ရက္ခိုင့်တပ်တော် (AA)ဟာ ချင်းပြည်နယ် ပလက်ဝကစလို့ ရခိုင်မြောက်ပိုင်းက ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ စတဲ့မြို့တွေကို တမြို့ပြီးတမြို့ သိမ်းပိုက်လာရာ အခုဆိုရင် စစ်တွေနဲ့အနီးဆုံး ပုဏ္ဏားကျွန်းမြို့ကိုသာမက ရသေ့တောင်မြို့ကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။
လက်ရှိလည်း ကျန်နေသေးတဲ့ ဘူးသီးတောင်၊ မောင်တောမြို့များက စစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင်နေပြီး ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ခြင်းတို့တွေကို လုပ်ဆောင်နေတာ တွေ့ရပြီး စစ်ရေးကတော့ စစ်တွေကို ဦးတည်နေတယ်လို့ ဆိုကြပါတယ်။
ရခိုင်မြောက်ပိုင်းက ဒေသခံအများစုကတော့ AA သိမ်းပိုက်ထားတဲ့ နယ်တွေက မြို့ရွာတွေမှာ စစ်ရှောင်နေကြ ပေမယ့် လတ်တလောမှာ စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေနေရပါတယ်။ ဒါကြောင့် စစ်ရှောင်တွေရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့ ဒေသတွင်းက လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဧရာဝတီက ဒေသခံတဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ရက္ခိုင့်တပ်တော်(AA) က ရသေ့တောင် သိမ်းပြီးပြီလို့ သတင်းထုတ်ပြန်တယ်ဆိုတော့ ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ။ ။ လတ်တလော ရသေ့တောင်နယ်မှာ ဆက်သွယ်ရေး လိုင်းတွေပြတ်နေတယ်၊ ဟိုရက်ကတော့ ကျောက်တော် နယ်ကို ဖြတ်ပြီး လေယာဉ်တွေနဲ့ နေ့ရော ညပါ အကြီးအကျယ် ဗုံးကြဲတယ်၊ ရသေ့တောင်မှာက ဇန်နဝါရီလကတည်း က လူမရှိတော့ဘူး။ အခု AA က ရှင်းလင်းရေးတွေ ဆက်လုပ်နေတုန်းပဲ။
ပုဏ္ဏားကျွန်းကတော့ AA သိမ်းလိုက်ပြီးတဲ့နောက် လက်နက်ကြီး လက်နက်ငယ်သံတွေ တိတ်ဆိတ်သွားပြီလို့ ဆိုရ မှာပေါ့။ စစ်ကောင်စီအနေနဲ့ လေယာဉ်နဲ့ ဗုံးကြဲတာ တွေ သိပ်မရှိတော့တာမို့ AA စိုးမိုးထားနိုင်တယ်လို့ ပြောလို့ ရပါတယ်။
ဒါပေမယ့်လည်း ပုဏ္ဏားကျွန်းမြို့ခံအပါအဝင် မြို့အနီးအနားမှာရှိတဲ့ ကျေးရွာတွေကတော့ မိမိနေရပ် မိမိဒေသ မိမိနေ အိမ်တွေကို ပြန်လို့မရသေးပါဘူး။ အဲဒီနေရာတွေမှာ AA က မိုင်းရှင်းလင်းရေးနဲ့ လုံခြုံရေးအရ လမ်းဝင်ခွင့် မပေးသေး ဘူးလို့ သိရပါတယ်။
လက်ရှိမှာ ရမ်းဗြဲမြို့ဟာလည်း AA လက်ထဲ ရောက်ရှိသွားပြီဖြစ်ပေမယ့် မြို့အတွင်းက စစ်ကောင်စီ ထောင်ခဲ့တဲ့ မိုင်း ပေါင်းများစွာ ရှင်းလင်းရေး လုပ်ရဦးမှာဖြစ်လို့ ဒေသခံတွေ ပြန်လည်ဝင်ရောက်နေထိုင်ခြင်း မပြုသေးဖို့ AA က မေတ္တာ ရပ်ခံထားပါတယ်။
မြောက်ဦးကိုလည်း ၁၇ရက်နေ့က ဗုံးထပ်ကြဲခံရတယ်၊ မြို့ကတော့ ပျက်စီးနေပြီ၊ လတ်တလော မြို့ခံတွေကို AA က ဝင်ခွင့် မပေးသေးဘူး။ မြို့လူထုက ပစ္စည်းတွေ ဒီအတိုင်းထား ထွက်ပြေးရတာဆိုတော့ ကျန်တဲ့ပစ္စည်း သူခိုးသူဝှက် ရန်က ကင်းအောင် ဝင်ခွင့်မပေးသေးတာဆိုတယ်။
မေး။ ။ စစ်တွေအခြေအနေကရော ဘယ်လိုရှိပါသလဲ
ဖြေ။ ။ စစ်တွေက အခြေအနေမကောင်းဘူး၊ မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ ဆိုတော့ ဌာနဆိုင် ရာ ရော မြို့လူထုရော ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြေးကြပြီ မြို့မှာ လူသိပ်မရှိတော့ဘူး။
အခုဆို မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးကျလို့ လူတွေ သေဆုံးတာရှိသလို မြို့ကနေ ပင်လယ်ပြင်ကို ဖြတ်ပြီး နယ်ဘက်ကို စက်လှေတွေနဲ့ ထွက်ပြေးတဲ့ သူတွေ ကို လည်း နေဗီကနေ သေနတ်နဲ့ လှမ်းပစ် လို့ သေဆုံးတာတွေလည်း ရှိနေတယ်။
စစ်တွေမှာ ကျန်နေတာဆိုလို မွတ်စလင်အသိုင်းအဝန်းပဲ ရှိတယ်၊ သူတို့က ပြေးစရာလည်း မရှိ၊ မှတ်ပုံတင်လည်း မရှိဆိုတော့ စစ်ကောင်စီက လိုသလို အသုံးချတာတွေကို သိနေတွေ့နေရတယ်။ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူဘက် က ဒေသခံ မွတ်စလင်တွေကိုတော့ အတင်းအဓမ္မခေါ်ဆောင်ပြီး စစ်သင်တန်းတွေ ပေးနေတာမျိုးတွေ လုပ်နေပါတယ်။
မေး။ ။ မြို့ရွာဒေသ တော်တော်များများကို AA က သိမ်းပိုက်ပြီးပြီဆိုတော့ လုံခြုံရေး၊ တရားဥပဒေကိစ္စတို့ အုပ်ချုပ်ရေး ပိုင်းတို့မှာ ဘယ်လိုတွေ ဆောင်ရွက်နေတာကို တွေ့ရပါသလဲ။
ဖြေ။ ။ နိုဝင်ဘာ ၁၃ ရက် တိုက်ပွဲမဖြစ်ခင် ရှေ့ပိုင်းမှာ AA/ULA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေ တည် ဆောက်ခဲ့ အတိုင်း လက်ရှိမှာ ဆက်လက် လည်ပတ်နေတယ်လို့ ဆိုရမှာပါ။
ဒါပေမယ့် စစ်ရေးပြင်းထန်နေတဲ့ကာလမို့ အုပ်ချုပ်ရေးက ပုံမှန်အနေအထားထက် စစ်ရေးဘက်ကိုပဲ AA အာရုံစိုက် နေရသလို၊ ရခိုင်ဒေသက ပြည်သူလူထုအနေနဲ့လည်း အရင်လို နယ်မြေတည်တည်ငြိမ်ငြိမ် မရှိတဲ့အတွက် စစ်ရှောင် တွေအနေနဲ့ပဲ နေနေကြပါတယ်။
မေး။ ။ တိုက်ပွဲတွေ စစ်ပွဲတွေကြောင့် စီးပွားရေးတွေလည်း ရပ်သွားသလို ပျက်စီးသွားပြီဆိုတော့ ဒေသတွင်းကလူတွေ ဘယ်လိုတွေ လုပ်ကိုင်စားသောက်နေပါသလဲ။
ဖြေ။ ။ ရခိုင်ဒေသမှာ ဒီလိုအချိန်ဆိုရင် ဆောင်းသီးနှံနဲ့ မိုးစပါး ရိတ်သိမ်းတာရှိပြီးတော့ မိုးစပါးက တိုက်ပွဲမဖြစ်ခင် ကာလ အတွင်းမှာ အချိန်မီ ရိတ်သိမ်းနိုင်တဲ့ လယ်သမားတွေရှိသလို စစ်ကောင်စီတပ်နဲ့ အနီးဆုံးမှာရှိတဲ့ ရွာတွေ ကတော့ မရိတ်သိမ်းနိုင်ကြဘဲ စပါးတွေကို ဒီအတိုင်း ပစ်ထားခဲ့ကြရပါတယ်။
တိုက်ပွဲကြောင့် လမ်းကြောင်းတွေ အားလုံး ပိတ်သွားတာကြောင့် ရှိတဲ့ သီးနှံတွေက ဈေးကွက် မပို့နိုင်သလို ဝယ်မယ့် သူလည်း မရှိဘူး။ ဘူးသီးတောင်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ရပ်တန့်သွားတာ ကြာပါပြီ။ လက်ရှိ တိုက်ပွဲ တွေက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမှာ ဆက်ဖြစ်နေတာမို့ ကုန်စည် ကူးသန်းရောင်းဝယ်မှု ကုန်သွယ် ရေး တွေ မလုပ်နိုင်တော့ပါဘူ။ ဒါ့ပြင် နယ်စပ်ဖြတ်ကျော်ခွင့်ကိုလည်း ပိတ်ထားပါသေးတယ်။
လက်ရှိမှာတော့ ပြည်ပဘက်နဲ့လည်း ကုန်းလမ်း ရေလမ်းကြောင်း အကုန် ပိတ်ဆို့ခံထားရလို့ ကုန်သွယ်ရေးတွေ ပြတ် တောက်လို့ နေပါတယ်။
မေး။ ။ ဒါဆို စားသောက်ရေး အခြေအနေကရော ဘယ်လိုရှိပါသလဲ
ဖြေ။ ။ နိုဝင်ဘာကတည်းက တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေ စစ်ရှောင်ရတာ ၄ လကျော်ခဲ့ပြီဖြစ်ပြီး လက်ရှိ မှာတော့ ကုန်ဈေးနှုန်း အဆမတန် မြင့်မားလာမှုကြောင့် ခက်ခဲကျပ်တည်းလို့ နေပါတယ်။ မိသားစုက ဝင်ငွေ ပုံမှန် မရှိတာ၊ ပြေးလွှားနေရတာတွေကြောင့် စားဝတ်နေရေးအတွက် တော်တော် ရုန်းကန်နေကြရပါတယ်။
“ရှိတဲ့ဟာလေးနဲ့ မသေရုံတမယ် အသက်ရှင် ရပ်တည်ဖို့လောက်ပဲ ဦးစားပေးပြီး စားသောက်နေထိုင်နေကြရတယ်”
ဒေသထွက် ဆား၊ ငရုတ်သီးစတာတွေ ဈေးတွေ အဆမတန် တက်နေပြီး ကြက်သွန်နီတို့ ကြက်သွန်ဖြူတို့ ဆိုရင် မီးဖိုချောင်မှာ မမြင်တွေ့ရတဲ့ အနေအထားထိကို ရောက်နေပြီ ဆန်က ဒေသထွက်တွေ ရှိနေတာမို့ ပြတ်လပ်တဲ့အထိ မဖြစ်သေးပေမယ့် လုံလောက်မှု မရှိတော့ဘူး။
အခုတော့ မင်းပြားဘက်မှာ မီးဖိုချောင်သုံး စားသောက်ကုန်လေးလေးတော့ ဝင်လာနေပါပြီ။
လက်ရှိမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆန်နဲ့ စားနပ်ရိက္ခာတွေကို ကူညီပေးတာမျိုးတွေ ရှိတယ်ဆိုပေမယ့် အများ စုကတော့ ကိုယ့်ဘာသာ ရှာဖွေစားသောက်နေကြရပါတယ်။
အိမ်မှာ စိုက်ထားတဲ့ သီးနှံလေးတွေနဲ ငှက်ပျောပင်တွေကိုပါ ခုတ်ပြီး စားသောက်နေရတာမျိုးတွေလည်း ရှိတယ်၊ ချောင်းမြောင်းတွေကနေ ငါးရှာဖားရှာပြီး စားသောက်နေရတာမျိုးတွေလည်း ရှိတယ်၊ နေရာဒေသ အပေါ်လိုက်ပြီး ဖြစ်နေတာမျိုးမို့ စားနပ်ရိက္ခာ ဖူလုံမှု မရှိတော့ဘူးလို့ ပြောလို့ရသလို ရှိတယ်လို့လည်း ပြောလို့ရတဲ့ အခြေအနေမျိုးပေါ့။ ပြောရမယ်ဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ မငတ်အောင်တော့ ရှာဖွေ စားသောက်နေကြတာပေါ့
မေး။ ။ စစ်ရှောင်ဦးရေကရော ဘယ်လောက်ရှိမယ်ထင်လဲ
ဖြေ။ ။ ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဦးရေ ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ကောက်ယူတဲ့ အဖွဲ့အစည်းတွေ မရှိ တော့ တိတိကျကျ မသိရပေမယ့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ၊ စစ်တွေ၊ ပေါက်တော စတဲ့ ရခိုင် မြောက်ပိုင်းတခွင်လုံးက မြို့ကြီးတွေအကုန်လုံးမှာ လူသူ မရှိတော့ဘူး။ ဒေသခံတွေဟာ နယ်ဘက်တွေနဲ့ ဘေးလွတ်တဲ့ ဆွေမျိုးစပ်ရာတွေဆီမှာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ တတ်နိုင်တဲ့သူတွေကတော့ ရန်ကုန်လို မြို့ကြီးတွေ မှာ သွားရောက် နေထိုင်ကြပါတယ်။ ရခိုင်မြောက်ပိုင်းတခွင်လုံးမှာ ဒေသခံမရှိသလောက်ဖြစ်ပြီး အားလုံး ဟာ စစ်ဘေး ရှောင်နေကြပါတယ်။
AA ကနေ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဒေသခံတွေနဲ့ စစ်ရှောင်တွေ လာရောက် ခိုလှုံနေထိုင်လို့ ရတယ်လို့ တရားဝင် ခွင့်ပြုထားလို့ ဝင်ရောက်နေထိုင်တာမျိုးတွေ ရှိပါတယ်။ အရေအတွက် အတိအကျက ဘယ်လောက်ရှိနေပြီ လဲဆိုတာ မသိရသေးပါဘူး။
တချို့စစ်ရှောင်တွေကတော့ ဆွေမျိုးသားချင်းတွေရဲ့ အိမ်တွေမှာ နေကြပြီး၊ အချို့က လမ်း ဘေးမှာ တဲထိုးနေထိုင်ကြပါ တယ်။ အချို့က စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေ ဘာသာရေး အဆောက်အအုံ တွေမှာ စုပြီး နေထိုင်ကြပါ တယ်။ စစ်ရှောင်စခန်းရယ်လို့ ဖွင့်လှစ်ပေးထာတာမျိုးမရှိပေမယ့် AA က စစ်ရှောင်တွေ အတွက် အခြေခံ စားနပ်ရိက္ခာ တွေကို သူတို့တတ်နိုင်တဲ့ အနေအထားအထိ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးတာ တွေ့ရပါတယ်။
မေး။ ။ ဒီလူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကရော ဘယ်လိုလုပ်ကိုင်ပေးနေလဲ
ဖြေ။ ။ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ကတော့ နီးစပ်ဆေးရုံ၊ ဆေးခန်းတွေမှာ ဖြစ်သလို ကုသနေကြရတယ်။ တချို့ လည်း ရွာတွေမှာရှိတဲ့ ရမ်းကုတွေနဲ့ ကုနေကြပါတယ်။ ရခိုင်မြောက်ပိုင်းမှာက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေက မရ တော့ ဆွေမျိုးအသိုင်းအဝိုင်း အချင်းချင်း သာရေးနာရေး အခြေအနေတွေ မသိရဘူး ဖြစ်နေပါတယ်။ ကား၊ ဆိုင်ကယ် အကြုံရှိမှပဲ သတင်းမေးကြမြန်းကြနဲ့ ကျန်းမာရေးကအစ သာရေး နာရေးအဆုံးကို သိကြရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုက လုံလောက်မှု မရှိသလို အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုတာထက် အသက် ရှင်သန်ရပ်တည်နိုင်ရေးကိုပဲ ဦးစားပေးနေရပြီး လုံခြုံတဲ့နေရာတွေ ရှာပြီးတော့ အသက်ရှင်သန်နိုင်ဖို့ အရေး ကြိုးကြိုး စားစား ရုန်းကန်နေကြပါတယ်။
မေး။ ။ လမ်းပန်းဆက်သွယ်ရေး အခြေအနေရော ဘယ်လိုရှိလဲ
ဖြေ။ ။ ရခိုင်မြောက်ပိုင်းရဲ့ အဓိက လမ်းပိုင်းတွေအားလုံးဟာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီ တပ်ရင်းတွေ အသိမ်းခံရပြီးနောက် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနယ်တွေမှာတော့ တရွာနဲ့ တရွာ ဆိုင်ကယ် လေးတွေနဲ့ သွားလာလို့ ရလာခဲ့ပါတယ်။ ဒါပေမယ့် စက်သုံးဆီရှားပါးမှုနဲ့ ဈေးတွေကြီးတာကြောင့် အရင်လိုမျိုးတော့ သွားလာကြတာမျိုး အတော်နည်းပါးပါသေးတယ်။
ဆီဈေးက တလီတာကို ၂ သောင်းခွဲ၊ ၃ သောင်းလောက်ထိ ဖြစ်နေပြီး စက်လှေတွေ၊ ဆိုင်ကယ်တွေနဲ့ အရင်လို သွား လာတာမျိုး မရှိတော့ပါဘူး။ လက်ရှိအခြေအနေက ကျေးရွာချင်းဆက် လမ်းတွေ၊ ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက် လမ်းတွေက သွားလာလို့တော့ ရပေမယ့် စက်သုံးဆီဈေးကြီးမြင့်တဲ့အတွက် အရင်လို သွားသွားလာလာမျိုးတွေ နည်းပါးသွားပြီဖြစ်ပါတယ်။
အင်တာနက်နဲ့ ဖုန်း ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတော့ လူတွေက သတင်းသိချင်ရင် ရေဒီယိုရယ် PSI စလောင်းလေးတွေကို သုံးနေရတယ်။
မေး။ ။ လက်ရှိ ရခိုင်ပြည်သူတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ရခိုင်ပြည်သူတွေအနေနဲ့ AA ရဲ့ စစ်ရေးအားသာချက်တွေအပေါ် ထောက်ခံမှုတွေရှိသလို တဖက်ကလည်း ဖြတ် လေး ဖြတ်နဲ့ ပိတ်ဆို့မှုဒဏ် ခါးစည်းခံနေရပါတယ်။ အဲဒီအခြေအနေမှာ လူထုကတော့ စစ်ရေးကာလ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကနေ AA ရဲ့ အောင်မြင်မှုကို စောင့်ကြည့်ပြီး အားတက်နေကြသလို တိုက်ပွဲတွေ မြန်မြန်ပြီးပြတ် စေဖို့ စိတ်ဆန္ဒတွေလည်း ရှိနေကြတယ်၊ ဒါပေမယ့် မငတ်ရုံတမယ်ပဲ ကျန်တော့တယ်။
You may also like these stories:
စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ
AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်
ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်