တရုတ်နှင့် တွဲဖက်လုပ်ကိုင်ခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ
တရုတ်အစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး ဖြစ်သော China National Offshore Oil Corporation (CNOOC) က အမေရိကန် စတော့ အိတ်ချိန်းကော်မရှင်တွင် စာရင်းဝင်ရာ၌ ကုမ္ပဏီ၏ အချက်အလက်များကို ဖော်ပြထားသည့် အထဲတွင် ၎င်းတို့သည် Golden Aaron Pte Ltd နှင့် ပူးပေါင်း၍ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်များ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၆ ခုကို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည်ဟု ပါရှိသည်။
Golden Aaron Pte Ltd သည် ဦးထွန်းမြင့်နိုင်၏ ဇနီး ပိုင်ဆိုင်သော စင်ကာပူတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပြီး အမေရိကန်အစိုးရက ၂၀၀၈ ခုနှစ်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရသည်။ ထို့အတွက် အဆိုပါ ကုမ္ပဏီကို China Focus Development Ltd အဖြစ် အမည်ပြောင်းခဲ့သည်။
အမေရိကန်အစိုးရကလည်း China Focus Development Ltd. သည် Golden Aaron Pte Ltd မှ ပြောင်းလဲထားသည့် ကုမ္ပဏီ ဖြစ်ကြောင်း ဆိုထားသည်။

ဦးထွန်းမြင့်နိုင်၏ Golden Aaron Pte Ltd, တရုတ်အစိုးရပိုင် CNOOC နှင့် တရုတ်အစိုးရပိုင် China National Petroleum Corporation (CNPC) ၏ လက်အောက်ခံကုမ္ပဏီ China HuanQiu Contracting & Engineering Corporation တို့သည် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလတွင် ကုန်တွင်းလုပ်ကွက် Block-M ကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း (MOGE) နှင့် ကနဦး စာချုပ် ချုပ်ဆိုခဲ့ကြသည်။
ထို့နောက် ထိုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင်မှု ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ဖြစ်သည့် A-4 နှင့် M-10 တို့ကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုကြသည်။ အဆိုပါ လက်မှတ်ထိုးပွဲ အခမ်းအနား ကို ထိုစဉ်က တရုတ် သံအမတ်ကြီး Li Jinjun တက်ရောက်ခဲ့သကဲ့သို့ မြန်မာဘက်က စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ် လွန်းသီ၊ အမှတ်(၂) စက်မှုဝန်ကြီး ဗိုလ်ချုပ်စောလွင်နှင့် သိပ္ပံနှင့် နည်းပညာဌာနဝန်ကြီး ဦးသောင်းတို့ တက်ရောက်ခဲ့သည်။
ထိုအခမ်းအနားတွင် ဗိုလ်မှုးချုပ် လွန်းသီက အခြား ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် သုံးခုကိုလည်း CNOOC ထံ ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်းနှင့် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလတွင် စာချုပ်များ ချုပ်ဆိုမည်ဟု ပြောဆိုခဲ့သည်။

CNOOC နှင့် အေးရှားဝေါလ်အုပ်စုတို့ တွဲဖက်လုပ်ကိုင်ခဲ့သည့် လုပ်ကွက်များ အားလုံးဆိုလျှင် ခြောက်ခုဖြစ်ပြီး အထက်တွင် ဖော်ပြခဲ့သည့် လုပ်ကွက် M, A-4, M-10, C-2 တို့အပြင် C-1 လည်းပါဝင် ပြီး နောက်ဆုံး ကျန်သည့် လုပ်ကွက်မှာ M-2 ဖြစ်သည်။
ရေအားလျှပ်စစ် စီမံကိန်းကြီးများနှင့် ဦးထွန်းမြင့်နိုင်
ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီသည် မြန်မာပြည်၏ နာမည်ကျော် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် ပါဝင်ပတ်သက်နေသကဲ့သို့ အခြား ရေအားလျှပ်စစ် စီမံကိန်းကြီးများ ဖြစ်သည့် သောက်ရေခပ် (၂) စီမံကိန်း၊ ကွမ်းလုံဆည် စီမံကိန်းတို့ကိုလည်း တရုတ်ကုမ္ပဏီများနှင့်အတူ ပူးပေါင်း အကောင်အထည်ဖော်ခွင့် ရခဲ့သည်။
ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီသည် မြန်မာပြည်၏ နာမည်ကျော် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် ပါဝင်ပတ်သက်နေသကဲ့သို့ အခြား ရေအားလျှပ်စစ် စီမံကိန်းကြီးများ ဖြစ်သည့် သောက်ရေခပ် (၂) စီမံကိန်း၊ ကွမ်းလုံဆည် စီမံကိန်းတို့ကိုလည်း တရုတ်ကုမ္ပဏီများနှင့်အတူ ပူးပေါင်း အကောင်အထည်ဖော်ခွင့် ရခဲ့သည်။

မြစ်ဆုံ
အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံခန့် ကုန်ကျရန် မှန်းခဲ့သည့် မြစ်ဆုံစီမံကိန်းကို အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ တရုတ်အစိုးရပိုင် China Power Investment Corporation (CMEC) နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ၂၀၀၆ ခုနှစ်တွင် စီမံကိန်း အကောင်အထည်ဖော်ရေး နားလည်မှု စာချွန်လွှာ ရေးထိုး ခဲ့ကြသည်။
ထိုနောက် အဆိုပါ လက်မှတ်ရေးထိုးထားသူ ၃ စုက Irrawaddy Myitsone – Myintnya – MyintWan Hydropower Company ကို တည်ထောင်ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာတွင် စီမံကိန်းကို စတင် အကောင်အထည် ဖော်ခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ်တွင် UPSTREAM AYEYAWADY CONFLUENCE BASIN HYDROPOWER COMPANY LIMITED (ဧရာဝတီ မြစ်ဆုံ-မြစ်ညှာ မြစ်ဝှမ်း ရေအား လျှပ်စစ် ကုမ္ပဏီ) အဖြစ် မှတ်ပုံတင်ခဲ့သည်။ ထိုကုမ္ပဏီတွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ၁၅ ရာခိုင်နှုန်း ၊ အေးရှားဝါးလ် ကုမ္ပဏီက ၅ ရာခိုင်နှုန်းနှင့် China Power Investment Corporation (CMEC) က ၈၀ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။ လူထုကန့်ကွက်မှုကြောင့် သမ္ပတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာပင် ထိုစီမံကိန်းကို ရပ်ဆိုင်းခဲ့ရသည်။

သောက်ရေခပ် (၂) စီမံကိန်း

တောင်ငူ ဓာတ်အားပေးစက်ရုံနှင့် ချိတ်ဆက်ထားပြီး တောင်ငူမြို့၏ အရှေ့ဘက် ၂၁ ကီလိုမီတာ အကွာတွင် ရှိသော မဂ္ဂဝပ် ၁၂၀ ထွက်ရှိသည့် သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ခွင့် ရခဲ့သည့် ကုမ္ပဏီမှာ အေးရှားဝေါလ်၏ ကုမ္ပဏီခွဲ ဖြစ်သော သော Gold Energy Co.ltd ဖြစ်သည်။
ထိုစီမံကိန်းကို ဂျပန်ကုမ္ပဏီ Kansai Electric Power Co., Inc. နှင့် တရုတ်အစိုးရပိုင် Changjiang Institute of Survey, Planning, Design and Research (CISPDR) တို့က စီမံကိန်း ဒီဇိုင်းနှင့် မြေပြင်လေ့လာမှုများ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်တို့တွင် လုပ်ခဲ့ကြအပြီး ဦးထွန်းမြင့်နိုင်က Gold Energy ကုမ္ပဏီကို ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းကာ စီမံကိန်းပိုင်ရှင် ဖြစ်လာခဲ့သည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အပြီးသတ် တည်ဆောက် နိုင်ခဲ့သည်။

ဦးထွန်းမြင့်နိုင်၏ Gold Energy ကုမ္ပဏီသည် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ပူးပေါင်း၍ ရန်ကုန်၊ မြောက်ဥက္ကလာနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဓာတ်အားဖြန့်ဖြူးနေသကဲ့သို့ ပဲခူးတိုင်းအရှေ့ပိုင်း ၃၇ မြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးခွင့်ကိုလည်း ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် ရခဲ့သည်။
ဦးထွန်းမြင့်နိုင်၏ Gold Energy ကုမ္ပဏီသည် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ပူးပေါင်း၍ ရန်ကုန် မြောက်ဥက္ကလာ နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဓာတ်အားဖြန့်ဖြူး နေသကဲ့သို့ ပဲခူးတိုင်း အရှေ့ပိုင်း ၃၇ မြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးခွင့်ကိုလည်း ၂၀၁၃ ခုနှစ် ဩဂုတ်တွင်ရခဲ့သည်။
တရုတ်ကို လျှပ်စစ်ပို့မည့် ကွမ်းလုံဆည် စီမံကိန်း
မြန်မာ့အကြီးဆုံး ဆည်စီမံကိန်းကြီးများအတွင်းမှ တခုဖြစ်ပြီး မဂ္ဂါဝပ် ၁,၄၀၀ အထိ ထွက်ရှိမည့် ကွမ်းလုံဆည် စီမံကိန်းကိုလည်း ဦးထွန်းမြင့်နိုင်က လုပ်ကိုင်ခွင့် ရထားသည်။ တရုတ်ကုမ္ပဏီ သုံးခုဖြစ်သည့် Gold Water Resources Co. Ltd, Hanergy Holding Group Ltd, Kunming Engineering Corporation Limited တို့နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ဖက်စပ် ပူးပေါင်း အကောင်အထည်ဖော်ခွင့် ရထားသည်။
စီမံကိန်းမှ ထွက်မည့် ၉၀ ရာခိုင်နှုန်းသော လျှပ်စစ်ဓာတ်အားကို တရုတ်တောင်ပိုင်း ဓာတ်အားလိုင်းမှတဆင့် တရုတ်နိုင်ငံသို့ ပို့ရန် စီစဉ်ထားသည်။
သို့သော်လည်း ၂၀၁၅ ကိုးကန့်စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် ငြိမ်သက်ခဲ့သကဲ့သို့ မကြာသေးသည့် ကာလက ဖြစ်ပေါ်ခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ မြို့သိမ်းတိုက်ပွဲများလည်း ထိုစီမံကိန်းရှိရာဒေသတွင် ဖြစ်ခဲ့သည်။

အာဏာသိမ်းပြီးနောက် ဆိုလာစီမံကိန်းများ
မြန်မာပြည် စစ်အာဏာသိမ်းမှု နောက်ပိုင်း အေးရှားဝေါလ် ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီများသည် အာဏာသိမ်း စစ်ကောင်စီက ခွင့်ပြုသည့် ဆိုလာစီမံကိန်းများကိုလည်း လုပ်ကိုင်ခွင့်ရခဲ့သည်။
မြစ်သားမြို့နယ်၊ သံရွာအနီး တည်ဆောက်နေသည့် မဂ္ဂါဝပ် ၂၀ ထွက်ရှိမည့် အမေရိကန် ဒေါ်လာ ၁၇ သန်းတန် တောင်တော်ကွင်း ဆိုလာ စီမံကိန်း ကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အေးရှားဝေါလ် ကုမ္ပဏီခွဲ Green Power Energy Company က လုပ်ကိုင်ခွင့် ရခဲ့ပြီး လက်ရှိတွင် ပြီးစီးလု ရှိနေပြီ ဖြစ်သည်။

ထို့ပြင် မြန်မာပြည်အလယ်ပိုင်း တောင်သာမြို့နယ်၊ သပြေဝကျေးရွာတွင် အကောင်အထည်ဖော် လည်ပတ်နေသည့် ၃၀ မဂ္ဂါဝပ် ထွက်ရှိမည့် သပြေဝ ဆိုလာစီမံကိန်းကိုလည်း အေးရှားဝေါလ်၏ လက်အောက်ခံကုမ္ပဏီ Clean Power Energy Company က လုပ်ကိုင်ခွင့်ရခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် စတင်လည်ပတ်ခဲ့သည်။ အေးရှားဝေါလ်အုပ်စုက Clean Power Energy Company ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် တည်ထောင်ပြီး Green Power Energy ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
မတည်ဆောက်ဖြစ်ခဲ့သည့် ကျောက်မီးသွေးစက်ရုံ
အေးရှားဝေါလ်အုပ်စုက စွမ်းအင်ကဏ္ဍတွင် ရေအားလျှပ်စစ် စီမံကိန်းများ၊ ဆိုလာစီမံကိန်းများအပြင် ကျောက်မီးသွေးစက်ရုံ တည်၍ ဓာတ်အားထုတ်လုပ်ရောင်းချရန်လည်း ကြိုးစားခဲ့ဖူးသည်။
အေးရှားဝေါလ်အုပ်စုက စွမ်းအင်ကဏ္ဍတွင် ရေအားလျှပ်စစ် စီမံကိန်းများ၊ ဆိုလာစီမံကိန်းများအပြင် ကျောက်မီးသွေးစက်ရုံ တည်၍ ဓာတ်အားထုတ်လုပ်ရောင်းချရန်လည်း ကြိုးစားခဲ့ဖူးသည်။
မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် Yangon Coal-Fired Power Plant စီမံကိန်း နားလည်မှုစာချွန်လွှာကို အေးရှားဝေါလ်၏ ကုမ္ပဏီခွဲဖြစ်သော Virtue Land Co., ltd နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ နေပြည်တော်ရှိ အေးရှားဝေါလ်ပိုင် မြတ်တော်ဝင် ဟိုတယ်၌ ၂၀၁၂ ခုနှစ် ဩဂုတ်လ ထဲတွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။

သို့သော် ၂၀၁၅ ခုနှစ်ထဲတွင် အဆိုပါ ကျောက်မီးသွေးစက်ရုံ စီမံကိန်းနှင့် ဆက်စပ်သည့် လုပ်ငန်းစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း အေးရှားဝါးလ်က ထုတ်ပြန်ခဲ့သည်။
ဆိပ်ကမ်းလုပ်ငန်းထဲက အေးရှားဝေါလ် (သို့မဟုတ်) စစ်တပ်ပိုင် MEC ၏ မိတ်ဖက်

မြန်မာပြည်၏ ပင်လယ်လမ်းကြောင်း ကုန်သွယ်ရေး၏ ၉၀ ရာခိုင်နှုန်းကို ကိုင်တွယ်ထားသည့် ရန်ကုန် ဆိပ်ကမ်းများတွင် အေးရှားဝါးလ်ကုမ္ပဏီက ဆိပ်ကမ်းကြီး ငါးခုကို လုပ်ကိုင်ခွင့် ရထားသည်။
ပုဂ္ဂလိက ဆိပ်ကမ်းလုပ်ငန်းတွင် အစောဆုံး လုပ်ကိုင်ခွင့် ရခဲ့သော ကုမ္ပဏီ တခု ဖြစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် Asia World Port Management Co.Ltd က အေးရှားဝါးလ်ဆိပ်ကမ်း၏ ပထမဆုံး ဆိပ်ခံတံတားကို တည်ဆောက်ခဲ့သည်။ ဆိပ်ခံတံတား ၂ နှင့် ၃ ကို ၁၉၉၈ နှင့် ၂၀၀၂ ခုနှစ်တို့တွင် တည်ဆောက်ခဲ့သည်။ ဆိပ်ခံတံတား သုံးခုနှင့် အေးရှားဝေါလ် ဆိပ်ကမ်းသည် မြန်မာပြည်၏ အရေးပါသည့် ဆိပ်ကမ်းလည်း ဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် အလုံဆိပ်ကမ်း အမှတ် (၁)၊ (၃)၊ (၄) တို့ကို လုပ်ကိုင်ခွင့် ရခဲ့ပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုးရေးရှင်း(MEC) နှင့်အတူ တွဲဖက်လုပ်ကိုင်သည်။
ထို့ပြင် အေးရှားဝေါလ်၏ ကုမ္ပဏီခွဲတခုဖြစ်သော Shwe Nar Wah Company သည်လည်း ၎င်းတို့နှင့် ပူးပေါင်း၍ ထီးတန်းဆိပ်ကမ်းကို လုပ်ကိုင်ကြောင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အေးရှားဝေါလ်ကုမ္ပဏီက သီလဝါဆိပ်ကမ်းတွင်လည်း Green Asia Port Terminal ကို လုပ်ကိုင်သည်။

သီလဝါအထူးစီးပွားရေးဇုန်၏ အရေးပါသည့် ရှယ်ယာရှင်
ဦးထွန်းမြင့်နိုင်သည် သမ္မတ ဦးသိန်းစိန် စစ်ယူနီးဖောင်းချွတ် အစိုးရလက်ထက် ဂျပန်နှင့် ပူးပေါင်း အကောင်အထည်ဖော်ခဲ့သည့် သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း အရေးပါသော ရှယ်ယာရှင်တဦး ဖြစ်သည်။
ဦးထွန်းမြင့်နိုင်သည် သမ္မတ ဦးသိန်းစိန် စစ်ယူနီးဖောင်းချွတ် အစိုးရလက်ထက် ဂျပန်နှင့် ပူးပေါင်း အကောင်အထည်ဖော်ခဲ့သည့် သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း အရေးပါသော ရှယ်ယာရှင်တဦး ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို မြန်မာဘက်က ကုမ္ပဏီများ စုပေါင်းထားသည့် MTSH ကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီ Mitsubishi, Marubeni နှင့် Sumitomo တို့ ပေါင်းထားသော MMSTD တို့ ပူးပေါင်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
မြန်မာကုမ္ပဏီများ ပူးပေါင်းထားသော အစုအဖွဲ့ MTSH တွင် အေးရှားဝေါလ်အုပ်စု၏ ကုမ္ပဏီခွဲများဖြစ်သည့် Asia Mega Link Co., Ltd က ၂ ဒသမ ၅၆ ရာခိုင်နှုန်း၊ Asia World Industries Limited က ၀ ဒသမ ၆၄ ရာခိုင်နှုန်း၊ Asia Mega Link Services Co., Ltd က ၀ ဒသမ ၅၈ ရာခိုင်နှုန်းနှင့် Great Bell Logistic & Services Co., Ltd က ၀ ဒသမ ၇၅ ရာခိုင်နှုန်းတို့ ရှယ်ယာထည့်ဝင် ပိုင်ဆိုင် ထားသည်။

ဦးသိန်းစိန် လက်ထက်အတွင်း အာမခံလုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ တည်ထောင်ကြရာ ထိုအထဲတွင် အေးရှားဝေါလ် ကုမ္ပဏီလည်း ပါခဲ့သည်။ Global World Insurance (GWI) ကို ၂၀၁၃ ခုနှစ်ထဲတွင် အေးရှားဝါးလ်က တည်ထောင်ခဲ့သည်။
စက်သုံးဆီလုပ်ငန်းနှင့် အရေးပါသည့် ရှယ်ယာရှင်များ
အထက်တွင် ရေးခဲ့သည့် အေးရှားဝေါလ်၏ လုပ်ငန်းများအနက် မြန်မာပြည်၏ အမြတ်အစွန်းများသည့် လုပ်ငန်းတခုဖြစ်သော စက်သုံးဆီလုပ်ငန်း မပါဝင်ခဲ့ပေ။ သို့သော် ထိုသို့ အမြတ်အစွန်းများပြီး ခရိုနီတိုင်း လုပ်ကိုင်ကြသည့် စက်သုံးဆီလုပ်ငန်းကို မြန်မာ့ခရိုနီ ထိပ်သီး သူဌေးကြီးက မလုပ်ဟု ယူဆလိုက်လျှင် လွဲမည် ဖြစ်သည်။
ဦးသိန်းစိန် အစိုးရ အကူးအပြောင်း မတိုင်ခင် ၂၀၁၀ ပြည့်နှစ်အတွင်း စစ်ခေါင်းဆောင်တို့က နိုင်ငံပိုင် စက်သုံးဆီဆိုင်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ရာတွင် မြန်မာပြည် ခရိုနီတအုပ်က အသီးသီး ရရှိခဲ့ကြသည်။
Regency Material Trading နှင့် Regency SPC ကုမ္ပဏီတို့၏ ဒါရိုက်တာများမှာ အေးရှားဝေါလ်၏ အရေးပါသည့် ရှယ်ယာရှင်များဖြစ်သည့် ဦးမောင်ကျေး (ခ) တီကာကွေးနှင့် ဦးသန်းမြင့် (ခ) ကျော်တင်အိန်တို့ဖြစ်ပြီး နှစ်ဦးစလုံးက တရုတ်လူမျိုးများလည်း ဖြစ်သည်။
အဆိုပါ ပုဂ္ဂလိကသို့ လွှဲပြောင်းမှုတွင် ၂၄ ဆိုင်ဖြင့် အများဆုံး စံချိန်တင် ရရှိခဲ့သည့် ကုမ္ပဏီမှာ Regency အုပ်စု ဖြစ်ခဲ့သည်။ ။ Regency Material Trading နှင့် Regency SPC ကုမ္ပဏီတို့၏ ဒါရိုက်တာများမှာ အေးရှားဝေါလ်၏ အရေးပါသည့် ရှယ်ယာရှင်များဖြစ်သည့် ဦးမောင်ကျေး (ခ) တီကာကွေးနှင့် ဦးသန်းမြင့် (ခ) ကျော်တင်အိန်တို့ဖြစ်ပြီး နှစ်ဦးစလုံးက တရုတ်လူမျိုးများလည်း ဖြစ်သည်။
ဦးမောင်ကျေးသည် အေးရှားဝေါလ်၏ အဓိက ကုမ္ပဏီကြီးများတွင် ရှယ်ယာရှင်နှင့် ဒါရိုက်တာဖြစ်ပြီး ဧရာဝတီက ရရှိထားသည့် အထောက်အထားများအရ အေးရှားဝေါလ်၏ ကုမ္ပဏီ ၁၄ ခုတွင် ဒါရိုက်တာ ရာထူးကို ယူထားသူ ဖြစ်သည်။ ဦးသန်းမြင့်က ခြောက်ခုတွင် ဒါရိုက်တာ ရာထူးများကို ယူထားသည်။ ထို့ထက်လည်း များနိုင်ပါသည်။
ဦးမောင်ကျေး ဒါရိုက်တာ တာဝန်ယူသည့် ကုမ္ပဏီ ၁၄ ခုတွင် အေးရှားဝေါလ်၏ ကျောက်စိမ်းတူးသည့် ကုမ္ပဏီ၊ လေဆိပ် စီမံခန့်ခွဲသည့် ကုမ္ပဏီ၊ ဆည်များ၊ ဆိပ်ကမ်းများ စီမံခန့်ခွဲသည့် အဓိက ကုမ္ပဏီများ ပါရှိသည်။
၎င်းသည် နအဖ အစိုးရလက်ထက် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်း၏ အမှူဆောင် တဦးလည်း ဖြစ်ပြီး ထိုအသင်းတွင် ဦးတေဇက ဥက္ကဌ ဖြစ်ခဲ့သည်။
အေးရှားဝါးလ်၏ ကုမ္ပဏီခွဲ Green Asia Service ကုမ္ပဏီက ဆောက်လုပ်သည့် သီလဝါရှိ ဆီတင် ဆိပ်ကမ်းတွင် Regency SPC Services ကုမ္ပဏီလည်း ပါဝင်သည်။ Royal Victory Service Company သည်လည် အေးရှားဝါးလ်အုပ်စု၏ လက်ခွဲ တခုဖြစ်သည်။ အေးရှားဝါးလ်ကုမ္ပဏီက ရေနံဓာတ်ငွေ့ရည် (LPG)တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခွင့်ကိုလည်း ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့သည်။

ဦးထွန်းမြင့်နိုင်သည် အခြား ခရိုနီများနည်းတူ နအဖ စစ်အစိုးရ လက်ထက် အစပျိုးခဲ့သော မြန်မာ့နေရှယ်နယ်လိဂ် (Myanmar National League) ဘောလုံးပြိုင်ပွဲများ ဖြစ်လာရေးတွင် မကွေးအသင်း၏ ပိုင်ရှင်အဖြစ် လုပ်ဆောင်ပေးခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင် ဦးထွန်းမြင့်နိုင်က တည်ထောင်ပေးခဲ့သည်။
အချုပ်ဆိုရလျှင် မြန်မာ့ခရိုနီ ထိပ်သီး သူဌေးကြီး ဦးထွန်းမြင့်နိုင်သည် ၎င်း၏ ဖခင်လက်ထက်မှသည် ၎င်းလက်ထက်အထိ စစ်ခေါင်းဆောင်တို့ကို အစဉ်အဆက် ချဉ်းကပ် ပလဲပနံသင့်ကာ အခွင့်အရေးများ ရခဲ့သူဖြစ်ပြီး မြန်မာပြည် လုပ်ငန်းစုံတွင် အင်ပါယာ ကြီးစွာဖြင့် လွှမ်းမိုးထားနိုင်သူ ဖြစ်သည်။
အချုပ်ဆိုရလျှင် မြန်မာ့ခရိုနီ ထိပ်သီး သူဌေးကြီး ဦးထွန်းမြင့်နိုင်သည် ၎င်း၏ ဖခင်လက်ထက်မှသည် ၎င်းလက်ထက်အထိ စစ်ခေါင်းဆောင်တို့ကို အစဉ်အဆက် ချဉ်းကပ် ပလဲပနံသင့်ကာ အခွင့်အရေးများ ရခဲ့သူဖြစ်ပြီး မြန်မာပြည် လုပ်ငန်းစုံတွင် အင်ပါယာ ကြီးစွာဖြင့် လွှမ်းမိုးထားနိုင်သူ ဖြစ်သည်။
(ပြီးပါပြီ။)
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂
အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ
ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်
ဒဏ်ခတ်ပိတ်ဆို့မှု ဆူးကြားက ဗူးခါး ခရိုနီများ