[irrawaddy_gallery]
အောင်ပန်း နှစ်တရာပြည့်ပွဲတွင် Iron Cross (IC) တေးဂီတအဖွဲ့မှ ကျပ် ၇၅ သိန်း ဈေးလျှော့ယူကာာ ဖျော်ဖြေပေးခဲ့ကြောင်း စင်တင်ပွဲများ ဖြစ်မြောက်ရေးတာဝန်ခံ ဦးအလုံးကပြောသည်။
ဧပြီ ၁၇ တွင်ကျရောက်သော အောင်ပန်းမြို့ နှစ် ၁၀၀ ပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် မတ်လ ၂၅ ရက်နေ့မှ ဧပြီ ၂၄ နေ့အထိ ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် ပျော်ပွဲရွှင်ပွဲများ၊ တရားပွဲများ၊ စာပေဟောပြောပွဲများ၊ စင်တင်ဖျော်ဖြေပွဲများ၊အားကစားပြိုင်ပွဲများ ကျင်းပလျှက် ရှိကြောင်း၊ အောင်ပန်းမြို့နေ ပြည်သူလူထုမှ ဦးဆောင်ကာ မြို့စည်ကားရန် အတွက် ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း သူက ဆိုသည်။
“ဖျော်ဖြေပွဲတွေကို ဆက်တိုက်ကျင်းပမှာပါ။ ဒီ နှစ်တရာပြည့်ပွဲမှာ IC ရှိုးကို ထည့်နိုင်တာ မင်းသားအကယ်ဒမီ ကိုလူမင်း ကြောင့်လို့ ပြောလို့ရပါတယ်။ ကိုလူမင်းကလည်း အောင်ပန်းသားပဲလေ၊ သူကလည်း ဧပြီ ၁ ရက်နေ့ကျရင် လာပြီး ဖျော်ဖြေ ပေးမှာပါ။ IC အဖွဲ့က တရက်ကို ကျပ်သိန်း ၂၅၀ နဲ့ ပြောထားတာ၊ အခု အောင်ပန်း နှစ်တရာပြည့် ပွဲမို့လို့ နှစ်ရက်ကို ၄၂၅ သိန်းနဲ့ လာဖျော်ဖြေပေးတာပါ” ဟု ၎င်းက ဆက်ပြောသည်။
စင်တင်ဖျော်ဖြေပွဲများ၊ ပွဲဈေးတန်းများ၊ ဈေးရောင်းပွဲတော်များကို မတ် ၂၅ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ အောင်ပန်းမြို့ ဘူတာရုံရှေ့၊ ရာပြည့် ကစားကွင်းတွင် ကျင်းပနေရာ မတ် ၂၅ ရက်နေ့တွင် ကလေးအကပြိုင်ပွဲ၊ မတ်၂၆ ရက်နေ့တွင် မော်ဒယ်ရှိုး ပြိုင်ပွဲ၊ မတ် ၂၇ ရက်နေ့တွင် အောင်ပန်းမြို့ခံများ၏ သီချင်းဆိုပြိုင်ပွဲနှင့် စင်တင်ဂီတဖြင့် ဖျော်ဖြေပွဲ တို့ကိုကျင်းပခဲ့သည်။
မတ် ၂၈၊ ၂၉ တွင် တေးသံရှင် ခိုင်ထူး၊ တူးတူးတို့အပြင် ရန်ကုန်နှင့် အောင်ပန်းမှ အနုပညာရှင်များ၏ စင်တင်ဖျော်ဖြေပွဲ ကိုလည်း တင်ဆက်ခဲ့ရာ ပရိသတ်အင်အား တသောင်းကျော် အားပေးခဲ့သည်ကို တွေ့ရသည်။ ဧပြီ ၁ နှင့် ၂ တွင် IC တေးဂီတအဖွဲ့မှ ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။
စင်တင်ပွဲများအားလုံးကို ဝင်ကြေးအခမဲ့ သတ်မှတ်ထားသဖြင့် အောင်ပန်းမြို့ လူထုက ကွင်းလုံးကျွတ်အားပေးခဲ့ပြီး အောင်ပန်း နှစ်တရာပြည့် ပွဲတော်အတွက် Main Sponsor အဖြစ် ကမ္ဘောဇ ဘဏ်ကုမ္ပဏီမှ ကျပ်သိန်း တထောင် ပံ့ပိုးခဲ့ကာ အောင်ပန်းမြို့ခံ များကလည်း Co;Sponsor အဖြစ် ပါဝင်ခဲ့ကြောင်း ပွဲများစီစဉ်သူတဦးဖြစ်သည့် ဦးဂေါင်းကြီးက ပြောသည်။
“အခုလို စင်တင်ဖျော်ဖြေပွဲ ကြီးကြီးမားမား လုပ်နိုင်တာ ဒီနှစ်ပထမဆုံးပဲ။ အရင်နှစ်တွေကဆို တောင်ကြီးမှာ ကျင်းပကြတယ်။ အောင်ပန်းက အလှူငွေတွေ လာကောက်ပြီး အောင်ပန်းမှာ ပွဲမလုပ်ကြဘူး။ အခုလို နှစ် ၁၀၀ ပြည့်မှာ လုပ်နိုင်တာ ဂုဏ်ယူပါတယ်’’ ဟု ပွဲဖြစ်မြောက်ရေး တာဝန်ခံ တဦးဖြစ်သည့် ဦးဖြိုးက ဆိုသည်။
စာပေဟောပြောပွဲများကိုလည်း အောင်ပန်းမြို့ သမဝါယမ ခန်းမတွင် မတ် ၂၇၊ ၂၈၊ ၂၉ ရက်နေ့များက ကျင်းပခဲ့ရာ စာရေးဆရာများ ဖြစ်ကြသော ဒေါက်တာအောင်ကြီး၊ ကိုလေးအင်းဝဂုဏ်ရည်၊ ညီပုလေး၊ ဝင်းဝင်းမြင့်နန်းတော်ရှေ့၊ ဦးဘုန်းဓာတု၊ သင့်နော်၊ ကျော်ဝင်း၊ ကဗျာဆရာစောဝေ၊ မသီတာစမ်းချောင်းတို့က ဟောပြောခဲ့ပြီး အောင်ပန်းမှ အေစိုင်ကေနှင့် အဖွဲ့ကလည်း ကဗျာရွတ်ခဲ့ကြောင်း အောင်ပန်းမြို့ စာပေကော်မတီမှ သိရသည်။
အားကစားပြိုင်ပွဲများအဖြစ် ခြင်းလုံးအလှခတ်ပြပွဲ၊ ပြိုင်ပွဲများ၊ စစ်တုရင် ကစားပွဲများ၊ ဘိလိယက်၊ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ချောတိုင်တက်ပွဲ စသည်ဖြင့်လည်း ကျင်းပခဲ့ကြောင်း သိရသည်။
ထို့အပြင် အောင်ပန်း နှစ်တရာပြည့် အထူးတရားပွဲကို မတ် ၃၁ ရက်နေ့မှ ဧပြီ ၂၄ ရက်နေ့အထိ ညစဉ် ၇ နာရီတွင်ကျင်းပ မည်ဖြစ်ကြောင်း ပွဲတာဝန်ခံများထံမှ သိရသည်။
အောင်ပန်းမြို့သည် ရှမ်းပြည်တောင်ပိုင်းတွင် တည်ရှိပြီး ၁၉၁၃ တွင် သာမိုင်းစော်ဘွားကြီး မင်းမောင်ဖိုးမှ စတင် တည်ထောင် ခဲ့၍ ယခုနှစ် ဧပြီ ၁၇ တွင် နှစ်တရာ ပြည့်ပြီဖြစ်ကြောင်း၊ သာမိုင်းခမ်းနယ် (အောင်ပန်းဝန်းကျင်) တွင် ကနဦး စတည်သည့်ရွာ ၁၉ ရွာရှိပြီး ငုံးသုံ၊ သူရဲ၊ နောင်ရဲ၊ တောင်ပို့ကွဲ၊ နတ်နီ၊ နန်းလိန်၊ နန့်ချင်၊ နန်းတိမ်း၊ ဖောင်းသင်၊ မြင်းမထိ၊ အင်းဝန်း၊ လမိုင်း၊ ပန်းလုံး၊ ငမြင်ကြက်တည်၊ တောင်လား၊ မြင်းတိုက်၊ တန်ပေါင်၊ ပင်နွဲ တို့ဖြစ်ကြောင်း၊ ၁၉၁၅ ခုနှစ်တွင် အောင်ပန်းဘူတာရုံ စတင် တည်ထောင်ခဲ့ကြောင်း၊ စိုက်ပျိုးရေး အနေဖြင့် အာလူး၊ လိမ္မော်၊ ပန်းမုန်လာ စသည့်သီးနှံများကို မြေပြန့်ဒေသများသို့ အဓိက တင်ပို့ကြကြောင်း၊ ကိုးကွယ်မှု အနေဖြင့် အောင်ပန်းမြို့တွင် တရုတ်ဘုံကျောင်းတကျောင်း၊ ဟိန္ဒူ ဘုရားကျောင်း တကျောင်း၊ ဗလီကျောင်း နှစ်ကျောင်း၊ ဗုဒ္ဓဘာသာများ၏ အောင်ပန်းဘုရားကြီး၊ နှီးဘုရား၊ စေတီတော်များ၊ လိုဏ်ဂူများ၊ နတ်ကျောင်းများလည်း များစွာရှိကြောင်း ဆရာဦးမြင့်သန်း၏ အောင်ပန်းသို့ မဟုတ်မြို့သစ် တမြို့ မွေးဖွားခြင်း စာအုပ်မှ သိရသည်။