fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သူ့အတွေး သူ့အမြင်

၂၀၁၅ ရွေးကောက်ပွဲနှင့် အလုပ်သမား သမဂ္ဂများ

စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖြစ်ထွန်းနေသည့် နိုင်ငံကြီးများတွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပရာတွင် အလုပ်သမား သမဂ္ဂများသည် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ၊ ရန်ပုံငွေကောက်ခံ လှူဒါန်းခြင်းများကို ပါဝင်ပတ်သက် လုပ်ဆောင်ကြသည်။


Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ အလုပ်သမားသမဂ္ဂများ၏ လှုပ်ရှားမူ တစုံတရာ မတွေ့ရခြင်းကို များစွာအံ့သြမိသဖြင့် ဤဆောင်းပါးအား ရေးသားတင်ပြခြင်း ဖြစ်ပါသည်။အလုပ်သမား အဖွဲ့အစည်း ဥပဒေနှင့် အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေများ (၂၀၁၁ ခုနှစ်) တွင် နိုင်ငံရေးနှင့် အလုပ်သမားအဖွဲ့အစည်းများ ပါဝင်ပတ်သက်ခွင့် မရှိစေရ ဆိုသည့် ဥပဒေ ပြဌာန်းထားသည်ကို တိကျရေရာစွာ ဥပဒေပြဌာန်းထားခြင်း မရှိသည်ကို တွေ့ရသည်။ တိကျစွာဖေါ်ပြရလျှင် နိုင်ငံတော်သမ္မတ၏ အတည်ပြု ပြဌာန်းချက်ဖြင့် ၎င်းအလုပ်သမားအဖွဲ့ အစည်းဥပဒေ အခန်း ၁၂ တားမြစ်ချက်များ စာမျက်နှာ ၂၃ ဥပဒေတွင် ဖေါ်ပြတားမြစ် ထားခြင်းမရှိသည်ကိုတွေ့ရပါသည်။

ယင်းအလုပ်သမားဥပဒေကို ကြည့်ခြင်းအားဖြင့် လက်ရှိအစိုးရသည် ဒီမိုကရက်တစ်နိုင်ငံ အတော်များများ၏ အလုပ်သမားဥပဒေများအား လေ့လာမှုအားကြီးခြင်းလား သို့တည်းမဟုတ် အားနည်းခြင်းလား ဆိုသည်ကို ၎င်းတို့မှသာလျှင် သိရှိပေလိမ်မည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ အတည်ပြုပြဌာန်းထားချက်နှင့် တည်ဆဲဥပဒေအရ အလုပ်သမား သမဂ္ဂများသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တရားဝင် ပါဝင်ပတ်သက်နိုင်ခွင့်ရှိ နေသည့် အခြေအနေတရပ် ဖြစ်ထွန်းနေပေသည်။

သမဂ္ဂနှင့် နိုင်ငံရေး

စစ်မှန်သည့် ဒီမိုကရေစနစ်ဖြစ်ထွန်းနေသည့်နိုင်ငံကြီးများတွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပရာတွင် အလုပ်သမားသမဂ္ဂများသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ၊ ရန်ပုံငွေကောက်ခံ လှူဒါန်းခြင်းများကို ပါဝင်ပတ်သက် လုပ်ဆောင်ကြသည်ကို တွေရှိရပေသည်။ ဥပမာ အင်္ဂလန်၊ အမေရိကန်၊ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် တွေ့ရှိရ ပေသည်။

အင်္ဂလန်နိုင်ငံတွင် ယခုနှစ် မေလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ ကန့်သတ်ချုပ်ချယ်သည့် ဥပဒေအသစ်များ ထွက်လာသည့်အခါ အလုပ်သမားများအတွက် လှုပ်ရှားမှု၊ စည်းရုံးရေးလုပ်ငန်းဖြစ်သည့် ၎င်းတို့ကြိုးပမ်းမှုများကို ထိခိုက်စေသဖြင့် အစိုးရကို ဗြိတိန်နိုင်ငံ အကြီးဆုံး အလုပ်သမားသမဂ္ဂများက ကန့်ကွက်ဆန္ဒပြခဲ့ကြပါသည်။ အစိုးရမှ မည်သည့်ဖမ်းဆီးမှုမျိုးကိုမှ ပြုလုပ်ခဲ့ခြင်းမရှိပေ။

စည်းရုံး ဆွယ်တရားဟောခြင်းများကို ထိန်းချုပ်ဟန့်တားမှုများသည် ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများကို ထိခိုက်လိမ့်မည်ဟု အလုပ်သမားသမဂ္ဂများက ပြောသည် ဆိုသည့်ခေါင်းစဉ်ဖြင့် FINANCIAL TIME သတင်းစာ (၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့စွဲ) တွင် ရေးသား ဖေါ်ပြခဲ့ပေသည်။ အမေရိကန်နိုင်ငံတွင် ဝန်ထမ်းအလုပ်သမားများ အပြည်ပြည်ဆိုင်ရာသမဂ္ဂ (Service Employees International Union – SEIU) မှ အမေရိကန် သမ္မတ အိုဘားမား ရွေးကောက်ပွဲအောင်နိုင်ရေး တွင် သက်တမ်းနှစ်ကြိမ်တိတိ ပံ့ပိုးထောက်ခံခဲ့ကြသည်။ ၂၀၁၂ ခုနှစ် အမေရိကန်နိုင်ငံရွေး ကောက်ပွဲတွင် သမ္မတ အိုဘားမားနှင့် အခြားဒီမိုကရက်များအတွက် ၎င်းတို့သမဂ္ဂမှ ဒေါ်လာသန်း ၇၀ ကို မဲအောင်နိုင် ရေးအတွက် အလှုူငွေထည့်ဝင် ပံ့ပိုးသုံးစွဲခဲ့ပေသည်။ ထိုပံ့ပိုးကူညီမှုအား အမေရိကန်နိုင်ငံ The Wall Street Journal သတင်းစာ (၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့) တွင် ဒီမိုကရက်များအတွက် ထိပ်တန်းလက်ကြီး သုံးစွဲမူသည် သမဂ္ဂဖြစ်သည် ဆိုသည့် ခေါင်းစဉ်ဖြင့် ဖေါ်ပြခဲ့ပေသည်။ ထို့အတူ ၎င်းတို့သမဂ္ဂမှ မည်သည့်ကိုယ်စားလှယ်လောင်းသည် မိမိတို့ အလုပ်သမားထုအတွက် အမှန်တကယ် ရပ်တည်ကူညီမည့် သူဟုတ်မဟုတ်ကို ကိုယ်စားလှယ် လောင်းများအား အင်တာဗြူးလုပ်သည့်သင်တန်းများပေးကာ ကိုယ်စားလှယ်လောင်းများကို အင်တာဗြူး စိစစ်ရွေးချယ်ကာ မဲဆွယ်စည်းရုံးခြင်းများကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပေသည်။

အိုင်အယ်လ်အို ပြဌာန်းချက်နှင့် နိုင်ငံရေး

အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့ချုပ် (အိုင်အယ်လ်အို) (International Labour Organization – ILO) ၏ လွတ်လပ်စွာအသင်းအပင်းများဖွဲ့စည်းခွင့်ဆိုင်ရာ ပြဌာန်းချက် အမှတ် (၈၇) အခန်း (၈) နိုင်ငံရေးလှုပ်ရှားမှုများနှင့် ဆက်စပ်မှုများ အပုဒ် (၄၄၉ မှ ၄၅၈ ထိ) ပါများအရ အနှစ်ချုပ်ဆိုရသော် အလုပ်သမားမဂ္ဂများသည် နိုင်ငံရေးပါတီများနှင့် လွတ်လပ်စွာ ဆက်စပ်လှုပ်ရှားနိုင်မှုကို ထူထောင်နိုင်ပြီး အစိုးရမှ ဝင်ရောက်စွက်ဖက်မှု မရှိသင့်ကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် အာဏာပိုင်များမှ သတ်မှတ်ပြဌာန်းချက်ပေါ် မူတည်၍ နိုင်ငံရေးလှုပ်ရှားမှု လုပ်နိုင်ခြင်း၊ ထိုသို့လုပ်ဆောင်ရာတွင် တားမြစ်ချက်ပေါ်တွင် မူတည်ကြောင်း၊ အလုပ်သမားသမဂ္ဂ များသည် ၎င်းတို့ အသင်းဝင်အလုပ်သမားများ၏ လူမှုရေး စီပွားရေး အကျိုးများဖြစ်ထွန်းစေရန် အတွက် နိုင်ငံရေးပါတီများနှင့်ဆက်စပ်နိုင်ခြင်း၊ အစိုးရအား တရားဝင် ဆန္ဒဖေါ်ထုတ်နိုင်ခြင်း နှင့် အတူ သမဂ္ဂခေါင်းဆောင်များ၊ သမဂ္ဂများက ဒီမိုကရေစီ အတည်ပြုထိန်းသိမ်းရေး (To uphold democracy) ဆိုသည့် ကြေညာဖေါ်ထုတ်ခြင်းကိုလည်း မတရား အနိုင်ကျင့်မှု မလုပ်ရန် လေးစားလိုက်နာရန် တို့ကို သတ်မှတ်ပြဌာန်းပါသည်။

လက်ရှိ မြန်မာအစိုးရ၏ သဘောထားအမှန်

ယခုနှစ် ၂၀၁၅ မေလ ၁ ရက် မေဒေးနေ့တွင် လက်ရှိ သမ္မတ၏ မေဒေးနေ့ သဝဏ်လွှာအား ကောက် နူတ်ဖေါ်ပြရသော် “အခြေခံလုပ်ခလစာ တိုးတောင်းရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ကြောက်ပြီး မလာကြရင် နိုင်ငံအခက်အခဲဖြစ်မယ်၊ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် အလုပ်ရုံစက်ရုံတွေ ပိတ်သွားရင် အလုပ်လက်မဲ့တွေဖြစ်သွားမယ်” ဆိုသည့် မိန့်ခွန်းကို ကြည့်ခြင်းဖြင့် အလုပ်သမားဖက်က ရပ်တည်ချက် တခုမှ ပါဝင်ခြင်းမရှိသည်ကို တွေ့ရပါသည်။

၎င်း သဝဏ်လွှာအား ဖတ်ကြားခဲ့သည်ကို အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဆိုသည့် သမဂ္ဂများ နှင့် အလုပ်သမားခေါင်းဆောင်ဆိုသူတို့သည် နှစ်ထောင်းအားရစွာ လက်ခံခဲ့ကြကာ မည်သည့်တုန်ပြန်မှု တစုံတရာကိုမျှ မလုပ်ခဲ့ခြင်းကိုလည်း တွေ့ရပေသည်။ အခြေခံလစာတိုး ပေးသည်ဆိုရာတွင်လည်း အလုပ်ရှင်များဖက်မှ ပြန်လည်တုန့်ပြန်လာသည့် ဖြတ်တောက်မှုများ ကြောင့် ဒုံရင်းလစာနှင့်မခြား ဖြစ်ရခြင်းများအပေါ်တွင်လည်း အရေးယူ ဆောင်ရွက်ပေးခြင်းမရှိသည်ကို တွေ့ရပေသည်။ ၎င်းအခြေခံလစာ သတ်မှတ်ရာတွင်လည်း အလုပ်သမားရေးရာ နားလည်တတ်ကျွမ်းမှုမရှိသည့် သမ္မတအကြံပေးဆိုသူ၏ ဦးဆောင်လမ်းညွှန်မှု အတိုင်း လိုက်နာကျင့်သုံးခဲ့သည်ကိုလည်း တွေ့ရှိရပေသည်။

သမဂ္ဂအဖွဲ့ချုပ်များ၏ အလုပ်သမားထုအပေါ် စာနာမှု

ယခုနှစ် လွန်ခဲ့သည် လပိုင်းနည်းငယ်အတွင်းက အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အမည်ခံ တခုသည် ယခု လက်ရှိ စစ်သား ၂၅ ရာခိုင်နူန်းဖြင့် ပူးတွဲအုပ်ချုပ်မင်းလုပ်နေသည့် အစိုးရ၊ အလုပ်ရှင်အဖွဲ့ တို့နှင့် သုံးပွင့်ဆိုင် သဘောတူညီမှု (MOU) ကို ပြုလုပ်ပြီးကြောင်း အခမ်းအနားတခုတွင် ကြေညာခဲ့ပေသည်။

ထိုသို့ပြုလုပ်ခြင်းသည် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် အလုပ်သမားထုအား လျစ်လျူရှု စော်ကားလိုက်ခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအစိုးရသည် စစ်မှန်သည့် ဒီမိုကရေစီရေး လမ်းကြောင်းပေါ်တွင် မရှိခြင်း၊ စစ်မှန်သည့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏ အခြေခံဥပဒေတွင် အစိုးရ၊ အလုပ်ရှင်တို့နှင့် ဆက်ဆံရေးမူဝါဒကို ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ရမည်၊ ထိုအခြေခံဥပဒေ ထဲတွင်လည်း အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း လုပ်ငန်းစဉ်များကို လုပ်မည်ဆိုပါက အဖွဲ့ချုပ်အဖွဲ့ဝင် အားလုံး၏ သဘောတူညီချက် အစည်းအဝေးဆုံးဖြတ်ချက်များ နှင့် လုပ်ကိုင်ရမည် ဆိုသည့်အချက် ပါဝင်စေရမည်ဖြစ်သည်။

သို့မဟုတ်ပါက သမဂ္ဂ ခေါင်းဆောင် တဦးတည်းသော်လည်းကောင်း၊ ရာခိုင်နူန်း မပြည့်သည့် ဗဟို ကော်မတီအနည်းငယ်၏ ဆုံးဖြတ်ချက်ဖြင့်လည်းကောင်း ပြုလုပ်ပါက ထိုသမဂ္ဂသည် အာဏာရှင် တစုကြီးစိုးသည့် သမဂ္ဂဖြစ်သွား ပေမည်။ ထို့အတူ အစိုးရ၊ အလုပ်ရှင်တို့ နှင့်ဆက်ဆံရေး မူဝါဒပိုင်းကို အခြေခံဥပဒေတွင် ပါဝင်ရေး ဆွဲထားခြင်း မရှိပဲနှင့် ထိုကဲ့သို့ပြုလုပ်ဆောင်ရွက်သည်ဆိုလျှင် အစိုးရနှင့် အလုပ်ရှင် တို့၏ လက်ကိုင်ဒုတ် အလုပ်သမား သမဂ္ဂတခုသာ ဖြစ်ပေသည်။

၎င်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်သည် ဖြတ်လမ်းနည်းဖြင့် လက်သင့်ရာစားတော်ခေါ်သည့် အစိုးရ နှင့် ပူးပေါင်းခြင်းသည် တောင်အာဖရိကနိုင်ငံရှိ တောင်အာဖရိကန် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ အာဖရိကန်အစိုးရနှင့် အာဏာရပါတီတို့ ပူးပေါင်းကာ လုပ်ဆောင်သည့် နည်းအား အတုယူကာ ၎င်းတို့အာဏာကြီးထွားရေးနှင့် အစိုးရတွင်း ဝင်ဆံ့နိုင်ရေးတို့အား ခါတော်မီလုပ်ဆောင်နေခြင်း ဖြစ်သည်ကို တွေ့ရှိနေရသည်။ တောင်အာဖရိကန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Congress of South African Trade Unions – COSATU) ကိုစာတု ဆိုသည်မှာ ၁၉၈၅ ခုနှစ် တွင် ၎င်းတို့နိုင်ငံရှိ အောက်ခြေထု အလုပ်သမားသမဂ္ဂများ စုစည်းကာ အောက်ခြေမှ တက်လှမ်း တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်ပေါင်း ၁ ဒဿမ ၈ သန်း နှင့် သမဂ္ဂအဖွဲ့ ပေါင်း ၃၃ ဖွဲ့ နှင့်ဖွဲ့ထားသည့် စစ်မှန်သော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကြီးဖြစ်ပေသည်။ သို့သော် အသားအရောင်ခွဲခြားရေးခေတ် ကုန်ဆုံးပြီး နောက်ပိုင်း ကိုစာတုသည် အစိုးရနှင့် နီးသွားပြီး အာဏာရ အာဖရိကန်အမျိုးသားကွန်ဂရက်ပါတီအတွက် အကြီးဆုံး နိုင်ငံရေး ထောက်တိုင် ဖြစ်သွားသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဟု အမည်ခေါ်တွင်သည့် အဖွဲ့များသည် ယခု ရွေး ကောက်ပွဲကာလ မတိုင်မီတွင် မိမိတို့ အလုပ်သမားများ နိုင်ငံသားတဦးအနေဖြင့် မဲပေးပိုင်ခွင့် ရရှိရေးလုပ်ငန်းများအား ထိရောက်သေချာစွာ လုပ်ဆောင်ခြင်းမရှိသည်ကိုတွေ့ရသည်။ ဥပမာ အားဖြင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ မဲပေးနိုင်ခွင့် ရရှိရန်အတွက် မည်သည့် လှုပ်ရှားမှု တစုံတရာမျှ မရှိပေ။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဦးရေ မှာ ၂ သန်းခန့်ရှိနေပြီး၊ တရားဝင်အလုပ် လုပ်ကိုင်ခွင့် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် အလုပ်သမား ဦးရေ ၃ သိန်း ခန့် ရှိသည်ကို ထိုင်းနိုင်ငံရွှေပြောင်းခြင်းဆိုင်ရာ ၂၀၁၄ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖေါ်ပြထားပေသည်။ ထိုရွှေ့ပြောင်း အလုပ်သမားများ၏ မဲပေးပိုင်ခွင့် နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရန် အတွက် အဓိက တာဝန်ရှိသည်မှာ အလုပ်သမားသမဂ္ဂများဖြစ်ပေသည်။

အထက်ဖေါ်ပြပါအချက်များကို လေ့လာပြီး အလုပ်သမားထုကြီးနှင့် အလှုပ်သမားသမဂ္ဂများသည် မိမိတှို့ အလုပ်သမားထု အကျိုးစီးပွားအား အမှန်တကယ်ရပ်တည်ပေးမည့် အစိုးရပေါ်ထွန်းရန် မှန်ကန်စွာရွေး ချယ် မဲပေးနိုင်ရန် လိုအပ်ပါ သည်။

ထို့ကြောင့် လက်ရှိအစိုးရနှင့် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နေသည့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အမည်ခံများရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့ ရွေးကောက်ပွဲ မတိုင်မီ စည်းရုံး ရေးကာလများတွင် အလုပ်သမားသမဂ္ဂများ နှင့် အလုပ်သမားထုကြီးမှ ၎င်းတို့ ကြိုက်နှစ်သက် သည့် ပါတီအား လွတ်လပ်ရဲဝံ့စွာ ဆန္ဒများဖေါ်ထုတ်ခြင်းများ၊ ထောက်ခံအားပေး စည်းရုံးခြင်းများ မလုပ်နိုင်ကြခြင်း၊ ကြောက်ရွံ့နေကြခြင်းများဖြစ်နေသလော သို့မဟုတ် ဗဟုသုတပေးမည့် ဗဟုသုတ ရှိနေသည့် သမဂ္ဂခေါင်းဆောင် အမည်ခံများက ဗဟုသုတများမပေးပဲ ထိန်ချန်ထားခြင်း များဖြစ်နေပြီလားဟု တွေးထင်မိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

(ချိုမောင်သည် ဘန်ကောက်မြို့တွင် အခြေစိုက်သော အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.