Labor Rights

မြန်မာလုပ်သားများ ပြန်နေသည့် မဲဆောက်လမ်းကို ယာယီ ပိတ်ထားမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာရွှေ့ပြောင်းလုပ်သားများ နေ့စဉ်ပြန်နေသည့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်လမ်းကြောင်းကို ကိုဗစ် ကပ်ရောဂါ အခြေအနေ ထိန်းချုပ်နိုင်ရေး အတွက် ဒီဇင်ဘာ ၂၈ ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ အထိ ယာယီပိတ်ထားကြောင်း တာခ့်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ အလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင် က “မဲဆောက်မှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာလို့ ထိန်းချုပ်တဲ့ အနေနဲ့ ခုလိုပိတ်လိုက်တာ။ အခြေအနေကောင်းရင်တော့ ပြန်ဖွင့်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် အသီးသီးတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း မြန်မာလုပ်သားများသည် ကိုဗစ် စတင်ဖြစ်ပွားစဉ် ကာလကတည်းက မဲဆောက်-မြဝတီ နယ်စပ်ရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တဆင့် မြန်မာနိုင်ငံထဲသို့ ပြန်ဝင်နေကြခြင်းဖြစ်သည်။

အမှတ် ၂ ချစ်ကြည်ရေး တံတားထိပ်တွင် မြန်မာလုပ်သားများ နေရပ်ပြန်ရေး ကူညီဆောင်ရွက်နေသူများထံမှ ရရှိသည့် စာရင်းများ အရ မေလ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံထဲသို့ ပြန်ဝင်သူ ၁ သိန်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိစပ်နေလျှက်ရှိသည့် မဲဆောက်ခရိုင် အတွင်းတွင် ယခုလအတွင်း ကိုဗစ် ကူးစက်သူ ၁၀ ဦးထက်မနည်း တိုးပွားလာပြီးနောက် တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး အနေဖြင့် မဲဆောက်ခရိုင်ကို ယမန်နေ့မှ စ၍ တပတ်ကြာ လော့ဒေါင်း ချလိုက်ခြင်းဖြစ်သည်။

မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA)၊ ဥက္ကဋ္ဌ ဦးမိုးကြိုး က “လော့ဒေါင်း ချလိုက်တဲ့ အတွက်ကြောင့် ကျွဲကူးရေပါဆိုသလို မြန်မာလုပ်သားတွေ ပြန်တဲ့လမ်းလည်း ပိတ်သလိုဖြစ်သွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မဲဆောက်ခရိုင်သည့် ထိုင်းနိုင်ငံအတွင်း စမွတ်စခွန် ခရိုင်ပြီးလျှင် ဒုတိယမြောက် မြန်မာနိုင်ငံသား အများဆုံး နေထိုင်သည့် ခရိုင်ဖြစ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃ သိန်းခန့်ရှိကြောင်း ရွှေ့ပြောင်း လုပ်သား အရေးဆောင်ရွက်သူများက ခန့်မှန်းသည်။

ထို့အတူ မဲဆောက်ခရိုင်သည် ထိုင်းနိုင်ငံတွင် ယခုဖြစ်ပွားနေသည့် ကိုဗစ် ဒုတိယလှိုင်းတွင် စမွတ်စခွန် ခရိုင်ပြီးလျှင် ဒုတိမြောက် လော့ဒေါင်းချခံရသည့် မြို့ဖြစ်သည်။ လော့ဒေါင်း ထုတ်ပြန်ချက်အရ မဲဆောက် ခရိုင် အတွင်း ပြေးဆွဲနေသည့် အငှားယဉ်များ၊ ဘာသာရေးပွဲနှင့် အခြား ပွဲလမ်းသဘင်များ ရပ်နားထားရမည်ဖြစ်ပြီး လူဦးရေ ၂၀ ထက် စုဝေးခြင်း မပြုရသလို စားသောက်ဆိုင်များလည်း ပါဆယ်ရောင်းချခွင့်သာပြုမည်ဖြစ်သည်။

ထိုတားမြစ်ချက်များကို ချိုးဖောက်လျှင် ဒဏ်ငွေ ဘတ် ၄ သောင်း၊ သို့မဟုတ် ထောင်ဒဏ် ၂ နှစ် ကျခံရနိုင်သကဲ့သို့ ထိုဒဏ် ၂ ရပ်လုံးလည်း ကျခံရနိုင်ကြောင်း သိရသည်။

ထိုင်နိုင်ငံအတွင်း ကိုဗစ် စတင်ဖြစ်ပွားချိန်မှ စ၍ ယနေ့ အထိ ကိုဗစ် ကူးစက်ခံခဲ့ရသူ ၆၄၄၀ ဦးရှိပြီး သေဆုံးသူ ၆၁ ဦးရှိပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

You may also like these stories:

ထိုင်း ကိုဗစ်-၁၉ ကူးစက်မှုသစ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဓားစာခံ မဖြစ်သင့်

ထိုင်းမှာ ကိုဗစ်ပိုးကူးစက်မှုသစ် မြန်မာအလုပ်သမား ၆၀၀ ခန့် ပါဝင်

Did you find apk for android? You can find new Free Android Games and apps.
Loading