အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထားကို ၂၀၂၄ ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းကြေညာချက်တွင် နှစ်နိုင်ငံကြား စစ်မှန်သည့် “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတည်ဆောက်သွားမည်၊ တရုတ် တနိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည် စသည်တို့ အပါအဝင် အချက် ၁၀ ချက် ဖော်ပြထားသည်။
NUG ၏ တရုတ်နိုင်ငံဆိုင်ရာမူဝါဒ ကြေညာရသည့် အကြောင်းအရင်း၊ ကြေညာချက်ပါ အချက်အချို့နှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား ဧရာဝတီသတင်းထောက် စောရယ်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ဘာကြောင့် တရုတ်နိုင်ငံဆိုင်ရာမူဝါဒကို ထုတ်ပြန်ကြေညာရတာပါလဲခင်ဗျာ။
ဖြေ ။ ။ တကယ်က တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့မူဝါဒက ကျမတို့အစိုးရအဖွဲ့ထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာသံတမန်တွေ၊ နိုင်ငံတကာနဲ့ တွေ့ဆုံတဲ့အခါမှာ နိုင်ငံရေးဆွေးနွေးဝိုင်းတွေမှာရော မေးမြန်းလာတဲ့အခါ မှာရော ထုတ်ဖော်ပြောကြား လာတာတော့ ရှိပါတယ်။
ဒါတွေက တစုတစည်းတည်းနဲ့ Public Statement အနေနဲ့ ရှိမနေတော့ တခါတခါကျရင် ကျမတို့ NUG အစိုးရကို စစ်ကောင်စီရဲ့ လိုသလို ပုံဖျက်တာမျိုးတွေ၊ တရုတ်နဲ့ ပတ်သက်လို့၊ အိန္ဒိယနဲ့ပတ်သက်လို့ ကျမတို့ကို အနောက်ယိမ်း တယ်တို့၊ ဘယ်ဩဇာခံညာဩဇာခံ ဆိုတဲ့ နိုင်ငံရေးအရ မလိုလားအပ်တဲ့ အသုံးချမှုတွေပေါ့။
ကျမတို့က Silent (တိတ်ဆိတ်) ဖြစ်လေလေ။ အသုံးချလေလေ။ တောက်လျှောက် ရင်ဆိုင်ခဲ့ရတယ်။ ဒီမူဝါဒတွေက အသစ်လည်း မဟုတ်ပါဘူး။ ကျမတို့ တောက်လျှောက်ပြောခဲ့တာ တွေကို Organize (တစုတစည်းတည်း) ဖြစ်အောင်နဲ့ ရှင်းရှင်း လင်းလင်းဖြစ်အောင် ထုတ်ပြန်လိုက်တဲ့သဘော ဖြစ်ပါတယ်။
မေး ။ ။ NUG ရဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားရဲ့ နံပါတ် ၄ အချက်ဖြစ်တဲ့ တရုတ်တနိုင်ငံတည်းမူဝါဒကို ဆက်လက်ကျင့်သုံးမယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ အဓိကတော့ ဒီအချက်ကို မထည့် သင့်ဘူးဆိုတာမျိုးပါ။ ဒါနဲ့ပတ်သက်ပြီး ဘာမှတ်ချက်ပေးချင်ပါသလဲ။
ဖြေ ။ ။ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ဘယ်နိုင်ငံမဆို ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ တရုတ်နဲ့ပတ်သက်တဲ့ သဘောထားမူဝါဒ ထုတ်ပြန်မယ်ဆိုလို့ရှိရင် One China – Two System ဆိုတဲ့ ပုံမျိုးတွေ၊ ကိုယ့်နိုင်ငံအလိုက် ဖွင့်ဆိုချက်တွေ မည်သို့ပင်ရှိစေကာမူ တရုတ်တနိုင်ငံတည်းမူဝါဒအပေါ် ဘယ်လို သဘောထားလဲဆိုတဲ့ သဘောထားမှတ်ချက် မပါဘဲနဲ့တော့ တရုတ်နိုင်ငံဆိုင်ရာမူဝါဒ ထုတ်ပြန်မယ်ဆိုရင် မထုတ်ပြန် တာ ပိုကောင်းမယ်ဆိုတဲ့ စဉ်းစားချက်ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုရင် ကြည့်ကြည့်ပါ။ ဘယ်နိုင်ငံမဆို တရုတ်နဲ့ပတ် သက်တဲ့ Specific Engagement (သီးခြားထိတွေ့ ဆက်ဆံမှု) လုပ်မယ်ဆိုရင် ဒီသဘောထားက တရုတ်အတွက်လည်း အရေးကြီးပါတယ်။ ဒါက UN မှာလည်း Resolution ချမှတ်ထားတာ ရှိပြီးဖြစ်တဲ့အတွက် ဒါကို ရှောင်တိမ်းပြီး ပြောမယ် ဆိုရင် ဒီမူဝါဒက မထုတ်ပြန်တာ ပိုကောင်းမယ်လို့ ယူဆကြတဲ့အတွက် တရုတ်နဲ့ပတ်သက်ပြီး Specific Position ကို ပြောတဲ့အခါမှာ ထည့်ကိုထည့် သင့်တယ်လို့ယူဆလို့ ကျမတို့ ပြောခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ ကျားဖြန့်အွန်လိုင်းနဲ့လောင်းကစားကိစ္စ မူးယစ်ဆေးနဲ့ လူကုန်ကူးမှုတွေကို တရုတ်နိုင်ငံအပါ တခြားနိုင်ငံ တွေနဲ့ ပူးပေါင်းတိုက်ဖျက်မယ်လို့လည်း ကြေညာချက်မှာ တွေ့ပါတယ်။ ဘယ်လို တိုက်ဖျက်မှာပါလဲခင်ဗျ။ NUG မှာ အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေး Task Force ဖွဲ့ထားတယ်လို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။ အဲဒီအဖွဲ့က ဘာတွေလုပ်ဆောင်မှာပါလဲခင်ဗျ။
ဖြေ ။ ။ ကျားဖြန့်အွန်လိုင်းလောင်းကစားကိစ္စတွေ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု ဒါတွေကတော့ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးအလုပ်အဖွဲ့ဆိုပြီး ကျမတို့ NUG မှာ ဖွဲ့ထားတာရှိပါတယ်။ ဒီအဖွဲ့က ကျမတို့ လုပ်ရကိုင်ရတဲ့အခါမှာ အကန့်အသတ်တွေ ရှိနေတာတော့မှန်တယ်။ ဒီ Task Force ဖွဲ့ရတဲ့ အကြောင်းအရင်းကိုက ခုနကပြောတဲ့ Issue တွေပေါ့။ အွန်လိုင်းလောင်းကစားကိစ္စတွေ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုဆိုင်ရာကိစ္စတွေက ကျမတို့ တိုင်းပြည်ပတ် ပတ်လည်မှာ ကျမတို့တိုင်းပြည်ရဲ့ Territory (ပိုင်နက်) ထဲမှာ အခြေခံပြီးတော့ တိုးပွားလာနေတယ်။ ဒါကလည်း ဒေသတွင်းတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတဲ့ အနေအထားမျိုးတွေရှိတယ်။ ဒါကို လုံးဝ မျက်ကွယ်ပြုထားလို့ မရဘူး။
အဲဒီတော့ ကျမတို့ အကန့်အသတ်တွေရှိသည့်တိုင်အောင် ပညာပေးလုပ်ငန်းတွေ လုပ်နိုင်မယ်။ နယ်စပ်ဒေသတွေနဲ့ ကျမတို့ ထိန်းချုပ်ဒေသတွေမှာ ဒီလိုကိစ္စမျိုးတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီး၊ တိုက်ဖျက်ရေးလို့ပြောတဲ့ နယ် ပယ် ၃ ခုမှာ ကျမတို့က ကာကွယ်မှုနဲ့ပတ်သက်တဲ့ ပညာပေးတာတွေ လုပ်နိုင်မယ်။ ကာကွယ်တားဆီးတဲ့ကိစ္စလည်း ပညာပေးရင်းလုပ်နိုင်မယ်။ တိုက်ဖျက်ရေးမှာ ကျမတို့ အင်တိုက်အားတိုက်လုပ်ဖို့ အကန့်အသတ်ရှိတယ်။ ဒါပေမယ့် ဘာလုပ်လို့ရသလဲဆို သတင်းအချက်အလက်တွေ ဖလှယ်ခြင်းအားဖြင့် ဒီတိုက်ဖျက်ရေးမှာ ကျမတို့ ပူးပေါင်းပါဝင်လို့ ရမယ်။ အနည်းဆုံး အနေအထားအရပေါ့။ ဒီနယ်ပယ် ၃ ခုကို အခြေခံပြီး ကျမတို့ သက်ဆိုင်ရာ ဒေသတွင်းနိုင်ငံတွေနဲ့ ရော၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ရော NUG အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ဆိုပြီး ဒီ Task Force ကို ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ကျားဖြန့် အွန်လိုင်းလောင်းကစားကိစ္စနဲ့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုကိစ္စတွေကလည်း ဒီအတိုင်းပါပဲ။ TOC လို့ခေါ်တဲ့ Transactional Organize Crime ခေါင်းစဉ်အောက်ထဲမှာ ဝင်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံအတွင်းက တရုတ်၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြားလူမှုစီးပွားလုပ်ငန်းတွေရဲ့ လုံခြုံရေး ကို ထိန်းသိမ်းကာကွယ်မယ်ဆိုတဲ့အချက်က တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေဖြစ် တဲ့ လက်ပံတောင်းတောင်စီမံကိန်းတို့၊ သဘာဝဓာတ်ငွေ့ပိုက် လိုင်းတို့လို စီမံကိန်းတွေမှာ တိုက်ခိုက်မှုမလုပ်ဘူး။ တိုက်ခိုက်မှုတွေရှိလာရင်လည်း လက်မခံဘူးဆိုတာမျိုး ဆိုလိုတာ ပါလားခင်ဗျာ။
ဖြေ ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ အချက် ၂ ခုအပေါ်မှာ ကျမတို့အခြေခံပြီး ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ၁ အချက်ကတော့ ဒီရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ရှိရင် NUG က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒ ထုတ်ပြန်ထားတာရှိတယ်။ တရားမဝင် အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပြုလုပ်တဲ့ မည်သည့်သဘောတူညီချက်၊ ရင်းနှီးမြှုပ်နှံမှုကို မဆို တာဝန်ယူမှာမဟုတ်ဘူး။ အရပ်သားအစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ စစ်ကောင်စီ အာဏာမသိမ်းခင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က ကိစ္စတွေကိုပဲ ကျမတို့က တာဝန်ခံမယ်ဆိုတဲ့မူရယ်။
နောက်တခုက စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ လူမှုစီးပွား ဘဝတွေဆိုတာ PDF တပ်မတော်ရဲ့ Military Code of Conduct (စစ်ရေးဆိုင်ရာကျင့်ဝတ်) အရဆိုရင်လည်း အရပ် သားပစ်မှတ်တွေ ဖြစ်တယ်။ ဆိုတော့ ဒီအရပ်သားပစ်မှတ်တွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အခြေခံမူအောက် ကနေ ဆွဲထုတ်ပြီးတော့ ဒီအချက်အလက်ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီအောက်မှာ လက်ပံတောင်းတောင်စီမံကိန်းပဲဖြစ်ဖြစ်၊ ဘယ်စီမံကိန်းတွေပဲဖြစ်ဖြစ် စစ်ဘက်ဆိုင်ရာ Base အဖြစ် အသုံးပြုနေခြင်းမရှိတဲ့ အရပ်ဘက် Base တွေ၊ စီမံကိန်းတွေကိုတော့ အကာအကွယ်ပေးရမယ်ဆိုတာ စစ်ရေးဆိုင်ရာ Principle တခုလည်း ဖြစ်ပါတယ်။
မေး ။ ။ NUG က အခုထုတ်ပြန်တဲ့ တရုတ်နိုင်ငံဆိုင်ရာမူဝါဒလို နိုင်ငံအလိုက်ပေါ်လစီတွေ ထပ်ထုတ်ဖို့ရှိလား။ ဥပမာ – အမေရိကန်နိုင်ငံဆိုင်ရာမူဝါဒတို့၊ အရှေ့တောင်အာရှနိုင်ငံများနဲ့ ထိတွေ့ဆက်ဆံမယ့်မူဝါဒတို့၊ အိန္ဒိယနိုင်ငံ ဆိုင်ရာမူဝါဒ စတာမျိုးတွေ ထပ်မံလုပ်ဆောင်သွားဖို့ ရှိပါသလား။ အရင်ကရော အခုလို နိုင်ငံအလိုက် ပေါ်လစီတွေ ထုတ်ဖူးပါသလားခင်ဗျာ။
ဖြေ ။ ။ အခု NUG က ထုတ်ပြန်တဲ့ တရုတ်ဆိုင်ရာမူဝါဒလိုပဲ နိုင်ငံအလိုက်ပေါ်လစီတွေ ရှိလားဆိုတာနဲ့ပတ်သက် ရင် ကျမတို့ အခါအားလျော်စွာ လိုအပ်ရင်လိုအပ်သလို ထုတ်ပြန်သွားဖို့ရှိမယ်။ ဒါပေမယ့် အခြေအနေအပေါ်မှာ မူတည်ပြီး ထုတ်ပြန်သွားမှာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ဆက်ပြီးဖြေရလို့ရှိရင် ကျမတို့ နိုင်ငံခြားရေးမူဝါဒလည်းရှိတယ်။
နိုင်ငံအလိုက် ပေါ်လစီဆိုတာထက် Engagement လုပ်တဲ့အခါ ဘယ်လိုအခြေခံမူနဲ့ လုပ်မှာလဲဆိုတဲ့ Engagement Plan တွေ ကျမတို့ Develop လုပ်နေတာတွေ ရှိပါတယ်။ အထူးသဖြင့် အာဆီယံနဲ့ပတ်သက်ရင်လည်း ပြီးခဲ့တဲ့နှစ်က တည်းကပေါ့။ အာဆီယံ Engagement Plan ဆိုတာ ရှိပါတယ်။ အာဆီယံ Chair (ဥက္ကဋ္ဌ) ပေါ့။ အင်ဒိုနီးရှား ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းနေတဲ့အချိန်မှာ အရှေ့တောင်အာရှနိုင်ငံတွေ အထူးသဖြင့် အာဆီယံအဖွဲ့အစည်းနဲ့ ဘယ်လိုထိတွေ့ ဆက်ဆံမလဲဆိုတဲ့ဟာမျိုး ကျမတို့ Engagement Plan ပေါ့၊ မူဝါဒနဲ့ စီမံချက် Engage လုပ်ခဲ့တာတွေရှိတယ်။
နောက် တခုက အိမ်နီးနားချင်းဆိုင်ရာမူဝါဒတွေနဲ့ ပတ်သက်ပြီးတော့လည်း ၂၀၂၁ ခုနှစ်ကတည်းက ကျမတို့ ထုတ်ပြန် ခဲ့တာ ရှိပါတယ်။ အဲဒီမှာ အချက် ၅ ချက် ပါတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ အိန္ဒိယနဲ့ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ အခု နောက်ဆုံးထုတ်ပြန်တဲ့ တရုတ်နိုင်ငံဆိုင်ရာမူဝါဒနဲ့ပဲဖြစ်ဖြစ်၊ ထိုင်းနဲ့ပဲဖြစ်ဖြစ် ကျမတို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ကို ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
မေး ။ ။ ယေဘုယျအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ဘယ်လိုအခြေခံမူတွေနဲ့ ထိတွေ့ဆက်ဆံ မယ်ဆိုတာမျိုး မူချမှတ်ထားတာရော ရှိပါသလား။
ဖြေ ။ ။ နိုင်ငံခြားရေးမူဝါဒ ၂ ရပ် ရှိပါတယ်။ အဲဒါက “လွတ်လပ်၍ တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ ကို အခြေခံလျက် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် အထောက်အကူ ဖြစ်နိုင်သမျှသော နိုင်ငံများအား နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်အရေး စံချိန်စံညွှန်များနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ ဆက်ဆံသွားမည်” ဆိုတာက တခုပါ။ ဒုတိယက “မြန်မာနိုင်ငံ၏ ပထဝီ နိုင်ငံရေးကို သတိမူလျက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာ့ဒီမိုကရေစီအရေးနှင့် ဖွံ့ဖြိုးရေးကို အားပေးထောက်ခံသော ကမ္ဘာ့နိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မည်” ဆိုတာပါ။
ဒီမူဝါဒ ၂ ရပ်ပေါ် အခြေခံပြီးတော့ပဲ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ရော၊ နိုင်ငံတကာနဲ့ရော ဆက်ဆံတဲ့အခါမှာ ဒီမူဝါဒအပေါ် အခြေခံပြီး ဆက်ဆံသွားမှာ ဖြစ်ပါတယ်။ ဒီမူဝါဒအပေါ် အခြေခံထားတဲ့ လုပ်ငန်းစဉ် ၅ ရပ်လည်း ရှိပါ တယ်။ အခု ထုတ်ပြန်ချက်က အဲဒီ လုပ်ငန်းစဉ် ၅ ရပ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ကျမတို့ဟာ မြန်မာနိုင်ငံရဲ့တည်ရှိမှု ပထဝီနိုင်ငံရေးအခြေအနေကို သတိမူမိတယ်။ ကျမတို့ အလေးထားတယ်။
ဒါကြောင့်မို့ အိမ်နီးနားချင်းနိုင်ငံတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ မြန်မာ့ဒီမိုကရေစီအရေးနဲ့ဖွံ့ဖြိုးရေးကို အားပေး ထောက်ခံတဲ့ အာရှနိုင်ငံများဆိုတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုတို့၊ EU တို့ အစရှိသဖြင့် ဒီလိုနိုင်ငံတွေလည်း ပါပါတယ်။ ဒီလိုနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ မူဝါဒရှိပြီးသားဖြစ်တော့ ဒီမူဝါဒအပေါ်မှာပဲ အခြေခံပြီးတော့ လုပ်ငန်းစဉ်တွေ၊ Engagement Plan တွေ ရေးဆွဲတယ်။ လိုအပ်ရင်လိုအပ်သလို ထုတ်ပြန်ရတာ ဖြစ်ပါတယ်။
မေး ။ ။ တရုတ်နိုင်ငံဆိုင်ရာမူဝါဒကို NUG ဘက်က ထုတ်ပြန်တဲ့အတွက် NUG ဟာ တရုတ်နဲ့ နီးစပ်သွားပြီဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ၊ ပြောဆိုမှုတွေလည်း ရှိလာနိုင်ပါတယ်။ ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်ရင်ရော ဘယ်လို သဘော ထားပေးချင်ပါသလဲခင်ဗျ။
ဖြေ ။ ။ တရုတ်နိုင်ငံဆိုင်ရာမူဝါဒကို ထုတ်ပြန်လိုက်လို့ NUG က တရုတ်နဲ့ နီးစပ်သွားမယ်ဆိုတဲ့ စိုးရိမ်ပူပန်ချက်တွေ ကတော့ ကျမအနေနဲ့ မစိုးရိမ်ပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့နိုင်ငံရေးဆိုတာ အားလုံး Balance လုပ်နေကြတာပဲဖြစ်တယ်။ ဟိုတုန်းကလည်း ကျမတို့ကို ပြောတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို အနောက်နဲ့ နီးလွန်းတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ကျတော့ ဆက်ဆံရေးမလုပ်ကြဘူးလား။ အိန္ဒိယနဲ့ရော၊ ထိုင်းနဲ့ရော၊ အာဆီယံနဲ့ ရောပေါ့။ အနောက်ဘက်ယိမ်းတယ်လို့ ဒီလူတွေပဲ ဝေဖန်ကြတာပဲ။
အခုလည်း ဒီလိုမျိုး တရုတ်နိုင်ငံဆိုင်ရာမူဝါဒ ထုတ်ပြန်လို့ တခြားသောနိုင်ငံတွေနဲ့ ကင်းကွာသွားမှာလို့လည်း ပြောကြ ပြန်တယ်ပေါ့။ ကျမတို့က Balancing လုပ်ပြီး ဆက်သွယ်ဆောင်ရွက်နေကြတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ် စရာမရှိပါဘူး။ နိုင်ငံတကာဆက်ဆံရေးဆိုတာ တနိုင်ငံတည်းနဲ့ ဆက်ဆံလို့မရသလို ဒေသတွင်းတခုတည်းကိုပဲ Focus ထားလို့မရဘူး။ ဒေသတွင်းကို ကျော်လွန်ပြီး လက်တွေ့မကျတဲ့ကိစ္စတွေကို ချည်းကပ်လို့မရပါဘူး။ လက်တွေ့နဲ့ Principle နဲ့ကို ပေါင်းစပ်ပြီး နိုင်ငံတကာဆက်ဆံ ရေးကို ဆောင်ရွက်နေပါတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်စရာမရှိပါဘူး။ မစိုးရိမ်ကြပါနဲ့လို့ ပြောချင်ပါ တယ်။
မေး ။ ။ NUG အနေနဲ့ သံခင်းတမန်ခင်းနဲ့ပတ်သက်ရင် ဘာတွေဆက်လုပ်သွားမယ်လို့ စဉ်းစားထားပါသလဲခင်ဗျာ။
ဖြေ ။ ။ သံခင်းတမန်ခင်းနဲ့ပတ်သက်ရင် ကျမတို့မှာ လုပ်ငန်းစဉ် ၅ ရပ် ရှိပါတယ်။ အဲဒါတွေကတော့ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံမှုပိုမိုရရှိလာရန် ဆက်လက်ကြိုးပမ်းခြင်း၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတ ကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အာဆီယံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းနဲ့ တရားမျှတမှုနှင့် တာဝန်ခံမှုလုပ်ငန်းများအတွက် နိုင်ငံတကာ တရားစီရင်ရေးယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ် ၅ ရပ်အပေါ်မှာ အခြေခံပြီး တော့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။ အထူးသဖြင့် ဒီဘက် ကာလတွေမှာ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်ဆံရေး၊ ကျမတို့နိုင်ငံက ပြည်သူလူထုရဲ့ ရုန်းကန် လှုပ်ရှား မှုတွေ၊ ကျမတို့ရဲ့ နိုင်ငံရေးအရ မျှော်မှန်းချက်တွေ ကို အိမ်နီးနားချင်းနဲ့ ဒေသတွင်းနိုင်ငံတွေက ပိုမိုသိမြင်နားလည် လက်ခံလာနိုင်အောင်လို့ ပိုပြီးအားစိုက်ထုတ်သွားဖို့ ရှိပါတယ်။ တဖက်မှာလည်း ရှိထားပြီးသား အစဉ်အလာမဟာမိတ် တွေ၊ လူ့အခွင့်အရေးထောက်ခံတဲ့ အစဉ်အလာ မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကိုလည်း ဆက်လက်ပြီး ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
You may also like these stories:
စစ်တပ် ကိုယ်တိုင်က ပျက်နေပြီ၊ မပြောင်းလဲလို့ မရတော့ဘူး
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ မထုတ်လွှင့်လိုက်ရသော မိန့်ခွန်း
NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း