SFU

အနုပညာရှင် ခင်ဝမ်းရဲ့ အလွမ်းရတု အခမ်းအနား ပြည်မှာ ကျင်းပ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တေးရေးတေးဆို၊ ပန်းချီဆရာ၊ ကဗျာဆရာ ခင်ဝမ်းရဲ့ ၁၃ နှစ်မြောက် အလွမ်းရတု ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ဇာတိ ပြည်မြို့က ရွှေဓနု စားသောက်ဆိုင်မှာ မတ်လ ၃ ရက်နေ့ ည ၇ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ကိုခင်ဝမ်းကို အဆိုတော်လို့ လူတော်တော်များများ ထင်ကြတယ်။ အဆိုတော်ဆိုတဲ့ ခေါင်းစဉ် တခုအောက်မှာပဲ ရှိမနေ သင့်ဘူး။ ကိုခင်ဝမ်းဟာ စာပေလောကမှာရော၊ ပန်းချီလောကမှာရော၊ ဂီတလောကမှာပါ ထူးချွန်တဲ့ ပါရမီရှင် တယောက် ဖြစ်ပါတယ်။ ပြင်သစ်လို ကဗျာရေးတယ်ဗျာ၊ ဂျပန်ဘာသာစကားနဲ့ သီချင်းတွေလည်း သူဆိုတယ်ဗျ။ အခုပွဲကို ကျနော်က သူ့ကို လေးစားလွန်းလို့ ပြည်က ကျနော့်သူငယ်ခင်း တိုးနှောင်မိုးနဲ့ ပေါင်းပြီး စီစဉ်ပေးခဲ့တာပါ။ ခေတ်စကားနဲ့ ပြောမယ်ဆိုရင် ကိုခင်ဝမ်းကို ကျနော် အရမ်း “ဂါ” လွန်းလို့လုပ်တာပေါ့ဗျာ” ဟု ပွဲစီစဉ်သူ ကိုတိုးလွင် (ဥတ္တရအလင်း) က ဧရာဝတီကို ပြောပါတယ်။

နှစ်စဉ် ခင်ဝမ်းကွယ်လွန်တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့တိုင်း အင်းလျားကန်ပေါင်မှာ သူ့ကို ချစ်ခင်မြတ်နိုးတဲ့ စာပေ၊ ဂီတနဲ့ ပန်းချီ အသိုင်းအဝန်းက မိတ်ဆွေတွေ အမှတ်တရပွဲ ပြုလုပ်လေ့ရှိပြီး သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ပြည်မြို့မှာ အခုလို ပြုလုပ်တာ ပထမဆုံး ဖြစ်တဲ့ကြောင်း သူက ဆိုပါတယ်။

ဒီပွဲမှာ ရန်ကုန်က ပန်းချီဆရာ နှစ်ဦးကလည်း အနုပညာရှင် ခင်ဝမ်းအတွက် အမှတ်တရ ပန်းချီကား ၂ ချပ်ကို ခင်ဝမ်းရဲ့ ဇနီး ဒေါ်ခင်လေးမြင့်ကို ပေးအပ်ခဲ့ပြီး ကိုရဲလွင် (မဇိ္ဈမလှိုင်း) က အမှတ်တရ စကားနဲ့ သီချင်းတွေ သီဆိုဖျော်ဖြေ ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

“ဒီကနေ့က ကိုခင်ဝမ်းကွယ်လွန်တာ ၁၃ နှစ်နဲ့ တလ တိတိ ပြည့်တဲ့နေ့ပေါ့ဗျာ။ ကျနော်နဲ့ ခင်ဝမ်းက အထက်တန်း ကျောင်းသား ဘဝမှာတုန်းက ခဏတဖြုတ် သူငယ်ချင်းဖြစ်ခဲ့ဘူးတယ်။ နောက်တော့ တက္ကသိုလ်ကျမှ ပြန်ဆုံဖြစ်ခဲ့တာ။ ပန်းခရမ်းပြာ အခွေကစပြီး မဇိ္ဈမလှိုင်းအဖွဲ့နဲ့ လက်တွဲဖြစ်တာ။ တနေ့တော့ ရဲကြီး … မင်း သီချင်းတွေ ငါဆိုချင်တယ်လို့ သူက ပြောတယ်။ ကျနော်က ဆိုပေါ့၊ မင်းက ငါ့သူငယ်ချင်းပဲလို့ ပြန်ပြောခဲ့တယ်။ ကျနော်က အဲဒီအချိန်မှာ ခရမ်းပြာ အဆောင်မှာ နေတယ်။ သူက ခရမ်းပြာ လိုက်ခဲ့မယ်လို့ ပြောတယ်” လို့ ကိုရဲလွင် (မဇိ္ဈမလှိုင်း) က အဲဒီ အခမ်းအနားမှာ အမှတ်တရ စကား ပြောခဲ့ပါတယ်။

၁၉၇၈ ခုနှစ်ကစပြီး နှင်းဆီဖြူရဲ့ အဝေးကလူတယောက်၊ ပြည်မှာဆောင်း၊ အိပ်မက်၊ ပန်းနုရောင် ခံစားချက်များ၊ ည၊ လိပ်ပြာလွင်ပြင်၊ ကစားမလား နားမလား၊ အမှောင်ကိုထွန်းညှိမယ့် မီးအိမ်၊ လိုတရ အကြည့်၊ လွမ်းရတဲ့ ညတွေ လွန်ပါစေ၊ မင်းလျှောက်ခဲ့တဲ့လမ်း စတဲ့ တေးစီးရီးတွေ သီဆိုထုတ်ဝေခဲ့တဲ့ အနုပညာရှင် ခင်ဝမ်းဟာ ၁၉၆၀ ကျော် ကာလတွေက ပန်းချီကို စိုက်လိုက်မတ်တပ် လေ့လာခဲ့ချိန်မှာ စိတ္တဇပန်းချီ စာအုပ်ကို ရေးသားခဲ့သူ ဖြစ်တဲ့အပြင် ကဗျာများစွာ ကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်။

အနုပညာရှင် ခင်ဝမ်းဟာ ၁၉၄၇ ခုနှစ်က ပြည်မြို့မှာ မွေးဖွားခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ခင်ဝမ်းအမှတ်တရ အလွမ်းအရတု အခန်းအနားကို အနယ်နယ်အရပ်ရပ်က ကဗျာဆရာတွေ၊ ပန်းချီဆရာတွေနဲ့ ဂီတ လောကသားတွေ တက်ရောက်ခဲ့ကြပြီး သူတို့အသီးသီးကလည်း ကိုခင်ဝမ်းအမှတ်တရ ကဗျာများ ရွတ်ဖတ်ခြင်း၊ သီချင်းများ သီဆိုဖျော်ဖြေ ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားကို ည ၁၁ နာရီခန့်မှာ ရုပ်သိမ်းခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading