အခုတလော ပေါများပြည့်လျှံလာသည့် မယ်ပြိုင်ပွဲများမှာ ပရိသတ်ကြီးကို တဝါးဝါး တဟားဟားနှင့် ပွဲကျစေသည့် ပြိုင်ပွဲများ ဖြစ်သည့် အားလျှော်စွာ အပျင်းပြေ ကြည့်ရှုရန် အလွန်ပင် သင့်တော်ကြောင်း အားပေးအားမြှောက် ပြုလိုက်ရပါသည် …။ မြန်မာနိုင်ငံ ကိုယ်စားပြု အပြည်ပြည်ဆိုင်ရာ အလှမယ် Miss Myanmar international တွင် မနှစ်က နန်းခင်ဇေယျာ ဆွတ်ခူးသွားသည့် အလျောက် ဒီနှစ်တွင်လည်း ထူးထူးခြားခြား စိတ်ပါဝင်စားမှု များလာသည် …။ ပွဲကတော့ မပြီးသေး၊ အင်မတန် လက်ဆော့၊ အဲလေ လက်သွက်သည့် မိတ်ဆွေရောင်းရင်းတို့က အင်တာနက် စာမျက်နှာပေါ်တွင် ရယ်ပွဲဖွဲ့ ကြတော့သည်…။ ပြိုင်ပွဲခေါင်းစဉ်နှင့် ကိုက်ညီစွာ သင်တန်းတွေ၊ လေ့လာစရာတွေ၊ တပုံတပင် ပေးထားပါလျှက် ဘာဆိုဘာမျှ မသိ …၊ တလွဲဖြေကြသည့် မယ်အလောင်းအလျာများကို အထူးပင် ချီးကျူး ထောမနာ ပြုကြလေတော့သည် …။
ခရီးသွား အလှမယ် ပြိုင်ပွဲများက အဆင့်မြင့်ဟု ယူဆထားကြလေရာ၊ “အီး” လိုတော့ ကောင်းကောင်း တတ်ကြမည်ဟု အထင်ကြီးခဲ့သော်လည်း အထင်နှင့်အမြင် ပါစင်အောင်ပင် လွဲလေတော့သည် …။
Credit Card ဘာမှန်းမသိ …၊ လေကြောင်းလိုင်း ဘယ်နှလိုင်း ရှိမှန်းမသိ …၊ ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ စေသည့် မမတို့ အရှက်ဗြန်းဗြန်းပင် ကွဲရလေတော့သည် …။ အင်္ဂလိပ်စာ အရည်အသွေးကလည်း ဘဲဥပင် မကွဲကြောင်း ခရက်ဒစ် ပေးပြန်လေသောအခါ …။
အခုတပွဲတွင်မှမဟုတ် … ကြီးကျယ်ခမ်းနားစွာ ကျင်းပသည့် ပြိုင်ပွဲများတွင်လည်း ထိုနည်းလည်းကောင်း …၊ နိုင်ငံတကာက အလှမယ်များ ဆိုသည်မှာ ဘက်စုံမှ ထူးချွန်သူများ မဟုတ်တုံလော …၊ ကိုယ့်အတိုင်းနှင့် ကိုယ့်အထွာ ကိုယ့်ဆီက လူငယ်တွေမို့ ကိုယ့်ဝမ်းနာ ကိုယ်သာသိသော်လည်း အားမလိုအားမရ ဖြစ်မိသည်က အမှန်ပင် …။
ဒီပွဲတွေကို တွေ့ရတော့ ပြန်သတိရမိသည်က တခုသော မယ်ပြိုင်ပွဲတွင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မေးခွန်းထုတ်တော့ ကျွတ်ကျွတ်အိတ် မသုံးစွဲရခြင်း တခုတည်းကိုပင် အလှမယ် ၂၀ ဦးစလုံး အားရပါးရ အတူတူ ဖြေဆိုခဲ့သည့် ပြိုင်ပွဲတခုဖြစ်သည် …။ သန္တာကျောက်တန်းတို့ကို ပင်လယ်ကမ်းစပ်များ သဘာဝပတ်ဝန်းကျင် မပျက်ယွင်း စေရေးအတွက် စိုက်ပျိုးဖို့ လိုအပ်ကြောင်းကိုလည်း အလှမယ်လေးတယောက်က ချက်ချက်ချာချာ ဖြေဆိုသွားလေသည် …။ မပြုံဘဲ ဝါးလုံးကွဲအောင် ရယ်မိချင်သည် ဆိုလျှင် ထရိုက်မလားတော့မသိ … အံ့သြစရာ အဖြေစကားကို အခုထက်ထိ တွေးတိုင်းလည်း ရယ်ချင်မိသည် …။
နိုင်ငံတကာ မယ်ပြိုင်ပွဲများကို နိုင်ငံကိုယ်စားပြု သွားရောက်ရမည့် မယ်တဦး၏ အရည်အချင်းမှာ မေးခွန်းအားလုံးကို ဖြေဆိုနိုင်သည်ထက် များစွာပိုမိုသည်ကို စဉ်းစားကြစေလိုသည် …။
“ဟယ်အလှမယ်တဲ့တော့ …၊ ကြည့်စမ်း ခြေသလုံးမှာလည်း အမာရွတ်တွေ၊ ဝဲခြောက်တွေနဲ့၊ ချိုင်းကလည်း မည်းလိုက်တာ”
ဒီဇိုင်နာ အနီးအနားတွင် သွားရောက်ကာ အသေးစိတ် ကြည့်ရှုအကဲခတ် နေကြသည့် မယ်သျှမ်း၏ သတင်းထောက် များကြောင့် အလှမယ်တို့၏ အလှတရားကို ပုံကြီးခဲျ့လေ့လာခွင့် ကြုံခဲ့သည် …။ ဟုတ်ပ ပြောမည်ဆိုလည်း ပြောစရာ …ချောမွတ်အောင် ရေပေါ်ထိုးပေးရသည့် ဒီဇိုင်းပညာရှင့် ကျေးဇူးကြောင့် အဆိုပါ ဝဲခြောက် ဗရပြစ်နှင့် အလှမယ်တို့မှာ ပပဝတီ အရှုံးပေးရသည့် အမျိုးသမီးငယ်များအဖြစ် မီဒီယာစာမျက်နှာများ ပေါ်တွင် ခန့်ခန့်ညားညား နေရာယူကြတော့သည် …။ ကောင်းပေစွတကား …။
သို့သော် ပကတိ အလှတရားကတော့ အပေါ်ယံ အရေပြားမဟုတ်ကြောင်း အင်တာဗျူးများက ပြန်လည် သက်သေထူ ပြန်တော့သည် …။
“မီးက မြန်မာမိန်းကလေးမို့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတယ်၊ တန်ဖိုးထားတယ်”
ထိုသို့ဖြေသွားသည့် ယဉ်ကျေးမှု မြတ်နိုးသူလေး ဝတ်ထားသည့် အဝတ်အစားကိုတော့ မကြည့်ရဲသဖြင့် တခြားမိန်းကလေးများ မျက်စိရှက်သွားကြသည် …။ မှတ်ချက် – အမျိုးသားများကတော့ ဝမ်းမြောက်ဝမ်းသာ အားပေးကျသည်ပေါ့။
“မီးက ပညာရေးကို တန်ဖိုးထားတယ် … လူငယ်တွေကိုလည်း တန်ဖိုးထားစေချင်တယ်”
ခက်ပြီ …၊ ဒီမိန်းကလေးကတော့ …။ သူက ရှစ်တန်းလောက်ဖြင့် အနုပညာ လောကထဲဝင် …၊ အရွယ်ငယ်ငယ် နုနုကလေးနှင့် အောင်မြင်မှုနောက် ကောက်ကောက်ပါအောင် လိုက်နေသူ …။ ကလေးတွေကတော့ ပညာရေး ဘယ်လို နေမှန်းမသိ …၊ ထိုမိန်းကလေး ဝတ်ဆင်သည့် သိန်းကျော်တန် အဝတ်အစားကို ဝယ်ပေးရန် မိဘတွေကို ပူဆာ နေကြသည် ဟုသာ မယ်သျှမ်း စုံစမ်းသိရှိရပါသည်။
“အချစ်ဆိုတာ ပူလောင်မှန်း မီးသိသွားပါပြီ” ဟု … အသက် ဆယ့်သုံးလေးနှစ် အရွယ်ကလေးက ဆိုလာပြန်သည် …။ ဟိုလူဒီလူကို တဘက်သတ်ချစ် …၊ ခံစားချက်တွေရင်ဖွင့် …။ အရွယ်က နို့နံ့မစင်သေးသည့် နုနုငယ်ငယ်ကလေး။ အခုခေတ် ကလေးတွေက အတုမြင် အတတ်သင်လွယ်သူများ၊ မိဘအရွယ် မယ်သျှမ်းတို့ ရင်လေးရပြန်သည်။
အဆိုပါ အဖြေ စကားများကြောင့် အင်တာဗျူးများထဲမှ အနှစ်သာရများကို မွှေနှောက်မိပြန်သည်။ ကလေးတွေ ခါးဆက် ပြတ်သွားတဲ့ ပညာရေးကြောင့်ဟု တချို့်က လက်ညှိုးထိုးသည် …။ ထိုးသည့် လက်ညှိုးများလည်း အပြစ်မဆိုသာ …။ သို့သော် … အုပ်ထိန်းသူ မိဘများကိုယ်တိုင် လက်ဦးဆရာ မည်ထိုက်စွာကို … မသိကျိုးကျွံ ပြုကြလေသလား။
ဒီနှစ်ကတော့ အလှမယ် ပြိုင်ပွဲဆိုတာတွေက စင်ပေါ်မှာ ကော့ကော်ကံကား ဒီဇိုင်းများဖြင့် ရင်သပ်ရှုမောစရာ လှုပ်ရှား ပြသသည့် စိတ်ကြိုက် အားကစား ကိုယ်ဟန်ပြကွက်တွေလည်း တွေ့လာရသည် … အိပ်ထ မ တင်၊ ဒိုက်ထိုး စသည့် ကိုယ်ကာယ လေ့ကျင့်ခန်းများကိုလည်း မနက်စောစော တီဗီကလာသလိုမျိုး အတုယူဖွယ် သင်ကြား ပြသသွားကြသည် …။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမျိုးသားတွေ ကလည်း ရေကူးဝတ်စုံဖြင့် ခပ်တည်တည်ပင် ကိုယ်ဟန်ပြသည့် ပြိုင်ပွဲများ ပေါ်ထွက်လာသည် …။ ဘရာရှိုးဟု ခေါ်တွင်သော ရေကူးဝတ်စုံဖြင့် ပြသရသည့် ရှိုးပွဲကြီးများလည်း ကျင်းပနိုင်ခဲ့ပြီ …။ နိုင်ငံတကာသို့ တက်လှမ်းနိုင်သည့် အဆင့်မီ မောင်မယ် ပြိုင်ပွဲကြီးများကို ကြည့်ရှုရင်း ရင်သပ်ရသည် …၊ ရင်မောရသည်။ မယ်သျှမ်းတို့ တိုင်းပြည်အတွက် နိုင်ငံ့ ဂုဏ်ဆောင်နိုင်သည့် အလှမယ်၊ အလှမောင်များအဖြစ် ဘယ်ပြိုင်ပွဲများမှ ထွက်ပေါ်လာကြမည်နည်း …။ စိတ်ဝင်တစား ရှိလှချေသည်။
ပြစ်မျိုးမှဲ့မထင် အလှအပကို လူတွေနှစ်သက်သလို၊ တကယ့် ရင်တွင်းက အရည်အချင်း အလှအပများကိုလည်း အထူး အလေးထား စေချင်သည် …။ အတွင်းအပြင် နှစ်ခွင်စလုံးလှမှ တကယ့် အလှ စစ်စစ် ဖြစ်နိုင်မည် …။ မြန်မာဆိုတာ … ထူးချွန်ထက်မြက်ပြီး လှပ ယဉ်ကျေးသည့် လူမျိုးအဖြစ် နိုင်ငံတကာတွင် ခြေဆန့် အောင်မြင်မှုတွေ ရရှိနိုင်အောင် … အဘက်ဘက်မှ ထူးချွန်သည့် အနာဂတ် သားကောင်း ရတနာကောင်းများ ပေါ်ထွက်လာပါစေကြောင်း ဆုမွန်ကောင်း တောင်းမိသည် … အဆင်းလှလှ အချင်းလှလှနှင့် သတင်းလှလှများ သယ်ယူလာ နိုင်ကြပါစေ …။ ။