Micheal Learns to Rock (MLTR) ပွဲနဲ့ ပတ်သက်ပြီး မြန်မာများ သွေးအေးနေကြသေးသည်။ Micheal Learns ပွဲ အသံ သိပ်မကြားရသေးသည့် အတွက် ပွဲပျက်ပြီလားဟု တချို့ကလည်း ထင်မြင်နေကြသည်။
မတ်လ ၁၅ ရက်နေ့ လက်မှတ် စတင်ရောင်းချမည်ဟု ဂျာနယ်တချို့တွင် ကြေညာထားပြီး လက်မှတ်ရောင်းအားနှင့် ပတ်သက်၍လည်း မည်သည့်အသံမျှ မကြားရ။ သို့သော် မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်၊ မန္တလေးတို့၌ လက်မှတ်များကို စတင် ဖြန့်လိုက်ပြီဟု ပွဲစီစဉ်သူ Friendship ကုမ္ပဏီမှ သိရသည်။
“လက်မှတ်တွေကို ရန်ကုန်၊ မန္တလေး City Mart တွေနဲ့ Ocean Center တွေကို စဖြန့်လိုက်ပါတယ်။ မနက်ဖြန် မနက်ကနေ စပြီး ဝယ်လို့ရပါပြီ” လို့ အဲဒီ ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဒေါက်တာ သူရကျော်လင်းက ပြောသည်။
MLTR ရှိုးကို Pastel ကုမ္ပဏီ၊ Friendship Entertainment ကုမ္ပဏီတို့က ဦးစီး ကျင်းပခြင်းဖြစ်ပြီး Bagan Entertainment က စက်ပစ္စည်းများ၊ Mikko ကော်ဖီက Bill Boardများ၊ 7 Day Media က သတင်းထုတ်ပြန်မှုများ၊ 5 Network က ရိုက်ကူးရေးကိစ္စတွေ ပူးပေါင်းပါဝင်ကြမည်လို့ သိရသည်။ လက်မှတ်များကို City Mart နဲ့ Oceanဆိုင်ခွဲများ အပြင် Pastel ကုမ္ပဏီ ဖုန်း – ၀၁ ၅၆၆၄၂၈၊ Friendship Car Showroom တွေမှာ ဒီနေ့ မတ်လ ၁၉ ရက်နေ့မှာ စတင်ရောင်းချနေပြီ ဖြစ်တဲ့ အကြောင်း၊ လက်မှတ်ဈေးနှုန်း တွေကတော့ အမေရိကန်ဒေါ်လာ ၁၆၀၊ ကျပ် ၉၉၀၀၀၊ ကျပ် ၃၄၅၀၀၊ ကျပ် ၂၂၀၀၀ ဖြစ်ကြောင်း Pastel ကုမ္ပဏီက ဆိုသည်။
မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေတဲ့ ပြည်ပ အနုပညာရှင်တွေထဲက ဒုတိယမြောက် MLTR အဖွဲ့နဲ့ ပတ်သက်ပြီး ပါဝင် တင်ဆက်မယ့် အိမ်ရှင်တေးဂီတဝိုင်း အင်ပါယာ၊ လေးဇီးကလပ် တီးဝိုင်း၊ တေးသံရှင် ဇော်ဝင်းထွဋ်နဲ့ ပရိသတ် အများစုကလည်း သွေးအေးနေသေးသည်ဟု သိရသည်။
တေးသံရှင် ဇော်ဝင်းထွဋ်က “သီချင်း ဘာဆိုမလဲ ဆိုတာတော့ မစဉ်းစားရသေးဘူး။ ကျနော် ဆိုခဲ့တဲ့ အထဲက မူရင်း ဖြစ်တဲ့ သီချင်းတွေ၊ ပရိသတ် အားပါးတရ လိုက်ဆိုနိုင်မယ့် သီချင်းတွေ ဆိုမှာပါ။ မတ်လ ၁၈ ရက်နေ့က သီချင်းစတိုက်တယ်” လို့ ပြောသည်။
ဇော်ဝင်းထွဋ်က ၁ နာရီစာ သီချင်း ၁၅ ပုဒ် သီဆိုဖို့ စဉ်းစားထားပြီး မြန်မာ ပရိသတ်တွေရဲ့ အကြိုက် ဂီတ ပုံစံကိုလည်း MLTR အဖွဲ့ကို ပြန်လည် တင်ပြချင်သေးကြောင်း ပြောသည်။
ဇော်ဝင်းထွဋ်က “ပျော်စရာကောင်းမယ့် ပွဲပါ၊ သူနဲ့ ကျနော်နဲ့က အရွယ်ချင်း၊ ပရိသတ်ချင်းလည်း သိပ်မကွာဘူး။ MLTR က အာရှမှာ နာမည်ကြီးပြီး ချပ်ရေ အများဆုံးရောင်းရတာလည်း အာရှမှာပဲ။ ကမ္ဘာကျော်ဝိုင်းနဲ့ ဆိုရမှာဆိုတော့ ကောင်းတာပေါ့။
ကိုယ်ကလည်း ပြခွင့်ရတာပေါ့။ ဒီက ပရိသတ်တွေကလည်း ဒီလို အကောင်းစားတွေ ကြိုက်တတ်ပါတယ် ဆိုတာကို ပြသနိုင်တာပေါ့” လို့ ထပ်ပြောသည်။
ဇော်ဝင်းထွဋ်က မတ်လ ၂၃ ရက်နေ့မှာ မန္တလေး တကိုယ်တော်ပွဲနဲ့ မတ် ၂၄ မှာတော့ ရန်ကုန်မှာ တေးသံရှင် ဖြူသီရဲ့ တကိုယ်တော် ပွဲမှာ ပါဝင် သီဆို ဖျော်ဖြေမယ်လို့ သိရသည်။
၂၀၁၃ ဇန်နဝါရီမှာ “လူ” တကိုယ်တော် စီးရီးထွက်ရှိထားပြီး မြန်မာနိုင်ငံရဲ့ ရော့ခ် ဘိုးတော်ကြီးလို့ လူသိများသူ ဖြစ်သည်။ Micheal Learns ပွဲမှာ ၁ နာရီစာ တေးသီချင်း ၁၅ပုဒ်ကို သူ့ရဲ့ Emperor တေးဂီတဝိုင်းနဲ့ ဖျော်ဖြေမှာ ဖြစ်သည်။
MLTR ပွဲနှင့် ပတ်သက်ပြီး သိပ်ဂုဏ်ယူစရာ မရှိပါလို့ ပြောလာသူတဦးကတော့ Emperor တေးဂီတရဲ့ ဘေ့စ် ဂစ်တာသမား မြတ်မိုး ဖြစ်သည်။
့မြတ်မိုးက “MLTR နဲ့ တွဲပြီး တီးရတာ မဟုတ်ဘူး။ ဇာတ်ပွဲတပွဲမှာ ရှေ့ထွက် တီးပေးရတဲ့ ပုံစံပါပဲ။ Micheal Learns နဲ့ တွဲပြီး တီးရတာတို့၊ တစင်တည်း တီးရတာတို့အပေါ် သိပ်ပြီး ဂုဏ်ယူစရာတော့ မရှိပါဘူး။ ကျနော်တို့ သိပ် အထင်ကြီး လေးစားတဲ့ Band တော့ မဟုတ်ဘူး” လို့ ဧရာဝတီကို ပြောသည်။
MLTR ပွဲကို ၂၀၁၃ မတ် ၃၁ ညနေ ၆ နာရီ ကျရင် ရန်ကုန် ပြည်သူ့ ဥယျာဉ်မှာ ကျင်းပမှာ ဖြစ်ပြီး Lazy Club နဲ့ နာရီဝက်စာ ပွဲဦးထွက်ဖျော်ဖြေမယ့် တေးသံရှင် ဖြူဖြူကျော်သိန်းက MLTR ပွဲမှာ သီဆိုရခြင်းအတွက် အဆိုတော် ဖြစ်ကာစ ဘဝကို သတိရစေသည်လို့ ပြောသည်။
“ဂီတလောကထဲ ဝင်ကာစက IC ရဲ့ ပထမဆုံး အဖွင့်ကို ဆိုခဲ့ရတဲ့ အဆိုတော် ပေါက်စ ဘဝကို သတိရစေတယ်။ ဒုတိယ ငယ်ဘဝကို ပြန်ခံစားရလို့ ကျေနပ်ပါတယ်။ MLTR ကို ကျမ အလယ်တန်းဘဝ ကတည်းက ရင်းနှီးခဲ့ပြီးသားပါ ။ ဒီပွဲမှာ အဖွင့် ဆိုခွင့်ရလို့ ဂုဏ်ယူပါတယ်” လို့ ပြောသည်။
ဖြူဖြူကျော်သိန်းကို ပွဲစီစဉ်သော Pastel ကုမ္ပဏီက ကမ်းလှမ်းတာ ဖြစ်ပြီး ချယ်ရီလမ်း အပါအဝင် ကိုယ်ပိုင်သံစဉ် သီချင်း ၅ ပုဒ်လောက် ဖျော်ဖြေဖို့ ရည်ရွယ်ထားတဲ့ အကြောင်း၊ Stage Performance အနေနဲ့ Jade Dragon အဖွဲ့ကပါဝင် တင်ဆက်မယ် ဆိုတဲ့အကြောင်း ဖြူဖြူ ကျော်သိန်းထံမှ သိရသည်။
ဖြူဖြူကျော်သိန်းကတော့ “မိန်းကလေးတယောက် အသည်းကွဲနေသည်” တကိုယ်တော် စီးရီးကို ၂၀၁၂ နှစ်ကုန်ပိုင်းက နောက်ဆုံး ထွက်ရှိထားပြီး ၂၀၁၃ မေလမှာ တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖို့ စီစဉ်နေတဲ့ အကြောင်း ပြောသည်။ လက်ရှိ ၂၀၁၂ ကစပြီး မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှာ ခေတ်ပေါ်စတူဒီယို အလွှာမှာ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။
MLTR ပွဲမှာ ဖြူဖြူကျော်သိန်းသီဆိုမှုကို တီးခတ်ပေးမယ့် Lazy Club တေးဂီတမှ လိဒ်သမား နိုင်ဇော်ကတော့ ဒီပွဲနဲ့ ပတ်သက်ပြီး “အရင်ကဆိုရင်တော့ တော်တော် တုန်လှုပ်မိမှာပါ။ နိုင်ငံတကာပွဲတွေ အများကြီး တီးဖူးလို့ အခုတော့ သိပ် ရင်မခုန်တော့ပါဘူး။ ဖြူဖြူကျော်သိန်း ဘာဆိုမလဲ၊ ကျနော်တို့က ကြမ်းတဲ့သီချင်းတွေ၊ သူတို့က အချိုလေးတွေ ဆိုမှာ ဆိုတော့ သိပ်တော့ မတုန်လှုပ်ဘူး။ ကမ္ဘာကျော် တီးဝိုင်းဆိုပေမယ့် သူ့သီချင်းတွေ နှစ်ပေါင်းများစွာ တီးဖူး၊ လေ့ကျင့်ဖူးလို့ ကိုယ့်ကြားဆရာတွေကို တွေ့ရမယ်လို့ ခံစားရပါတယ်” လို့ ပြောသည်။
့မြန်မာ ပရိသတ်တချို့ကလည်း MLTR ပွဲနဲ့ ပတ်သက်ပြီး ဒုတိယ အကြိမ် ပြည်ပ အနုပညာရှင် ဖျော်ဖြေပွဲဖြစ်တဲ့အတွက် မဖြစ်မနေ သွားကြည့်ကြမယ်ဟု ဆိုကြသည်။
“Micheal Learns ကလည်းမြန်မာမှာ ပေါက်တဲ့ အဆိုတော်ပါ။ အခွင့်အရေး ရှိတုန်းတော့ သွားကြည့်မှာပါ Jason Maraz ပွဲတုန်းက Free Show ဆိုတော့ ပိုပြီးကြည့်နိုင်ကြတာပေါ့” လို့ ရန်ကုန် တောင်ဥက္ကလာ မြို့နယ်မှာနေတဲ့ LCCI ကျောင်းသူ စိမ့်စိမ့်က ပြောသည်။
တာမွေမြို့နယ်က ဂစ်တာသင်တန်းဆရာ ဦးကျော်စွာထွန်းကလည်း အရင်ကဆို အနည်းဆုံး ဘန်ကောက်လောက်အထိ သွားကြည့်ရမယ့် ပွဲကို အခုလို လုပ်ပေးတာ ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်း၊ နောက်လည်း လုပ်ပေးစေချင်တယ် ဆိုတဲ့ အကြောင်း၊ မြန်မာကို ကမ္ဘာကသိမယ့် အချက်ထဲမှာ အဲဒါလည်း အကြုံးဝင်နိုင်တဲ့ အကြောင်း ပြောသည်။
MLTR ပွဲကို စီစဉ်သူ Friendship Entertainment မှ တနှစ်လျှင် ပြည်ပ တေးသံရှင် ဖျော်ဖြေပွဲ ၃ ပွဲလောက် တင်ဆက်ဖို့ စီစဉ်နေကြောင်း အဲဒီ ကုမ္ပဏီက ဒေါက်တာ သူရကျော်လင်းက ဆိုသည်။
“ကျနော်တို့က အခုမှ ဖျော်ဖြေပွဲ အနေနဲ့ စလုပ်တာပါ။ မြန်မာပြည် အနေအထား ပွင့်လင်းလာတဲ့အပေါ်မှာ မြန်မာကို ကမ္ဘာက သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” လို့ သူက ဆက်ပြောသည်။
MLTR ရှိုးကို 5 Net work က နေ့စဉ် ထုတ်လွှင့်မှာ ဖြစ်ပြီး စက်ပိုင်းဆိုင်ရာကို ပံ့ပိုးမယ့် Bagan Entertainment က မြန်မာ အင်ဂျင်နီယာတွေနဲ့ MLTR အဖွဲ့ ပူးပေါင်းမယ်လို့ သိရသည်။
မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေမယ့် MLTR သည် ၁၉၈၈ တွင် စတင်ခဲ့သည့် Soft Rock, Alternative Rock အဖွဲ့ဖြစ်ပြီး တကိုယ်တော် အယ်လ်ဘမ် ၁၀ ခွေ၊ ရှိုးပွဲပေါင်း ၅၀၀ နီးပါးနဲ့ နိုင်ငံ ၂၁ နိုင်ငံခန့် လှည့်လည် ဖျော်ဖြေခဲ့ပြီးဖြစ်ကြောင်း၊ ဧပြီ ၁၁ တွင် ဒူဘိုင်းရှိ ဒူဘိုင်း တင်းနစ်အားကစားကွင်း မှာလည်း သွားရောက်ဖျော်ဖြေမှာ ဖြစ်ကြောင်း MLTR ဝက်ဘ်ဆိုက် www.mltr.dkrမှ သိရသည်။ Micheal Learns သည် မြန်မာ ပရိသတ်များ ကြားတွင် Paint My Love၊ 25 minutes၊ Sleeping Child၊ Blue Night၊ Take Me To Your Heart၊ That’s Why စတဲ့ တေးသီချင်းတွေနဲ့ ကျွမ်းဝင်ခဲ့သူဖြစ်သည်။
မြန်မာ တေးသံရှင် တချို့က MLTR ရဲ့ သီချင်းသံစဉ်တွေကို ၂၅ မိနစ်၊ တို့ဝေးရာ၊ ကြိုးမဲ့စွန်၊ သူလေးအိပ်နေတယ်၊ တံခါးသစ် ဖွင့်လှစ်ခြင်း၊ အပြာရောင်ည စသဖြင့် မြန်မာစာသားသွင်းပြီး သီဆိုခဲ့ ကြသည်။