ခေတ်ကာလ အပြောင်းအလဲများနှင့် အတူ အတွေး၊ စိတ်ကူး၊ ရည်ရွယ်ရာ၊ မျှော်လင့်ရာ၊ ခံစားမှုတွေလည်း လိုက်ပါ ပြောင်းလဲနေပါတယ်။ ဒါဟာ သဘာဝပဲ လို့ သိမြင်ထားပေမယ့် အရင်ခေတ်တွေတုန်းက တည်ရှိခဲ့တဲ့ ထည်ဝါခန့်ငြားတဲ့ အဆောက်အအုံကြီးတွေရော .. ဘယ်လို ဖြစ်လာလေမလဲ၊ ဆက်လက်တည်ရှိမှာလား၊ ပြောင်းလဲသွားမှာလား၊ ဘယ်လိုများ ပြောင်းလဲသွားမှာပါလိမ့် လို့… အတွေးဆင့်ရင်း ..
လောကနတ် ပန်းချီပြခန်းထဲ ဝင်လိုက်တော့.. ပန်းချီဆရာ ဖန်တီးထားတဲ့ ရန်ကုန်မြို့ထဲကို ရုတ်တရက် ပြုတ်ကျသွားတယ်။ အခြေခံအရောင်တွေကို ရဲရဲရင့်ရင့် သုံးရေးဆွဲထားတဲ့ ပန်းချီကားတွေရဲ့ နီးဝေး ပါစပက်တစ် တွေထဲမှာ ကိုယ်ဘယ်နေရာ ရောက်နေသလဲ။ Line, Tone, Color, Perspective တွေက Birdseye View, Earthworm View, တွေနဲ့ အပြင်မှာ မြင်တွေ့နေကျ မြင်ကွင်းတွေကို ပန်းချီဆရာ ဘယ်လိုပေါင်းစပ်သလဲ။
ရေးဆွဲသူက Artist MKM ခေါ် ပန်းချီ မောင်ခိုင်မာပါ။ သူ့ရဲ့ About Yangon (ရန်ကုန်အကြောင်း) လို့ အမည်ပေးထားတဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို လောကနတ် ပြခန်းမှာ ၂၀၁၃ ခုနှစ် မတ် ၄ ကနေ ၉ ရက်နေ့အထိ ခင်းကျင်း ပြသခဲ့ပါတယ်။ ပြပွဲမှာ ပန်းချီအနုပညာ အသိုင်းအဝိုင်းက ပုဂ္ဂိုလ်များ၊ ပန်းချီ စုဆောင်းသူများနဲ့ စိတ်ဝင်စားသူ ဧည့်သည်များ လာရောက် ကြည့်ရှုနေကြပါတယ်။
“ကျနော့်ကို လွှမ်းမိုးလာတဲ့ ပန်းချီဖန်တီး တင်ပြမှုတွေကို ကျနော်က လေးလေးနက်နက် ခံယူပါတယ်။ တန်ဖိုးလည်း ထားပါတယ်။ ဒါပေမယ့် အခု ကျနော် ကိုယ်တိုင်က ပြန်လည်တင်ပြတဲ့ အခါ ကျနော် ခံယူထားတာတွေကို ကျနော့် စိတ်အခံ နဲ့ ပေါင်းစပ်ပြီး ဖန်တီးယူတာပါ” လို့ ပန်းချီဆရာ မောင်ခိုင်မာက ပြောပြပါတယ်။
ပြပွဲမှာ ပန်းချီကား စုစုပေါင်း ၁၂ ကား ပြသထားပြီး ရန်ကုန်မြင်ကွင်း စီးရီးလိုက် တင်ပြထားတာပါ။ ပန်းချီကားတွေ အားလုံး လိုလို ၃ ပိုင်းတွဲ ပေါင်းစပ်မှ ၁ ကားဖြစ်တာ တွေ့ရပါတယ်။
“ပန်းချီကားကို ကြည့်ရင် မြင်နေကျ မြင်ကွင်းကို တွေ့ရမှာပါ။ ဒါပေမယ့် တကယ့်အပြင်မှာ တွေ့ရမှာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အကြမ်းအားဖြင့် မြင်ကွင်း (View) ၃ ခုပါနေတယ်၊ သာမန် မြင်နေရတဲ့ အနေအထား မြင်ကွင်း၊ ပြီးတော့ Birdseye View နဲ့ Earthworm View တွေပါ။ ပြီးတော့ Subject တွေရဲ့ နီးဝေးအမြင် သဘောတရား (Perspective) အရလည်း အတတ်နိုင်ဆုံးမှန်ကန်အောင် ပေါင်းစပ်ဖွဲ့စည်းပါတယ်” လို့ ရှင်းပြပါတယ်။
၁၉၈၀ မှာ ပန်းချီ မောင်ခိုင်မာကို မွေးဖွားခဲ့ပြီး ၂၀၀၄ မှာ National University of Art and Culture, Yangon က ပန်းချီအထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ အုပ်စုပြပွဲ အတော်များများမှာ ပါဝင် ပြသခဲ့ပြီး၊ ယခု ပြသတဲ့ About Yangon က သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပြပွဲလို့ သိရပါတယ်။
ပန်းချီ မောင်ခိုင်မာရဲ့ အစောပိုင်း လက်ရာတွေ၊ ၂၀၀၆ ကနေ ၂၀၀၇ ခုနှစ်တွေတုန်းကတော့ Tone အား ကောင်းကောင်း နဲ့ Subject တွေကို Composition အကြပ်နဲ့ ရေးဆွဲတင်ပြတာ တွေ့ရပါတယ်။ ဒါပေမယ့် ၂၀၀၈ ကနေ ၂၀၁၀ အတွင်းမှာတော့ ပန်းချီကားရဲ့ Foreground, Middle ground နဲ့ Backgroud တွေမှာ Tone အား ကောင်းကောင်းနဲ့ ပိုပြီး လင်းလင်းရှင်းရှင်း ရေးဆွဲ တင်ပြပါတယ်။ တနည်းအားဖြင့် Middle ground ရဲ့ အလင်းပါ အောင် ဂရုစိုက် ရေးဆွဲတာ တွေ့ရပါတယ်။ အခုနောက်ပိုင်း ၂၀၁၀ နောက်ပိုင်းမှာတော့ သူဟာ Tone အားနဲ့ အရောင်တွေကို အလေးထားတင်ပြလာတာ တွေ့ရပါတယ်။
ပန်းချီအနုပညာ ဆိုတာ စိတ်ခံစားမှုကို ကျွမ်းကျင်မှုနဲ့ ထင်ဟပ် တင်ပြတာလို့ ဆိုပါတယ်။ ဒါဆို ပန်းချီ မောင်ခိုင်မာ အနေနဲ့ အခုလို ပြောင်းလဲ ဖန်တီးတင်ပြလာခြင်းဟာ သူ့ရဲ့ စိတ်ခံစားမှုကို ကျွမ်းကျင်မှုနဲ့ ပုံဖော်တင်ပြတာပါပဲ။ စာရေးဆရာမ၊ ကဗျာဆရာမ၊ ပန်းချီဆရာမ ခင်မြဇင်က ပန်းချီကားတွေနဲ့ ပတ်သက်ပြီး “ပန်းချီကားတွေက ကြီးပြီး အားကောင်းတော့ ရှုပ်ထွေးပွေလီတဲ့ ရန်ကုန် လမ်းတွေပေါ် ရောက်သွားသလို ခံစားရပါတယ်။ ကား သေးသေးလေး တွေက ချစ်စရာကောင်းတယ်” လို့ မှတ်ချက်ပြုပါတယ်။
ခေတ်ပြိုင်အနုပညာ (Contemporary Art) ဆိုတာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ ဆာလောင်မှု၊ လိုလားမှု၊ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေ ပါဝင်တဲ့ ဖန်တီးမှု၊ သို့မဟုတ် ခေတ်ကို ထင်ဟပ်တဲ့ တင်ပြတွေ ပါဝင်ကြောင်း အနုပညာဝေဖန်ရေး ဆရာတွေက ဆိုပါတယ်။ ပန်းချီမောင်ခိုင်မာ ပြောတာကတော့ “အဲဒီလို ဖြစ်အောင် ရည်ရွယ်ဖန်တီး တင်ပြတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလိုမျိုး ခံစားရစေတယ် ဆိုရင်တော့ ကျနော် မပြောတတ်ပါဘူး” လို့ပဲ ပြောပါတယ်။