အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားတွင် အနေကြာခဲ့ပြီး အခုမှ ပြည်တွင်းသို့ ပြန်လည်ခြေချခဲ့သည့် အနုပညာရှင်ကြီး တချို့တို့၏ ရှိုးပွဲများ အသည်းအသန် ကျင်းပလာသည်ကို တွေ့မြင်ခဲ့ရရာ အဆိုပါ အနုပညာရှင်များ မြန်မာပရိသတ်နှင့် ပြန်လည်ထိတွေ့မှုပေါ်တွင် မုဒိတာတရား ပွားများဖြစ်သည်။ တွေ့မြင်ရခြင်း မရှိခဲ့တာ ကြာပြီဖြစ်သော နာမည်ကျော်ကြီးများ၏ ပြည်တော်ပြန် ဖျော်ဖြေပွဲများကို လက်မှတ်ဈေးနှုန်းများ အဆမတန် တောင်းကာ ရောင်းချခဲ့သည့် ပွဲစီစဉ်သူများကတော့ အတော်ကလေး အလုပ်ဖြစ်သွားလိမ့်မည် ထင်သည်။
ပွင့်လင်းတိုးတက်လာသည့် ဒီမိုကရေစီ နိုင်ငံတော်သို့ ချီတက်ရန် ခြေလှမ်း စလိုက်ကတည်းက နိုင်ငံခြား တိုင်းပြည်များတွင် နိုင်ငံရေးနှင့် တခြားသော အရေးတို့ကြောင့် ရောက်ရှိနေသော အနုပညာရှင်များကို မြန်မာ့ ပွဲစီစဉ်သူများက ချိတ်ဆက် ခေါ်ယူရန် ကြိုးပမ်းခဲ့ကြလေသည်။ စီးပွားရေး အကွက်မြင်မှုသည် အခုလို လွတ်လပ်စွာ ယှဉ်ပြိုင်ရသည့် ခေတ်ကာလကြီးတွင် ချီးကျူးစရာသာ ဖြစ်သည်။ နိုင်ငံရေး လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့သည့် အနုပညာရှင်ကြီးများသည်လည်းကောင်း၊ နိုင်ငံရေး မပါဘဲ ကိုယ်ပိုင်ဘ၀ ရပ်တည်ချက်ကြောင့် သွားရောက်ခဲ့သည့် အနုပညာရှင်ကြီးများသည် လည်းကောင်း ရှိုးပွဲ မြောက်များစွာကို ပရိသတ်အတွက် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထိုအခါ ပြည်တွင်းရှိ နစ်မြုပ်ပျောက်ကွယ်နေသော အနုပညာရှင် ဟောင်းကြီးတွေအတွက် စိတ်မကောင်းဖြစ်ရလေသည်။ခေတ်ဟောင်းချင်း အတူတူ ပြည်ပမှ လာရောက်ဖျော်ဖြေကြသည့် အဆိုတော်ကြီးများက ခမ်းနားကြီးကျယ်စွာ ဖျော်ဖြေခွင့် ရကြသော်လည်း ပြည်တွင်းတွင် နာမည်ကြီးခဲ့ဖူးသည့် တချို့ အဆိုတော်ကြီးများမှာမူ နိုင်ငံခြားမှ ပြန်လည် ရောက်ရှိလာခြင်း မရှိသောကြောင့်လည်းကောင်း၊ ကွယ်လွန်သွားကြသည် မဟုတ်သောကြောင့် လည်းကောင်း၊ ဆင်းရဲနုံချာသည့် စီးပွားရေး အခက်အခဲကြားတွင် ခေါင်းပင် မမော့နိုင်ဘဲ ဖြစ်နေကြောင်း သိရှိရသည်။ ကွယ်လွန်ပြီးမှ အမှတ်တရ အခွေများ ထုတ်ရန်သာ စိတ်ဝင်စား ကြသည့် အခြေအနေတွင် အသက်ရှင်ရတာတောင် စိတ်မဖြောင့်အောင် ဖြစ်ဖွယ်ရှိသည်။
“တွံတေးသိန်းတန်တို့၊ ဟင်္သာတ ထွန်းရင်တို့ သီချင်းလေးတွေ သိပ်ကောင်းတာပဲ …။ ငါတို့ ရွာမှာတော့ သဘောကျလွန်းလို့ ငယ်ငယ် ကလေးကတည်းက အခုအချိန်အထိ အလှူ မင်္ဂလာဆောင်တွေဆို ဖွင့်တုန်း …” လို့ အသက် ၆၀ နီးပါး မိခင်က ပြောတော့ အဲဒီ အဆိုတော်ကြီး နှစ်ဦးကို မယ်သျှမ်း သတိရသွားမိသည်။ တွံတေးသိန်းတန်ကတော့ ကွယ်လွန်သွားပြီဖြစ်သည့် အားလျော်စွာ သူ့အတွက် သမီးဖြစ်သူက အမှတ်တရ ပွဲလုပ်ပေးဖြစ်တာကို သတိထားမိသည်။ နှောင်းလူတို့ကတော့ သဘောတကျဖြင့် လက်ခုပ်သံ ညံစီခဲ့သည့် ပွဲပေကိုး။ ဟင်္သာတ ထွန်းရင်ကတော့ သက်ရှိထင်ရှားဟု သိရသည်။ ပရိသတ် မြောက်များစွာ မျှော်လင့် တောင့်တဆဲ အဆိုတော်ကြီး၏ အခြေအနေက အားလုံးနဲ့ ကင်းကွာ ပြတ်တောက်နေကြဆဲ။
မယ်သျှမ်းတို့ အမေ၊ အဒေါ်များ၏ အသဲစွဲ အဆိုတော်ကြီး ဒေါ်မာမာအေး၏ ရှိုးပွဲကိုလည်း ပြည်သူများက တခဲနက် အားပေး ခဲ့ကြသည်။ နှစ်ပွဲ ကျင်းပခဲ့သော်လည်း အားပေးမှုကမလျော့။ အဆိုတော်ကြီး၏ အသံ၊ ဟန်နှင့် မာန်ကို အင်မတန် နှစ်လို အားရဖွယ် တွေ့မြင်ခဲ့ရလေသည်။ ကောင်းလေစွတကား။ မကောင်းသည့် အချက်ကတော့ တီဗီချယ်နယ်များ၏ ကျေးဇူးတော်ကြောင့် မယ်သျှမ်းတို့ အနေဖြင့် အိမ်မှ ဇိမ်နှင့် ကြည့်ရှုခွင့် ရရှိခဲ့သော်လည်း သွားရောက်ကြည့်ရှုကာ ကိုယ်တိုင်ကိုယ်ကျ အားပေးခြင်းငှာ မစွမ်းသာသဖြင့် အားငယ်ရသည့် အချက်ပင်ဖြစ်သည်။ လက်မှတ်တစောင်လျှင် အနည်းဆုံး သောင်းဂဏန်း ပေးကာ ကြည့်ရှုရမည်ဖြစ်ပြီး မိခင်၊ အဒေါ်၊ ဦးလေး အစရှိသဖြင့် ဆွေမျိုးတသိုက် ကြည့်လိုသူများကို စာရင်း ကောက်ယူလိုက်သော် သိန်းဂဏန်းမျှ ကုန်ကျတော့မည် ဖြစ်သောကြောင့် အသာငြိမ်နေလိုက်ခြင်းဖြင့် ဒုတိယအကြိမ် ဖျော်ဖြေပွဲကို တီဗီက ကြည့်ရန်သာ အားပေးအားမြှောက် ပြုလိုက်ရပေတော့သည်။
စတိတ်ရှိုးလက်မှတ်၊ ကားခနှင့် တခြား မုန့်ဖိုး ဘာညာထည့်တွက် ကြည့်သည့် သကာလ အဆိုတော်ကြီးတွေ၏ နာမည်ကျော်ရှိုးပွဲတွေကို ရှောင်လေ ဝေးဝေး ဖြစ်ရလေတော့သည်။ ဒါတောင် လူလတ်တန်းစား အဆင့်ဟု သတ်မှတ်ချက်တွင် ပါဝင်သည့် အတိုင်းအတာအရ ပြောကြားရခြင်းပါ။
အခုတလောကတော့ မတ်လ ၃၀ တွင်ပြုလုပ်မည့် ကိုစိုးသူ၏ ရှိုးပွဲကို ရင်ခုန်ကြပြန်သည်။ ကိုစိုးသူက အင်မတန် သဘောသကာယ ကောင်းသည့် ဆရာဝန်၊ သရုပ်ဆောင်နှင့် မင်းသားကြီးဖြစ်သည်ကိုး။ ရှိုးပွဲလုပ်မှာကတော့ အခမဲ့ သက်သက်ဆိုတော့ သာဓုခေါ်မိသည်။ အမေရိကန်ပြန် အဆိုတော် မင်းသားချောရဲ့ ဖျော်ဖြေပွဲအတွက် အခုအချိန်ကတည်းက သက်လတ်ပိုင်း အမျိုးသမီးကြီးငယ်တွေ ရင်ခုန်စိတ်လှုပ်ရှားနေသည်။ အခမဲ့ ဆိုသည့်အတွက်လည်း ပိုမိုစိတ်ပါဝင်စား ကြည့်ချင်နေကြသည် မဟုတ်ပါလား။ ပရိသတ်ကို ကျေးဇူးဆပ်ချင်သည့် အဆိုတော်ကြီး အတွက်တော့ ဒီဖျော်ဖြေပွဲက အပြောနဲ့ အလုပ် သက်သေပြနေသလို ဖြစ်သည်။ တွဲဘက် ညီညီဖြင့် မည်သည့် အဆိုတော်ကများ ပူးပေါင်းပါဝင် ဖျော်ဖြေမှုတွေ လုပ်ကြဦးမည် မသိ။ အဆိုတော် များများစားစားတော့ မပါနိုင်လောက်ကြောင်း သူက ပြောကြားခဲ့သည်ဟု သိရသည်။ ဘာကြောင့်ပါလိမ့် ဟုလည်း တွေးမိသည်။ အခမဲ့ လက်မှတ်များကတော့ ဝေမလောက် ရှိပေတော့မည်။ ပရိသတ်ကို အခမဲ့ ဖျော်ဖြေမှုဖြင့် ကျေးဇူးဆပ်ချင်သည့် ကိုစိုးသူ၏ အနုပညာ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်က အမြဲ ထောက်ခံ အားပေးနေပေဦးတော့မည်။
အနောက်တိုင်း အဆိုတော်ဂျေဆင်မရတ်၏ ဖျော်ဖြေပွဲကြီးကိုလည်း ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ဖူးပေသည်။ မကြာမီတွင် ကျင်းပဦးမည့် မိုက်ကယ်လန်း ဖျော်ဖြေပွဲကြီးကိုလည်း ပရိသတ်တွေက အားခဲထားကြပြန်သည်။ ကမ္ဘာ့ဂီတ လောကတွင် လွှမ်းမိုးခဲ့သည့် အဆိုတော်ကြီးများ အနေဖြင့် ယခုမှသာ မြန်မာ့မြေကို ခြေချခွင့်ရသည့် အားလျှော်စွာ ရှိုးပွဲကြည့်ရှုလိုသည် ပရိသတ်ကြီးက နှစ်ထောင်းအားရ ရှိကြသည်။ ဂျေဆင်မရတ်၏ လူကုန်ကူး တိုက်ဖျက်ရေးနှင့် ပတ်သက်ကာ ဖျော်ဖြေသည့် အခမဲ့ပွဲကို ပရိသတ် 7 သောင်းကျော် အားပေးကြကြောင်း သိရသည်။ လူမူရေး ဖျော်ဖြေပွဲမို့ ကျေးဇူး တင်ထိုက်စရာ ကောင်းလွန်းလှသည်။ လူကုန်ကူးခြင်းကြောင့် ဖြစ်ပွားရသည့် ဒုက္ခအပေါင်းတို့ကို ကင်းဝေးစေလိုသဖြင့် ပညာပေး အစီစဉ်များပါ ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ တခြား အနုပညာရှင် အပေါင်းတို့၏ ပူးပေါင်းဖျော်ဖြေမှုများ ကိုလည်း မြိုင်ဆိုင်စွာ တွေ့ရှိခဲ့ရသည်။ အခု တကြိမ် မိုက်ကယ်လန်း ဂီတအဖွဲ့၏ ဖျော်ဖြေပွဲကိုမူ လက်မှတ်ဈေးနှုန်းက ကျပ် တသိန်းခွဲ အထိ ရှိသွားပြီဟု သိရသည်။ အလန့်တကြား ဖြစ်မိသည့် လက်မှတ်ဈေးနှုန်းပင် ဖြစ်သည်။ နိုင်ငံတကာတွင် ယင်းသို့ ကမ္ဘာလှည့် ဖျော်ဖြေသည့် အနုပညာရှင်များ၊ အဖွဲ့များ လာရောက်ဖျော်ဖြေကြသည်မှာ မထူးဆန်းကြ။ ဘယ်အဖွဲ့၊ဘယ်အဆိုတော် ဖျော်ဖြေပွဲရှိလို့ လက်မှတ်တွေ ဘယ်နှနာရီအတွင်း ဘယ်လောက် ရောင်းကုန်သွားပြီ ဆိုသည့် သတင်းများကိုလည်း အမြဲ တွေ့မြင်ခဲ့ရသည်။ သို့သော် မြန်မာနိုင်ငံတွင် အခုမှ စတင်ကြားဖူးခဲ့သည့် ဈေးကွက် ဖြစ်လာပေတော့မည်။
နိုင်ငံ၏ စီးပွားရေး အခြေအနေ၊ လူတဦးချင်းစီ၏ ဝင်ငွေ အနေအထားအရ နိုင်ငံတကာအဖွဲ့ကြီးများ၏ ဖျော်ဖြေရေးထက် ကိုယ့်နိုင်ငံသားများ၏ ပြည်တော်ပြန် ဖျော်ဖြေရေးများကိုပင် ကြည့်ရန် ပရိသတ် အင်အား မည်မျှ ရှိသည်ကို အသေအချာ တော့ မသိ။ သိသည်ကတော့ ကိုယ့်အခြေအနေပင် ဖြစ်သည်။ မယ်သျှမ်း၏ တကိုယ်ရည်လစာ ဝင်ငွေအရ အိမ်မှာ ထိုင်ပြီး ချယ်နယ်တခုခုမှ လာသည့် အလကားရသော ဖျော်ဖြေပွဲကြီးများကို အားပေးရင်း ထိုအနုပညာရှင်ကြီးများကို ချစ်ခင် လေးစားလျက်ရှိကြောင်း၊ အလေးအနက် အားပေးနေဆဲဖြစ်ကြောင်းကို ဖော်ပြသည့် အခြေအနေတွင် ကာလ အတန်ကြာအောင် ရှိနေမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရလေသတည်း။