ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတဆင့် မိသားစုထံသို့ လွှဲပြောင်း သည့် အထောက်အထားများအား ယခုလ ၂၇ ရက် နောက်ဆုံးထား၍ ပို့ဆောင်ပေးသော အေဂျင်စီများမှ တင်ပြပေးရန် စစ်ကောင်စီက ဇွန် ၁၅ ရက် ရက်စွဲဖြင့် အကြောင်းကြားထားသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ဧပြီလအထိ ပြည်ပသို့တင်ပို့ထားသည့် အေဂျင်စီများအနေဖြင့် ငွေလွှဲပြောင်းသည့် အထောက်အထားကို စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံသို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ အလုပ်သမားများ၏ဝင်ငွေ ၄ လစာကို ဘဏ်များမှတဆင့် မိသားစုထံ လွှဲပြောင်းသည့် အထောက်အထားများအား ဇွန်လ ၁၅ ရက်မှ ၂၇ ရက် နောက်ဆုံးထား၍ ဇွန် ၂၈ ရက်တွင် အပြီးတင်ပြ ရမည်ဖြစ်ပြီး၊ ပျက်ကွက်ပါက ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူသွားမည်ဟု စစ်ကောင်စီက ဆိုသည်။
မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် တာဝန်ရှိသူတဦးက “စာထုတ်ထားတာတော့ ဟုတ်တယ်။ ဘာမှန်း သေချာမသိသေးတော့ ပြန်တော့ ညှိနှိုင်းရဦးမယ်။ အခုတော့ အေဂျင်စီတွေ အားလုံးကို ဖြန့်ထားတာပေါ့” ဟု ဧရာ ဝတီသို့ ပြောသည်။
နိုင်ငံအလိုက် ငွေလွှဲပြောင်းရာတွင် မြန်မာနိုင်ငံရှိ တရားဝင် မည်သည့်ဘဏ်မှ လွှဲပြောင်းသည်ဆိုသော အထောက်ထားများ ကို အေဂျင်စီများ တင်ပြပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားစာရင်းများအရ လုပ်သား ၅၀ ဦးနှင့်အထက် စေလွှတ်ခဲ့ သော အေဂျင်စီမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အေဂျင်စီ ၆၅ ခု၊ အောက်တိုဘာလအတွင်း ၇၈ ခု၊ နိုဝင်ဘာလတွင် ၈၃ ခုနှင့် ဒီဇင်ဘာလအတွင်း ၅၆ ခုရှိသည်ကို စိစစ်တွေ့ရှိရကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်၌ ပါရှိ သည်။
စစ်ကောင်စီသည် ပြည်ပတွင် MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများကို လစာဝင်ငွေ ထဲမှ ၂၅ ရာခိုင်နှုန်းအား မိသားစုဝင်များထံ လစဉ် သို့မဟုတ် ၃ လစာ ပေါင်း၍ ၃ လတကြိမ် တရားဝင်လမ်းကြောင်းမှ လွှဲပို့ရန်နှင့် လိုက်နာခြင်းမရှိပါက ပြည်ပသို့ အလုပ်ထွက်လုပ်ခွင့် ၃ နှစ် ပိတ်သိမ်းမည်ဟု ပြီးခဲ့သည့်နှစ် ဩဂုတ်လ၌ ထုတ် ပြန်ထားသည်။
နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေသော စစ်ကောင်စီအနေဖြင့် ပြည်ပပို့ကုန်များကို တိုးမြှင့်တင်ပို့ခိုင်းခြင်း၊ သွင်းကုန်ပစ္စည်းများ ကို ထိန်းချုပ်ခြင်း၊ ဟွန်ဒီ (အဝေးရောက် ငွေလွှဲ) လုပ်ငန်းများကို ဖမ်းဆီးခြင်း၊ ဒေါ်လာဈေး ထိန်းချုပ်ခြင်း၊ ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာကို တရားဝင် ငွေလွှဲစနစ်ဖြင့် မဖြစ်မနေရာခိုင်နှုန်း သတ်မှတ်လွှဲခြင်းများအပြင် ယခု အချိန်တွင် အေဂျင်စီများကိုပါ အမှန်တကယ် ငွေလွှဲခြင်း ရှိ၊ မရှိ စတင် စစ်ဆေးလာခြင်းဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ယာယီရပ်ဆိုင်း
ထိုင်းသို့ MoU ဖြင့်လာသူ ၉၈ ဦး အလုပ်မရ၍ အခက်ကြုံနေ