးတဲ့ လုပ်ငန်း”ဖြစ်လာမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံတကာ အကြံပေးတွေရဲ့ အမှားအယွင်းသာ ဖြစ်လာပါလိမ့်မယ်။ အဲဒီ အချိန်ရောက်လာရင် ရွေးကောက်ပွဲ ကော်မရှင်နဲ့ သူ့ရဲ့ အကြံပေးတွေက “ဝမ်းနည်းပါတယ်။ နောက်တကြိမ်ကျရင် ဒီလို မဖြစ်စေရ ပါဘူး” လို့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်က ရွေးကောက်ပွဲတာဝန်ရှိသူတဦး ပြောခဲ့သလို မျိုး ပြောကြဦးမှာလား။

(စောညီညီသည် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတဦးဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.