SFU

မငြိမ်သက်မှုများ၊ MLTR နဲ့ မူပိုင်ခွင့်

This article has been converted from Zawgyi One to Unicode

မစပ်စုတို့ ရွှေပြည်ကြီးမလည်း ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့ တအိအိ ချီတက်လာနေတယ်ဆိုတာ အားလုံးလည်း အသိပဲဖြစ်မှာပါ။ တော်ကြာနေ ဟိုနေရာ ဘာဖြစ်လို့ ဒီနေရာ ဘာဖြစ်လို့နဲ့ တိုင်းသူပြည်သားတွေလည်း နေရာအနှံ့ ကျီးလန့်စာစား နေရသလိုပါပဲ။

ဒီလို ပြသနာတွေနဲ့ အပြိုင် တဖက်က မြို့ကြီးပြကြီးတွေမှာလည်း နိုင်ငံတကာ အဆင့်အတန်းမီ စင်မြင့်ဖျော်ဖြေပွဲကြီးတွေ ကျင်းပဖျော်ဖြေဖို့ ရှိနေပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ပြောရမလားပါပဲ။ ပြီးခဲ့တဲ့ ရခိုင်ပြည်နယ် အရေးအခင်း ဖြစ်ပွားပြီးကာစမှာ ကမ္ဘာကျော် အဆိုတော်ကြီး Engelbert Humperdinck ရဲ့ ဖျော်ဖြေပွဲကြီး ကျင်းပဖို့ စီစဉ်တာမှာ အဲ့ဒီပွဲရဲ့လက်မှတ်တွေက သိန်းချီတန်နေလို့ ဒီဖျော်ဖြေပွဲ သွားကြည့်မယ့်အစား ဒုက္ခရောက်နေတဲ့သူတွေကို ကူညီလိုက်ပါလားဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တိုက်ဆိုင်စွာ အဆိုတော်ကြီးရဲ့ ကျန်းမာရေးကြောင့် ပွဲမဖြစ်မြောက်ခဲ့ပါဘူး။

အခုလည်း မတ်လ ၃၁ ရက်နေ့မှာ ကမ္ဘာကျော် ရော့ခ် တေးသံရှင် မိုက်ကယ်လန်း (Micheal Learns to Rock – MLTR) လာရောက်ဖျော်ဖြေဖို့ ရှိပါတယ်။ ဒီပွဲကျင်းပဖို့က လက်ရှိ မိတ္ထီလာ ပြဿနာတွေ မဖြစ်ခင် အစောပိုင်း ကာလလောက်ကတည်းက စီစဉ်ထားပြီးသား ဖြစ်ပေမယ့် ဘယ်လို အခြေအနေ ဖြစ်လာဦးမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါပဲ။ ဒီဖျော်ဖြေပွဲကို အေးအေးဆေးဆေး ကြည့်ရပါ့မလားလို့ စိတ်ပူနေတဲ့ လက်မှတ်ဝယ်ပြီးသား ပရိသတ်တွေကလည်း ရင်တမောမောပါပဲ။

မိုက်ကယ်လန်း (Micheal learns) ရဲ့ သီချင်းတွေဟာ မြန်မာပြည်မှာလည်း လူသိများပါတယ်။ ဒါပေမယ့် မူရင်းတေးသီချင်းကို သိတာက နည်းနည်း၊ ကော်ပီလုပ်ပြီး မြန်မာပြုလို့ သိတာက ပိုများတယ်လို့ ပြောနိုင်ပါတယ်။

ဒီနေရာမှာ ကော်ပီဆိုလို့ မစပ်စု စိတ်ဝင်စားမိတာ တခုရှိပါတယ်။ အခုဆိုရင် မစပ်စုတို့ တိုင်းပြည်ကြီးမှာလည်း အထိုက်အလျောက် နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံလာနေရပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နံှမှုတွေလည်း ရှိလာတော့မယ်ဆိုတော့ အခုလို နိုင်ငံတကာရဲ့ မူပိုင်ခွင့် ဥပဒေနဲ့ ညှိစွန်းနိုင်တဲ့ ကော်ပီတေးသီချင်းတွေ ဖန်တီးထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ရှေ့လျှောက် ဘယ်လို စခန်းသွားကြမှာလဲ ဆိုတာပါပဲ။

လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့  ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ မူပိုင်ခွင့်ဥပဒေကို စတင်ကျင့်သုံးဖို့ ကြိုးစားနေကြပြီ ဆိုတော့ မစပ်စုအနေနဲ့ တွေးမိတာပါ။ မြန်မာနိုင်ငံရဲ့ ဂီတလောက အနေနဲ့ကလည်း ကိုယ်ပိုင်သံစဉ် တေးသီချင်းထက် ကော်ပီ တေးသီချင်းကို ဆယ်စုနှစ် တော်တော်များများအထိ သုံးစွဲနေခဲ့တာ တော်တော်လေး ကျင့်သားရနေပါပြီ။

ဒီလို ကျင်းသား ရနေတာတွေကို တဖြည်းဖြည်း လျော့ပါးလာပြီး မူပိုင်ခွင့် ဥပဒေဆိုတာ ဘယ်လိုရှိတယ်၊ ဘယ်လိုလိုက်နာ ကျင့်သုံးရမလဲ၊ ဘာတွေလိုအပ်သလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ကျင့်သားရအောင် သိရှိလာအောင် ဂီတအစည်း အရုံးအနေနဲ့ ပထမဆုံး အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်ပပြီး ပညာပေးလုပ်ဖို့ အစီအစဉ်တွေရှိတယ်လို့ ဂီတအစည်းအရုံးရဲ့ အတွင်းရေးမှူး ဖြူဖြူကျော်သိန်းက ဧရာဝတီကို ပြောပါတယ်။

“ဂီတအစည်းအရုံးကနေပြီးတော့ Intellectual property နဲ့ ပတ်သက်ပြီးတော့ Workshop လေးတွေ လုပ်ပေးဖို့ရှိတယ်။ အမှန်တကယ်တော့ ဒီ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ လုပ်ဖို့အတွက် ၅ ရက်လောက် လုပ်မယ်ဆိုပြီးတော့ စီစဉ်ထားကြတာ။ လတ်တလောမှာ တရားခွင်ဝင်နေရတဲ့ အမှုတွေရှိနေတဲ့ အတွက်ကြောင့် လောလောဆယ်မှာ အဲ့ဒါတွေကို ဖြေရှင်းနေရတဲ့အတွက် ခဏနောက်ဆုတ် ထားရတာပါ။ WIPO (ကမ္ဘာ မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့) မှာ တက်ခဲ့ကြတဲ့ အနုပညာရှင်တွေရယ်၊ နောက် ဥပဒေ ပညာရှင်တွေကနေပြီးတော့ သင်တန်းပေးမယ်ပေါ့။ စိတ်ဝင်စားတဲ့ ဘယ်သူမဆို လာတတ်နိုင်တယ် ဆိုတာမျိုး စီစဉ်ကြမှာပါ” လို့ သူက ဆိုပါတယ်။

ဒါ့ထက် နိုင်ငံတကာ မူပိုင်ခွင့်ဥပဒေကို မဆိုထားနဲ့ ပြည်တွင်းက FM တွေ၊ အသံလွှင့်ဌာနတွေ၊ နောက်ဆုံး မိုဖိုင်းဖုန်း ringtone စတာတွေက သူများ ဖန်တီးထုတ်လုပ်ထားတဲ့ တေးသီချင်းတွေကို ပိုင်ရှင်ထံ အသိပေးခွင့်တောင်းပြီး မူပိုင်ခွင့် အနုပညာကြေးပေးပြီး လုပ်ကိုင်လာတဲ့ သူတွေရှိသလို အသိပေး ခွင့်တောင်းခြင်းမရှိဘဲ ယူသုံးချင်သလိုသုံး လွှင့်ချင်သလို လွှင့်နေတာတွေလည်း ရှိနေလေတော့ ကိုယ်ပြည်တွင်းရဲ့ မူပိုင်ခွင့် ဆိုတာကိုတောင် သိဖို့ မနည်းလုပ်နေရတယ်လို့ ဖြုဖြူကျော်သိန်းက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ ကိုယ်ပိုင်သံစဉ် တေးသီချင်းကို ပိုပြီး ဖန်တီးလာဖို့ သင့်ပေမယ့်လည်း ကိုယ်ပိုင်တီထွင်နိုင်ဖို့ကို အထောက်အကူ ဖြစ်စေမယ့် စနစ်ကျတဲ့ ဂီတ အကယ်ဒမီကျောင်းတွေ ပေါ်ပေါက်ဖို့ လိုအပ်တယ်လို့ တေးရေး ဇဝါက ဆိုပါတယ်။

“ကျနော့် တကိုယ်ရည်အကြောင်းကို အရင်ပြောရမယ်ဆိုရင် ၁၀ နှစ် ကျနော် ကော်ပီ ရေးခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာမှ Own tune တွေ စရေးဖြစ်ပါတယ်။ အဲ့ဒီတော့ ကျနော်အတွက်မှာ ကော်ပီဟာ ဆရာလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျနော့ရဲ့ အလုပ်သည် ၉၀ ရာခိုင်နှုန်းလောက်က Own tune ပဲ ရေးပါတော့တယ်။ ဒါဟာ ကျနော့် ဘက်ကပေါ့နော်။ အဲ့ဒီတော့ မြန်မာနိုင်ငံမှာလည်း Own tune ဘက်ကို လှည့်သင့်ပြီလို့တော့ ကျနော်လည်း မြင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်မှာ ဂီတကျောင်းတွေ အနေနဲ့က အားနည်နေသေးပါတယ်။ ရှိတော့ရှိတယ်။ ဒါပေမဲ့ လူတိုင်း လက်လှမ်းမီတဲ့ အခြေအနေတခုကို မရောက်သေးဘူး။ အဲ့ဒီတော့ ကော်ပီသည်လည်း မရှိမဖြစ် လိုအပ်နေသေးမယ်လို့တော့ ယူဆပါတယ်” လို့ ပြောပါတယ်။

သီချင်းတပုဒ် ဖန်တီးရာမှာ သူများဖန်တီးထားတဲ့ အရာကို ဟိုနေရာ တစ ဒီနေရာတစ ယူသုံးပြီး ကိုယ်ပိုင်သံစဉ် အမည်ခံသွားခြင်းဟာ ကော်ပီအဖြစ် သူများပစ္စည်း ယူသုံးခြင်းထက် ပိုပြီး အရုပ်ဆိုးစေကြောင်းနဲ့ မဖြစ်သင့်ကြောင်း သူက သုံးသပ်ပါတယ်။

အရာရာမှာ တိုးတက်မှု နှောင့်နှေးနေခဲ့တဲ့ မြန်မာပြည်အနေနဲ့ တေးသီချင်းတွေကို ဖန်တီးတဲ့ တေးရေးဆရာတွေဟာလည်း ကိုယ်ပိုင်ဖန်တီး တီထွင်မှု ဆိုတာထက် သူများ ဖန်တီးပြီးသားကို အတုယူပြီး ကိုယ်ပိုင်ပစ္စည်းအဖြစ် ပြောင်းလဲ ထုတ်လုပ်ခဲ့ကြရတာပါ။ ဒါဟာ တေးသီချင်း ဂီတလောကတင် မဟုတ်ပါဘူး အရာအရာတိုင်းဆိုရင် မှားလိမ့်မည် မဟုတ်ပါ။

ဒီလို သူများဖန်တီးထားတဲ့ အရာကို အတုယူနေပြီး နောက်က လိုက်လုပ်နေမယ့်အစား ရှေ့ဆက်ပြီး ကိုယ်ကိုယ် တိုင်ရော ဘယ်လို ဖန်တီးနိုင်မလဲဆိုတာက ပိုပြီး အရေးကြီးတယ်လို့ တေးရေး ညီညီသွင်က ဧရာဝတီကို ပြောပါတယ်။

“ကျနော့် အနေနဲ့တော့ copy right တွေဝင်လာမှ ကိုယ်ပိုင်သံစဉ် လုပ်သင့်တယ်၊ လုပ်ကြမယ်ဆိုတဲ့ အယူအဆကို သိပ်ခံစားလို့ မရဘူး။ ကျနော်တို့နိုင်ငံမှာ စတီရီယို ခေတ်ဦးကတည်းက ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ဆိုတာ ရှိခဲ့တယ်။ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်ပိုင်သံစဉ် ဖန်တီးသူ အရေအတွက် နည်းခဲ့ရပေမယ့် ကိုယ်ပိုင်သံစဉ် သီချင်းတွေရဲ့ အရည်အသွေးနဲ့ တန်ဖိုးကတော့ မနိမ့်ခဲ့ပါဘူး။ မိမိရဲ့ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ခံယူချက်တွေကြောင့် ကိုယ်ပိုင်သံစဉ် လမ်းကြောင်းပေါ်မှာ အခက်အခဲတွေကြားထဲ တစိုက်မတ်မတ် ရပ်တည်သွားခဲ့တဲ့ ရည်တည်ကြဆဲ အနုပညာရှင်တွေရှိပါတယ်။ သူတို့အားလုံးဟာ လေးစားစရာ အလွန်ကောင်းပါတယ်။ ကျနော်တို့အနေနဲ့ နိုင်ငံခြား ကော်ပီ သီချင်းတွေဆီက လေ့လာ သင်ယူခဲ့ရတာတွေ ရှိပါတယ်။ အခုထက်ထိလည်း လေ့လာနေရဆဲပါ။ နောင်လည်း ဒီအလုပ်ကို အရှည်သဖြင့် ဆက်လုပ်နေဦးမယ်ဆိုရင် ဆက်ပြီး လေ့လာနေရဦးမှာပါ။ ဒါပေမဲ့ လေ့လာ သင်ယူတာ တခုတည်းနဲ့ သာယာမနေဘဲ ကိုယ်လေ့လာထားတာတွေကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု ဖြစ်အောင် ဘယ်လို ဆက်လုပ်ကြမလဲဆိုတာ အရေးကြီးပါတယ်။ အခက်အခဲတွေလည်း အများကြီးတွေ့ရမှာပါ။ ဆရာ စိုင်းခမ်းလိတ် သီချင်းထဲကလိုပေါ့။ ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရပါလိမ့်မယ်။ ဒီနိုင်ငံမှာတော့ ကိုယ်ပိုင်သံစဉ် (Own tune) သီချင်းတပုဒ် ဖန်တီးနိုင်ဖို့ဆိုတာ copy right နည်းဥပဒေကြောင့် ဆိုတာထက် အများကြီးပိုပြီး နက်ရှိုင်းကျယ်ဝန်းပါတယ်။ ဒါကြောင့့် ကိုယ်ပိုင်သံစဉ် သီချင်းတွေ ဒီ့ထက်မက ဖန်တီးရေးစပ် သီဆိုတီးခတ် ထုတ်လုပ်နိုင်ကြပါစေလို့ပဲ ဆုတောင်းပေးချင်ပါတယ်” သူက ဆိုပါတယ်။

တိုးတက်မှုပိုင်းမှာ အရာရာ နောက်ကျ ကျန်နေခဲ့ရတဲ့ မစပ်စုတို့ တိုင်းပြည်ကြီးလည်း သူများတိုင်းပြည်တွေထက် မကျော်လွန်သည့်တိုင်အောင် သူများတန်းတူ အမီလိုက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်မိပါတယ်။

Loading