မန္တလေးတိုင်း ဒေသကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သည့် အနေဖြင့် ဧပြီ ၇ ရက်မှ ၂၁ ရက်ထိ စက်ရုံ၊ အလုပ်ရုံများ ရပ်နားမည်ဖြစ်သည့်အတွက် ထိုကာလ၌ အနည်းဆုံး လုပ်ခလစာ အပြည့်ပေးရန် အလုပ်သမား တောင်းဆိုခဲ့ကြသည်။
ယခုကဲ့သို့ တောင်းဆိုကြရသည်မှာ ဧပြီ ၇ ရက်မှ စ၍ မရှိမဖြစ် လိုအပ်သည့် စားသောက်ကုန်၊ ဆေးနှင့် ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် စက်ရုံများမှအပ ကျန်လုပ်ငန်းများနှင့် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများ၊ ဟို တယ်၊ တည်းခိုခန်းများကို ပိတ်သိမ်းရမည် ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းကြောင့်ဟု သိရ သည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချူပ် (MICS) မှ အထွေထွေ အတွင်းရေးမှုးချုပ် ကိုသက်နှင်းအောင်က “စက်ရုံ အလုပ်ရုံတွေကို ပိတ်ခိုင်းတာမှာ လုပ်ခလစာ ဘယ်သူပေးမလဲ ဆိုတာ ပါမလာပါဘူး။ စက်ရုံ၊ အလုပ်ရုံတွေကို လက်ရှိ ဖြစ်နေတဲ့ COVID 19 ကြောင့် Stay Home နေခိုင်းချင်လို့ ပိတ်ပေးတာ ဖြစ်တယ်။ အိမ်မှာနေဖို့ဆိုရင် ဆန်အိုးထဲမှာ ဆန်မရှိဘဲ အိမ်မှာ မနေနိုင်ဘူး။ ဒါကြောင့်မို့ အနည်းဆုံး လုပ်ခလစာ အပြည့်နဲ့ အလုပ်ရှင်တွေအနေနဲ့ ဧပြီလ အတွက်ပေးဖို့ တိုင်းအစိုးရအနေနဲ့ ညွှန်ကြားသင့်တယ်။ မေတ္တာ ရပ်ခံပေးသင့်တယ်လို့ တောင်းဆိုတာပါ” ဟု ပြောသည်။
ထိုသို့ အလုပ်သမားများက တောင်းဆိုခဲ့မှုကို ဧပြီ ၆ ရက်တွင် စက်မှုဇုန်အတွင်းရှိ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန် ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချူပ် (MICS) တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ မီဒီယာ များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးအတွင်း မရှိမဖြစ် လိုအပ်သော စားသောက်ကုန်များ ရောင်းချသည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များနှင့် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပုဂ္ဂလိက ဆေးရုံ များ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းနှင့် ဘဏ်များ မဖြစ်မနေ ဖွင့်လှစ်ရန်နှင့် ကျန်လုပ်ငန်း များ အားလုံး ဧပြီ ၇ ရက်မှ၂၁ ရက် အထိ ပိတ်ထားရန် တားမြစ်မိန့်ကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံ ယာယီ ပိတ်သိမ်းမှုများကို ဧပြီ ၆ ရက်မှ စတင်လုပ်ဆောင်နေမှုလည်း ရှိရာ မည်မျှ ပိတ် သိမ်းသည်ကို အတိအကျ မသိရသေးသော်လည်း ယာယီရပ်နားမှုမှာ ၁၀ ခုကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
အာရှအချိုရည်စက်ရုံမှ အလုပ်သမားတဦးက “ညီမတို့ စက်ရုံကို ၇ ရက်ကနေ ၂၁ ရက်ထိ ပိတ်မယ်လို့ ပြောထား တယ်။ ညီမတို့က အနည်းဆုံး လုပ်ခလစာ ၄၈၀၀ နဲ့ ဆိုတော့ စားစရာကို ကြိုပြီး ဝယ်မထားနိုင်ပါဘူး။ ပြီးတော့ ပိတ် မယ်လို့သာ လစာပေးမယ်၊ မပေးဘူး ဆိုတာ အခုထိ မပြောသေးပါဘူး၊ ဒီလ လစာကို ကြိုပေးထားတာမျိုးလည်း မရှိပါဘူး” ဟု ပြောသည်။
ဖွင့်လှစ်မည့် စက်ရုံများအနေဖြင့် ဆက်လက် ဖွင့်လှစ်နေဆဲဖြစ်သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချူပ်ရေး အတွက် စက်ရုံ၊ အလုပ်ရုံများ လိုက်နာရမည့် လမ်းညွှန်ချက်များအား လိုက်နာမှု အားနည်းနေသေးကြောင်း အလုပ်သမားများက ပြောသည်။
ကော်ဖီစက်ရုံတရုံမှ အလုပ်သမား မလှမျိုးနွယ်က “ကျမတို့ စက်ရုံက အလုပ်မပိတ်ဘူးလို့ ပြောတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပေးထားတဲ့အချက်တွေကို မလိုက်နာတာတွေက ပိုများနေတယ်။ နှာခေါင်းစည်းဆိုရင်လည်း နှစ်ခုတည်း ပေးထားတယ်။ အဲဒါကိုပဲ ပြန်လျှော်သုံး လုပ်ရတာပေါ့။ စက်ရုံတွေဆိုတာက လူစုလူဝေးနဲ့ လုပ်ရတာပါ။ ကျမတို့လည်း ရောဂါကို ကြောက်တယ်။ အစိုးရဘက်က ဒီလိုကိစ္စတွေကို လိုက်စစ်ဆေးပြီးတော့ အရေးယူ ဆောင် ရွက်မှုတွေ လုပ်ပေးစေချင်တယ်” ဟု ဆိုသည်။
စားသောက်ကုန်လုပ်ငန်းများ မပိတ်ရဟု အစိုးရက အမိန့်ထုတ်ပြန်ထားမှုကြောင့် မရှိမဖြစ် လိုအပ်သည့် စားသောက် ကုန်များ မဟုတ်သည့် မုန့်ပဲသရေစာ ထုတ်လုပ်သည့် လုပ်ငန်းများ၊ အချိုရည်စက်ရုံများနှင့် အခြား လူသုံးကုန် စက်ရုံ အချို့လည်း ယာယီရပ်နားမှု မရှိသဖြင့် စားသောက်ကုန် လုပ်ငန်းများမှ ဖွင့်လှစ်ရမည့် အမျိုးအစားများကို သတ်မှတ် ပေးရန် လိုအပ်သည်ဟု အလုပ်သမားများ က ပြောဆိုသည်။
မြန်မာ့လင်းကျန်ရှု ဖိနပ်စက်ရုံမှ ကိုဇင်မင်းအောင်က “ကျနော်တို့စက်ရုံမှာဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုလည်း အပြည့်အ၀ မရှိဘူး။ ကျနော်တို့ အလုပ်သမားတွေက ပိုက်ဆံလေး ရဖို့အတွက် သေတွင်းကို တူးနေကြရသလိုပဲ၊ အလုပ်ရှင်က ပိုက်ဆံနဲ့ ရင်းထားရတာ၊ ကျနော်တို့က ဘ၀တွေကို ရင်းထားကြရတာပါ။ တခုခုဆိုရင် နစ်နာရမှာက ကျနော်တို့က အရင်ပါ၊ ဒါကြောင့် ဖြစ်နိုင်ရင် စက်ရုံကို ပိတ်စေချင်တာပါပဲ” ဟု ပြောသည်။
မန္တလေးတိုင်း ဒေသကြီး အစိုးရအနေဖြင့် အလုပ်ရပ်နားထားသည့် ကာလတွင် ထောက်ပံ့ရေး အစီအစဉ်အတွက် ကျပ်သန်း တထောင် သုံးစွဲမည်ဟု ထုတ်ပြန် ကြေညာထားသော်လည်း စတင် ထောက်ပံ့မည့်အချိန်နှင့် အရေအတွက် ကို ထုတ်ပြန်ပေးထားခြင်း မရှိသေးပေ။
လုပ်ခလစာများနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရက ညှိနှိုင်းပေးရန် တင်ပြတောင်းဆိုထားမှုအရ တိုင်းအစိုးရ အဖွဲ့သို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ရှိသူများက တစုံတရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။
မန္တလေးတိုင်း ဒေသကြီး အစိုးရက စက်ရုံ၊ အလုပ်ရုံများ ယာယီရပ်နားခိုင်းခြင်းသည် COVID 19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သည့် အနေဖြင့် မြို့နေ လူထုအား အိမ်တွင်း၌သာ နေထိုင်ကြရန် ရည်ရွယ် လုပ် ဆောင်ခြင်း ဖြစ်ရာ အလုပ်သမားများ၏ လုပ်ခလစာ မရရှိပါက အစိုးရ လုပ်ဆောင်နေသည့် Stay Home အစီ အစဉ် အောင်မြင်နိုင်မည် မဟုတ်ဟု ကိုသက်နှင်းအောင်က သုံးသပ် ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ကြောင့် စက်ရုံများရပ်နားမှု အစိုးရ စနစ်တကျ စီမံပေးရန် တောင်းဆို
အလုပ်သမားတွေက အလုပ်လက်မဲ့တွေ ဖြစ်လာတယ်
စက်ရုံ အလုပ်ရုံတွေကို ဘယ်လို ပိတ်မလဲ၊ လစာကို ဘယ်လိုပေးမလဲ
ကျန်းမာရေးပစ္စည်း အဆမတန် ဈေးတင်ရောင်းသူများကို သည်းခံမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ပြည်တွင်း၌ Mask ထုတ်လုပ်ရန် လုပ်ငန်းရှင်များ စီစဉ်