မြန်မာ့ ရုပ်ရှင်လုပ်ငန်းသို့ နိုင်ငံတကာမှ ထောက်ပံ့မှုများ ရရှိရန် ခက်ခဲနေသေးကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ပြောသည်။
“ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာက ထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပေမယ့် ရုပ်ရှင်လုပ်ငန်းဆိုတာ အမြတ်အစွန်း အသီးအပွင့်က မြင်သာထင်သာ မရှိတဲ့အတွက် နိုင်ငံတကာက စိတ်ဝင်စားမှု မရှိသေး ဘူး” ဟု သူက ပြောသည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ ရုပ်ရှင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ရုပ်ရှင်ကား ကူးဆေး၊ တည်းဖြတ်၊ အသံသွင်းခြင်း လုင်ငန်း၊ ရုပ်ရှင်ရုံလုပ်ငန်း၊ ရုပ်ရှင်သင်တန်း ဖွင့်လှစ်ခြင်းလုပ်ငန်း၊ ရုပ်ရှင် ရိုက်ကူးရေးသုံး ပစ္စည်းငှားရမ်းခြင်းလုပ်ငန်း စသည်တို့ကို နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ထိုကဏ္ဍများ၌ လိုအပ်ချက်များဖြည့်နိုင်ရန် ၂၀၁၃ ဇန်နဝါရီ ၁၉၊ ၂၀ က “မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်” ကို နေပြည်တော်တွင် ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင် လုပ်ငန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း ပြီး 3H (Hope For Helping Hands) Project ကို ရေးဆွဲခဲ့ကြကြောင်း ဦးသိန်းထွန်းအောင်က ထပ်ပြောသည်။
“လိုအပ်တဲ့ အကူအညီတွေအတွက် ကူညီမယ့်လက်များကို မျှော်လင့်နေပါတယ် ဆိုတဲ့အဓိပ္ပာယ်ပေါ့။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ကြောင်း သတင်းစာမှာ ကြော်ငြာထားပေမယ့် ဘယ်သူကမှ လာရောက်ပူးပေါင်း ကမ်းလှမ်း တာမျိုး မရှိသေးဘူး” ဟု သူက ဆိုသည်။
ဖေဖော်ဝါရီ ၂၀၊ ၂၁၊ ၂၂ တွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် ရုပ်ရှင် လောကသား ၂၁ ဦးတို့အား ထိုင်းနိုင်ငံ Gear Head ရုပ်ရှင်လုပ်ငန်းသုံးပစ္စည်း ငှားရမ်းရောင်းချသည့် ကုမ္ပဏီက ဖိတ်ခေါ်ဆွေးနွေးခဲ့သော်လည်း လက်တွေ့ အကောင်အထည် ဖော်ရန် လိုသေးကြောင်း ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ အကယ်ဒမီလူမင်းက ပြောသည်။
“Gear Head က ရုပ်ရှင် ဇာတ်ကားတကားမှာ လိုအပ်တဲ့ပစ္စည်းတွေ သူတို့ဆီမှာ လာလေ့လာဖို့ ကျနော်တို့ကို သီးခြား Work Shop လုပ်ပေးတာ။ ဈေးနှုန်းသက်သာစွာနဲ့ ငှားရမ်းပေးမယ် ဆိုပေမယ့် အကောင်အထည်ဖော်ဖို့ ဒီနိုင်ငံရဲ့ စီးပွားရေး ပေါ်လစီကို လေ့လာပြီးမှ လာဆက်သွယ်ကြမှာပါ။ ချက်ချင်းတော့ မဟုတ်သေးပါဘူး” ဟု သူက ရှင်းပြသည်။
့
မြန်မာ့ရုပ်ရှင်အနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းပြီး စံချိန်မီ ဇာတ်ကားများ ရိုက်ကူးရန် Market နှင့် Budgetလိုနေကြောင်း၊ နိုင်ငံတကာမှ နည်းပညာ အတတ်ပညာနှင့် စက်ပစ္စည်း အကူအညီများလည်း လိုအပ်နေကြောင်း လူမင်းက ပြောသည်။
“ဂျက်ကီချန်းက ကျနော်တို့နိုင်ငံမှာ Land Mine လို ဇာတ်ကားမျိုး လာရိုက်ချင်တယ်။ မြန်မာ့ Location နဲ့ ရိုက်ချင်တယ်လို့ မြန်မာနိုင်ငံလာတုန်းက ကျနော်နဲ့ စကားပြောရင်း ကမ်းလှမ်းထားတယ်။ ဒါပေမယ့် သူတို့လိုချင်တဲ့ ရိုက်ကူးရေး လိုအပ်ချက် ပစ္စည်းတွေမရှိဘူး” ဟု လူမင်းက ဆက်ပြောသည်။
ရုပ်ရှင်လုပ်ငန်း၌ နိုင်ငံတကာရင်းနှီးမြုပ်နှံ ရာတွင် နည်းပညာ အတတ်ပညာများကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ရသည်အထိ သင်ကြားပေးနိုင်သော သင်တန်းကျောင်းများ အရေးအကြီးဆုံး လိုအပ်နေကြောင်း ဦးသိန်းထွန်းအောင်က ဖြည့်စွက်သည်။
နည်းပညာ အတတ်ပညာ ပိုင်းတို့တွင် နိုင်နင်းပြီး နိုင်ငံတကာ အသိအမှတ်ပြု အာမခံချက်ရှိသော လက်မှတ် ရရှိထားသူများ လိုအပ်ကြောင်း၊ သင်တန်းကျောင်းများ အနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး စာမေးပွဲစစ်ဆေးခြင်းများ ပြုလုပ်သင့်ကြောင်း သူက ဆက်ပြောသည်။
နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များနှင့် ပတ်သက်ပြီး ၂၀၁၁ တွင် စတင်ဖွင့်လှစ်ခဲ့သည့် Laurel အနုပညာ သင်တန်းကျောင်းကို တည်ထောင်သူ ဦးရန်အောင်ထွန်းက “ကျနော်တို့ နိုင်ငံတကာ အနုပညာ သင်တန်းကျောင်းတွေနဲ့ ချိတ်ဆက်ပြီး စစ်ဆေးမှုတွေ ကျင်းပမယ်၊ အခုစီစဉ်နေပါတယ်။ အသိအမှတ်ပြု လက်မှတ်တွေက အရမ်းလိုအပ်ပါတယ်။ အရည်အချင်း စစ်ဆေးပြီးဖြစ်သလို အနုပညာနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမှာလည်း အကျုံးဝင်တာပေါ့” ဟု ၎င်းက ဆိုသည်။
မြန်မာ့ ရုပ်ရှင်ဥပဒေကို ၁၉၆၂ တွင် စတင်ရေးဆွဲခဲ့ကြောင်း၊ ၎င်းဥပဒေကို ၁၉၉၆ သြဂုတ် ၂၀ က ဥပဒေအမှတ် ၉/ ၉၆ ကိုပြုပြင်ခဲ့ကြောင်း၊ ရုပ်ရှင်ဥပဒေတွင် ရုပ်ရှင်ဆင်ဆာ၊ ရုပ်ရှင်ဆိုင်ရာ မူပိုင်ခွင့်၊ ရုပ်ရှင်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတို့ ပါဝင်ကြောင်း ဦးရွှေမင်း ရေးသားသည့် ဥပဒေနှင့် ဆက်နွှယ်နေသော တခြားတည်ဆဲ ဥပဒေများမှ ကောက်နှုတ်ချက်များ စာအုပ်တွင် ဖော်ပြထားသည်။
ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်းပြီး ဖေဖော်ဝါရီ ၂၀ တွင် ထိုင်းနိုင်ငံ၌ ကျင်းပသော Gear Head Workshop သည် မြန်မာနိုင်ငံအတွက် ပထမဆုံး ဖိတ်ခေါ်သော ဆွေးနွေးပွဲဖြစ်ကြောင်း၊ ၎င်းပွဲသို့ တက်ရောက်ခဲ့သူ ဒါရိုက်တာ မောင်မောင်ဦး စနိုးဝှိုက်က ဆိုသည်။
မြန်မာ့ ရုပ်ရှင်လုပ်ငန်း အနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ ရုပ်ရှင်လုပ်ငန်းက ဖေဖော်ဝါရီ ၄ ရက် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာထားသည်ဟု မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ သိရသည်။