မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်တွင် အနောက်တိုင်း တူရိယာ ဘာသာရပ်ခွဲတခု တိုးချဲ့ သင်ကြားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ယင်းတက္ကသိုလ် တွဲဖက်ပါမောက္ခ (ဂီတ) အကယ်ဒမီ ဓီရာမိုရ်ထံမှ သိရသည်။
လက်ရှိတွင် စောင်း၊ ပတ္တလား၊ စန္ဒယား၊ တယော၊ ဆိုင်းဝိုင်း၊ နှဲ စသည့် တူရိယာများကို သင်ကြားပေးလျှက်ရှိပြီး ပိုမို အားကောင်းသော တူရိယာ များဖြစ်သည့် ကီးဘုတ်၊ ဟော်လိုဂစ်တာ၊ အီလက်ထရွန်းနစ် ဂစ်တာ၊ ကလက်စစ် ဂစ်တာနှင့် လေမှုတ်တူရိယာများကိုပါ တိုးချဲ့သင်ကြားပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။
“တက္ကသိုလ်စဖွင့်ကတည်းက စန္ဒယားနဲ့ တယောဆိုပြီး အနောက်တိုင်းတူရိယာ အနေနဲ့ သင်နေတာရှိပါတယ်။ ကျနော်တို့မှာ ရိုးရာတူရိယာတွေအပြင် တခြားတူရိယာတွေလည်း တိုးချဲ့သင်ဖို့၊ ဒီတက္ကသိုလ်လာတက်တဲ့ သူတွေဟာ မြန်မာ့ ရိုးရာ တမျိုးတည်း ကိုပဲ သိသွားတယ်ဆိုတာထက် နိုင်ငံတကာကိုလည်း သိနားလည် သွားတယ်ဆိုတာမျိုး ဖြစ်စေချင်ပါတယ်” ဟု ဓီရာမိုရ်က ဆက်ပြောသည်။
သင်ရိုးညွှန်းတမ်း အပြည့်အစုံကို ရေးဆွဲနေဆဲဖြစ်ပြီး သင်ကြားမှုပုံစံနှင့် ဆရာများကိုလည်း ရွေးချယ်နေဆဲဖြစ်ကြောင်း၊ ဝန်ကြီးဌာနသို့ မကြာမီ တင်ပြမည်ဖြစ်ကြောင်း သူက ဖြည့်စွက်ရှင်းပြသည်။
ဓီရာမိုရ်သည် ၂၀၀၉ အတွက် “ဇော်က ကနေသည်” အမည်ရှိ ဆေးရောင်စုံဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင် တေးဂီတ အကယ်ဒမီဆု ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် တွဲဖက်ပါမောက္ခ (ဂီတ) အဖြစ် တာဝန်ထမ်းဆောင်ရင်း ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် တေးဂီတများ သီချင်းများ ဖန်တီး ပြင်ဆင်နေကြောင်း သိရသည်။
အနောက်တိုင်း ဂီတတူရိယာများ ထည့်သွင်းသင်ကြားမည့်ကိစ္စနှင့် ပတ်သက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) သင်တန်းရေးရာ ဌာနမှူး ဦးသစ်လွင်စိုးက “ဘယ်ဘာသာရပ်ပဲ ဖြစ်ဖြစ် တက်တဲ့လူအတွက် အကျိုးရှိရင် ကောင်းပါတယ်။ ဒီနှစ်တော့ မစဖြစ်သေးဘူး။ ရိုးရာကို ခေတ်ပေါ်ဂီတနဲ့ ဆန်းသစ်နိုင်ဖို့ ရည်ရွယ်ပြီး အနောက်တိုင်း ဘာသာရပ်ကိုထည့်ဖို့ စဉ်းစားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအနေအထားမှာ အကောင်အထည်ဖော်ရန် ဆွေးနွေးနေဆဲဖြစ်ပြီး ရန်ကုန် နှင့် မန္တလေးတက္ကသိုလ်များ အတွက် သင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးညှိနှိုင်းပြီးနောက် ပညာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနများသို့ အဆင့်ဆင့် တင်ပြသွားမည်ဖြစ်ကြောင်း ဦးသစ်လွင်စိုးက ပြောသည်။
အဆိုပါ တက္ကသိုလ်တွင် အနောက်တိုင်းတူရိယာ ထည့်သွင်းသင်ကြားပေးရန် စီစဉ်နေသည် ဆိုသည့် သတင်းကြောင့် အနုပညာ စိတ်ဝင်စားသူတချို့ကလည်း မျှော်လင့်နေကြသည်။
“ယဉ်ကျေးမှု တက္ကသိုလ်ဆိုရင် မြန်မာမှုတွေပဲ သင်တယ်ထင်နေကြတာ။ အနောက်တိုင်းနုတ်တွေ၊ စန္ဒယား၊ တယော စတဲ့ တူရိယာတွေလည်း အရင်ကတည်းက သင်ခဲ့ပါတယ်။ အခု အနောက်တိုင်းတူရိယာ ထပ်ထည့်မယ်ဆိုရင် အရမ်းကောင်း ပါတယ်။ ကိုယ်တောင် မသင်ခဲ့ရလို့ ပြန်တက်ချင်တယ်” ဟု ၂၀၀၆ ခုနှစ်က ဝိဇ္ဇာဘွဲ့ ဂီတ(BA. Music)ရရှိခဲ့သူ မနွေးရတီလှိုင်က ပြောသည်။
“နောက်နှစ် ၁၀ တန်းအောင်ရင် ယဉ်ကျေးမှုတက္ကသိုလ် တက်ချင်တယ်။ အိမ်ကတော့ E မေဂျာယူပြီး အပြင်မှာပဲ ဂီတသင်တန်း တက်စေချင်တယ်။ ကျနော်က အခု ကီးဘုတ်သင်နေတာ၊ ယဉ်ကျေးမှု တက္ကသိုလ်မှာ ကီးဘုတ် ထည့်သင်မယ်ဆိုတာ သေချာသွားရင် ကျနော်လည်း ယဉ်ကျေးမှု တက္ကသိုလ်တက်ဖို့ သေချာသွားပြီ” ဟု အထက ၂ ရန်ကင်း တွင် နဝမတန်း စာမေးပွဲ ဖြေဆိုထားသူ မောင်ထက်ပိုင်ဇော်က ဆိုသည်။
အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်စသည့် အထူးပြု ဘာသာရပ်များ သင်ကြားလျက်ရှိသည်။ ဂီတဘာသာရပ်တွင် နိုင်ငံတကာနုတ် (Notes) များ၊ မဟာဂီတ သီချင်းကြီး၊ စောင်း၊ ပတ္တလား၊ တယော၊ စန္ဒယား၊ ဆိုင်းဝိုင်း၊ နှဲနှင့် အဆိုပိုင်းတို့ကို သင်ကြားပေးနေကြောင်း၊ စာသင်နှစ်မှာ ၃ နှစ်ဖြစ်ကြောင်း ဓီရာမိုရ် ထံမှသိရသည်။