SFU

အပျော်ဖက်မယ့် သင်္ကြန်၊ အတော်ခက်တဲ့ သင်္ကြန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မဝေးတော့တဲ့ အချိန်ကာလမှာ တနှစ်ကုန်လို့ တနှစ်ကူးတော့မယ့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူး သင်္ကြန်အချိန်အခါ သမယကို ရောက်ရှိလာတော့မှာပါ။ ဒီလို အချိန်အခါမှာ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေအနေနဲ့ နှစ်ဟောင်းက အညစ်အကြေး တွေကို နှစ်သစ်ကို ပါမသွားရလေအောင် သင်္ကြန်ရေ ဆိုတဲ့ အတာရေနဲ့ ဆေးကြောပက်ဖျန်းလို့ ကောင်းမှုကုသိုလ်တွေ ပြုကြ၊ ဥပုသ်သီလတွေ ဆောက်တည်ကြနဲ့ နှစ်သစ်ကို ဖြတ်သန်းတတ်ကြတဲ့ ချစ်စရာဓလေ့ ထုံတမ်းအစဉ်အလာတွေဟာ ဟိုးယခင် အုပ်ချုပ်သူ မင်းများလက်ထက် ခေတ်အဆက်ဆက် ကတည်းက တည်ရှိလာခဲ့တယ်ဆိုရင် မမှားပါဘူး။

သင်္ကြန်အချိန်အခါဆို ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် စတုဒိသာတွေ ကျွေးလို့ သပြေခက်နဲ့ ရေပက်၊ ငွေဖလားနဲ့ ရေလောင်း မောင်နဲ့နှမ သားနဲ့အမိ ချစ်စဖွယ် ကြည်စယ်ကြတဲ့ လူငယ်တွေဘာသာဘာ၀ ချစ်စရာ့သင်္ကြန် အငွေ့အသက် တွေဟာ ဒီဘက်ခေတ်မှာ တဖြည်းဖြည်း နည်းသထက်နည်း၊ ပျောက်သထက် ပျောက်၊ နောက်ဆုံး စာအုပ်ထဲမှာပဲ ရှာဖတ်ရတော့မယ့် အနေအထားကို ရောက်ရှိလာခဲ့ ရတာပါ။

ဒီလို ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ မြန်မာတို့ရဲ့ ရိုးရာသင်္ကြန်ဟာ တနှစ်ထက်တနှစ် မတူလို့ တိုးတက် ထွန်းကားလာခဲ့တဲ့ ခေတ်ရေးစီးကြောင်းနဲ့ အတူ မျောပါလာခဲ့တယ်လို့ ဆိုရလေမလားပါပဲ။

အင်းပေါ့လေ။ မြန်ဆန်လှတဲ့ အခုလို အင်တာနက် ခေတ်ကြီးမှာ သပြေခက်နဲ့ ရေပက်၊ ငွေဖလားနဲ့ ရေလောင်း၊ ချိတ်ထမီ ရင်ဖုံးနဲ့ ရွှေခြေချင်းဝတ် သင်္ကြန်ယိမ်းသမ လုံမေတွေနဲ့ သင်္ကြန်ပွဲတော်ကြီးကို ရိုးရာမပျက်ဆင်နွှဲနေမယ်ဆိုရင်တော့ တော်တော်လေး ရယ်စရာ ကောင်းနေမယ်ထင်ပါတယ်။ တော်ကြာ သမ္မတကြီး ပြောခဲ့သလို နောက်ကြောင်း ပြန်ဆွဲနေတဲ့သူတွေကို အကုန် ထားခဲ့မယ် ဆိုတဲ့ထဲ မစပ်စုလည်း ပါနေမှဖြင့်။ ခေတ်ရေစီးကြောင်း အလိုက် ပြောင်းလဲ တိုးတက်မှုကတော့ ရှိမြဲ ရှိဆဲ လက်ခံမြဲ လက်ခံရပေလိမ့်မယ်။ ဒီပြောင်းလဲမှုမှာ ကောင်းသော ပြောင်းလဲမှုဘက်ကို အားသားရလေအောင် လူတိုင်း ဝိုင်းဝန်း ထိန်းသိမ်း ကြရမယ်လို့ မစပ်စု ခံယူထားပါတယ်။

သင်္ကြန်ပွဲတော်ရဲ့ အနှစ်သာရ တခုဖြစ်တဲ့ တဦးကိုတဦး အေးစေ ချမ်းစေ လိုတဲ့ စိတ်ဆန္ဒတွေနဲ့ ရေပက်ဖျန်း ကစားကြတဲ့ ရိုးရာ ဓလေ့ တခုမှာ မစပ်စုပြောခဲ့သလို သပြေခက်နဲ့ ရေပက်၊ ငွေဖလားနဲ့ ရေလောင်း တာကနေ ပြောင်းလဲ တိုးတက်လာတော့ ရေခပ်နေစရာ မလိုအောင် အဆင်သင့် ရေပိုက်တွေနဲ့ ပက်ဖျန်းလာကြတဲ့ အနေအထား ရောက်လာခဲ့တယ်။ ဒီမှာ မစပ်စု မှတ်မိတာလေးတခုက ၁၉၉၀ နားကို နီးကပ်လာတဲ့ ကာလတွေက သင်္ကြန်လည်တဲ့ ကားတွေ၊ လူတွေ၊ ဆိုင်ကယ်တွေ အကြောက်ကြီး ကြောက်ရတဲ့ ပလပ်စတစ်ထဲမှာ ရေထည့်ထားတဲ့ ရေပူဖောင်း၊ နို့ဆီခွက်ထဲမှာ ရေထည့်ထားတဲ့ လူတွေအခေါ် “ခွက်စုတ်” ဆိုတဲ့အရာတွေ မင်းမူစိုးမိုးလာခဲ့ချိန်မှာတော့ သင်္ကြန်ရေဟာ တဦးနဲ့ တဦး အေးစေချမ်းစေ ဆိုတဲ့အရာ မသက် ရောက်ဘဲ အင်မတန် ကြောက်စရာကောင်းတဲ့၊ တဦးကိုတဦး နာစေကျင်စေဆိုတဲ့ အရာ သက်ရောက်သွားခဲ့တာပါ။

ဒီထက် ပြောင်းလဲ တိုးတက်လာတော့ မီးသတ်ပိုက်၊ ကားရေဆေးတဲ့ ဂန်းတွေနဲ့ကအစ ဖျန်းပက်တာမဟုတ်ဘဲ ထိုးပက်ကြတဲ့ တိုးတက်လွန်းသော သင်္ကြန်ကာလတခုကို ရောက်လာ ပြန်ပါလေရော။ ရေပက်ခံတဲ့ လူတွေရဲ့ အသားတွေ စုတ်ပြတ်သတ်၊
ကျောတွေ အောင့်နေအောင်၊ ရေပက်ခံကားပေါ် ပါလာတဲ့ ကြီးငယ်မရွေး ကားပေါ်ကနေ ဝရုန်းသုန်းကား ဆင်းပြေးရတဲ့ အနေအထား ရောက်အောင်၊ ဒီအထဲ ရေပက်ရင်း အချောင်သမား၊ လက်သရမ်းတဲ့ ယောကျာ်သားတွေရဲ့ ရန်က ကြောက်ရ သေးတဲ့ မိန်းကလေးတွေရဲ့ ဘဝကလည်း သင်္ကြန်ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ အရာထဲမှာ တခုအပါအဝင်ပါပဲ။ ဒါ့အပြင် ရိုက်ပွဲ၊ နှက်ပွဲတွေကတော့ နေရာအနံှ့ပေါ့။ ပေါချင်းသောချင်း အရက်သေစာတွေ အကြား မထိန်းနိုင်မသိမ်းနိုင် မူးကြ၊ ရူးကြ၊ ကွဲကြ၊ ပြဲကြတဲ့ အဖြစ်တွေကို နှစ်တိုင်း အခုအချိန်အထိ မကြားချင်မှ အဆုံး ဖြစ်ခဲ့ပါတော့တယ်။

“အရင်က သင်္ကြန်ဆိုတာ ရိုးရာယဉ်ကျေးမှုနဲ့ တဦးနဲ့တဦးကို ချစ်ကြည်နူးစေတဲ့ ပရဟိတ စိတ်ဓာတ်နဲ့ စခဲ့တဲ့ သင်္ကြန်လေ။သူများကို ကျွေးမယ်၊ သူများကို အေးစေမယ် ချမ်းစေမယ်၊ ကြည်နူးစေမယ်။ စပြီးတော့ သင်္ကြန်ကို ဆင်နွှဲကတည်းက ပရဟိတ စိတ်နဲ့သွားတာ။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ဒီသင်္ကြန်ကို ခုတုံး လုပ်ပြီးတော့ ရှိတဲ့ အတ္တတွေ အကုန်လုံးကို မီးပြိုင်းပြိုင်းနဲ့ ဟုန်းဟုန်းတောက်မျှကို သင်္ကြန်တွင်းမှာ လောင်ကျွမ်းကုန်ကြတယ်။ မူးပစ်လိုက်မယ်၊ သောက်ပစ်လိုက်မယ်၊ ရမ်းကားလိုက်မယ်၊ ကပစ်လိုက်မယ်၊ အော် ဟစ်ပစ်လိုက်မယ်၊ နောက်ဆုံး ဘာဖြစ်လာလဲဆိုတော့ ရိုက်ပစ်လိုက်မယ်၊ သတ်ပစ်လိုက်မယ် အထိပေါ့။ မိန်းကလေးတွေ အပေါ်မှာလည်း စော်ကားပစ်လိုက်မယ် … ဒီလိုတွေ အကုန်ဖြစ်ကုန်တာ ဒါတွေဟာ ပြောရရင် နိုင်ငံရေး ပင်စည် ပင်မတွေပဲ။ နိုင်ငံရေးသဘောအရ ဘယ်လိုဖြစ်ကုန်ကြလဲ ဆိုတော့ လူတွေမှာက ဖိနှိပ်မှုတွေ များလာတော့ ထွက်ပေါက်တွေ ရှိချင်လာတယ်၊ အစော်ကား ခံလာရတာတွေ များတော့ ရိုင်းရိုင်းပြောရရင် ကိုယ်ကနေ ပြန်စော်ကား လာချင်ကြတယ်” လို့ အမျိုးသားစာပေဆုရ မန္တလေးသား စာရေးဆရာ ဆူးငှက်က သူ့ရဲ့ အမြင်ကိုပြောပါတယ်။

ဒီလို ပေါက်ကွဲသံစဉ်တွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို လူငယ်တွေအနေနဲ့ အရင် သင်္ကြန်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ လှုပ်ရှားမှုတွေကို လုပ်ခွင့် မရလာတာတွေကြောင့် မဟုတ်တဲ့ဘက်၊ မကောင်းတဲ့ဘက်ကို ယိုစိမ့်သွားတယ်လို့ မြင်မိကြောင်း ဘလော့ဂါ ကိုနေဘုန်းလတ်ကလည်း သုံးသပ်ပါတယ်။

“လူငယ် တော်တော်များများ ဘာကြောင့် ဒီလိုမြင်လာလဲဆိုတာ ပြောဖို့ တော်တော် ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ငယ်ငယ်က အုန်းလက် မဏ္ဍပ်ထိုးပြီး လူငယ်တွေ စုပြီး မုန့်လုံးရေပေါ်လုံးတယ်။ ပြီးတော့ ကျနော်တို့ စတုဒီသာကျွေးတယ်။ ဒီလို အလေ့အထတွေ ရှိတယ်။ ဒီလို မဏ္ဍပ်တွေထိုးပြီး လူစုလူဝေးနဲ့ လုပ်တဲ့ အရာတွေကို နောက်ပိုင်းမှာ အစိုးရက တားမြစ် လာတာတွေ ရှိတယ်။ အဲဒီတော့ မဏ္ဍပ်ဆိုရင် မဏ္ဍပ်အကြီးကြီးတွေ ချည်းပဲ ရှိလာတယ်။ အစိုးရအနေနဲ့ လုံခြုံရေး အကြောင်း ပြပြီးတော့ တားမြစ်ပိတ်ပင် ခဲ့တာတွေ လုပ်ခဲ့လို့ လူငယ်တွေက တခြားဘက်တွေကို လမ်းလွဲသွားတယ်လို့ ထင်ပါတယ်။ ဒီလိုမျိုးတွေ ပြန်ပြီးဖော်ဆောင်ဖို့ လိုမယ် ထင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒီလိုနဲ့ ဒီဂျေ သင်္ကြန်ခေတ် ရောက်လာပြန်တော့ ပြောင်းလဲ တိုးတက်မှုတခုဖြစ်တဲ့ သင်္ကြန်မဏ္ဍပ် စင်မြင့်က ညကလပ် စင်မြင့် တခုလို ခေတ်သမီးပျိုများရဲ့ အတို၊ အပြတ်၊ အကွဲ၊ အဟိုက်တွေနဲ့၊ အကအလှများနဲ့ အပြိုင်အဆိုင် ဖျော်ဖြေ ဧည့်ခံကြတဲ့ သင်္ကြန်ခေတ် ကာလကို ရောက်လာခဲ့ ပါတော့တယ်။ စစ်အစိုးရလက်ထက် အင်လျားလမ်း၊ တက္ကသိုလ် ရိပ်သာလမ်းဆိုတဲ့  လူကုန်ထံ အသိုင်းအဝိုင်းနဲ့ ဆိုင်ရာ ပိုင်ရာတွေရဲ့ သားတွေသမီးတွေ ပိုင်ဆိုင်တဲ့ သင်္ကြန်မဏ္ဍပ်တွေက တစတစ အစပြုလို့လာတာ စနစ်ပြောင်းလို့ ဒီမိုကရေစီ ခေတ်သစ်ကို ရောက်လာလေတော့ အကုန် ပွင့်လင်းမြင်သာ ထင်သာတွေ ဖြစ်ကုန်ကြတာ နောက်ဆုံးမှာ သင်္ကြန်မဏ္ဍပ်ရဲ့ အနောက်ဘက်မှာ အေးအေးဆေးဆေး အနားယူလို့ရတဲ့ အခန်းတွေတောင် ထည့်သွင်း တည်ဆောက် လာကြတယ်ဆိုပဲ။ မူးယစ်ဆေးဝါးတွေကို လိုအပ်သလို ရောင်းဝယ် ဖောက်ကား သုံးစွဲနိုင်တဲ့ အချိန်အခါလို့
လည်း အများက ဆိုလာကြပါတယ်။

“မိန်းကလေးတွေ ကိုယ်နှိုက်ကလည်း ဒီအချိန်မှာ ငါတို့ တလျှောက်လုံး ခြေတလှမ်း ကုဋေတသန်းနဲ့ နေလာခဲ့တာတွေ ဖွင့်ချလိုက်မယ်။ ဒီအပေါ် ရောက်သွားတာနဲ့ ငါတို့အိမ်ရဲ့ အုပ်ထိန်းမှုနဲ့ လွတ်သွားပြီ၊ ဒီအပေါ်မှာ လိုင်စင်ရ ထင်သလို နေလို့ရတယ်။ ဆိုတော့ အရက်ကလည်း လိုင်စင်ရ၊ မူးယစ်ဆေးဝါးလည်း လိုင်စင်ရ၊  သမီးရည်းစားအတွဲ ကလည်း လိုင်စင်ရ၊ အကုန်လုံးက လိုင်စင်ရ ဖြစ်ကုန်တာ” လို့ စာရေးဆရာ ဆူးငှက်က ပြောပါတယ်။

လက်ဘက်ရည်ဆိုင် ယဉ်ကျေးမှုကနေ ဘီယာဆိုင် ယဉ်ကျေးမှုကို ပြောင်းလာတဲ့ခေတ်၊ အရက်ဘီယာက ရေသန့်ဗူးထက် ဈေးပေါနေတဲ့ ခေတ်၊ နေရာတိုင်း ဝယ်လို့ရနေတဲ့ ခေတ်မှာ ဒါတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်မယ်ဆိုရင်လည်း မြန်မာ့ရိုးရာ သင်္ကြန်ရဲ့ အခုလိုအရုပ်ဆိုး အကျည်းတန်မှုကို လျော့ပါးစေလာနိုင်တယ်လို့ ကိုနေဘုန်းလတ်က ဆိုပါတယ်။

“လူငယ်တွေ သောက်ပြီးတော့ မူးနေရင် နိုင်ငံရေး စိတ်မဝင်စားရင် ကောင်းတာပဲဆိုတဲ့ အတွေးမျိုးနဲ့ အစိုးရက ဒါမျိုးတွေကို ဖောဖောသီသီ ရအောင် ခွင့်ပြုထားတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဲဒီတော့ သင်္ကြန်တွင်းမှာ ဖြစ်ပျက်နေတဲ့ ရန်ဖြစ်တာတွေ၊ မိန်းကလေးတွေ အရှက်သိက္ခာ မဲ့တာမျိုးတွေဟာ မြန်မာ မိန်းကလေးတွေဟာ အဲဒီလို အရက်တွေဘာတွေ ဝင်သွားတဲ့အခါမှာ အသိစိတ် အကုန်လုံး ပျောက်ပြီး ပိုဆိုးသွားတယ်လို့ မြင်တယ်။ နောက်ဆုံး မဏ္ဍပ်တွေမှာ စပွန်ဆာ ပေးတာတွေကလည်း ဒါတွေပဲ များတယ်လေ။ ကျနော်တို့ ဂျာနယ်တွေမှာ အရက်ကို မကြော်ငြာရဘူးဆိုတဲ့ အခါကျတော့ PH 7 လိုလို ဘာလိုလိုနဲ့ စီးပွားရေး သမားတွေက လှည့်စားပြီးတော့ ကြော်ငြာတယ်။ အစိုးရ ဘက်ကလည်း မသိချင် ယောင်ဆောင်ပြီး ခွင့်ပြုနေတာတွေ ရှိနေတာကိုး။ သင်္ကြန်မှာ အဲဒီ အရက်သေစာနဲ့ ပတ်သက်တာကို ပြန်ပြီး ထိန်းနိုင်ကွပ်နိုင်မယ် ဆိုရင်တော့ ဒါတွေဟာ အရမ်းကြီး ပျောက်သွားမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် သင်္ကြန်ဟာ ဒီထက်ပို ဆိုးမလာဘဲနဲ့ အခုလို အရုပ်ဆိုး အကျည်းတန်မယ့် အရာတွေ နည်းနည်း လျော့သွားမယ်လို့ မြင်ပါတယ်” လို့ သူက ဆက်ပြောတယ်။

သင်္ကြန်နားနီးလာပြီ ဆိုရင်တော့ သင်္ကြန်မဏ္ဍပ်တွေ အနေနဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့၊ သရုပ်ပျက်ယဉ်ကျေးမှု သင်္ကြန် မဖြစ်စေဖို့ တိုက်တွန်း နှိုးဆော်စာတွေက ခါတော်မီ ထွက်လာခဲ့ပေမယ့်လည်း သင်္ကြန်တွင်းမှာတော့ ဒီစည်းကမ်းချက် တွေလည်း သင်္ကြန်ရေထဲ မျောပါကုန်ကြတာ ထုံးစံပါပဲ။

ဒီလို အနေအထားတွေ ရောက်လာရတာဟာလည်း သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေအပေါ် အများကြီး မူတည်ပါတယ်လို့ ဆရာ ဆူးငှက်က သုံးသပ်ပါတယ်။

“မြို့တော်ဝန်ဆိုတဲ့ တကယ့် တာဝန်အရှိဆုံး မဏ္ဍပ်ကတောင်မှ သိန်းပေါင်း ၁၆၅၀ အကုန်ခံပြီးတော့ အဆိုတော်တွေ တီးဝိုင်းတွေ ငှားမယ်၊ ဒီပိုက်ဆံတွေသည် ကျနော်တို့ရဲ့ပိုက်ဆံတွေ၊ စစ်မှန်သော မြို့လူထု အများစုက ယဉ်ကျေးသော သင်္ကြန်ကို အလို ရှိတယ်။ သို့သော် သူတို့က အလိုမရှိဘူး။  သူတို့ပြောနေတဲ့ ပြည်သူ့အသံတို့ ပြည်သူ့ ဆန္ဒတို့ဆိုတာက ဘယ်ရောက်သွားတာတုန်း။ ဒီတော့ ခေါင်က မိုးမလုံတဲ့ ကိစ္စကိုး။ တကယ့်ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ်မယ့် မဏ္ဍပ်တွေ ဆယ်လုံးမကဘူး။ အလုံးတရာ သူတို့လုပ်နိုင်တယ်။ အဆိုတော် တယောက်ကို သိန်းရာနဲ့ချီပဲ ပေးမယ်၊ အရင်က သင်္ကြန်မဏ္ဍပ်၊ သံချပ်တွေ ပြန်လုပ်မယ့် သူတွေကို သိန်း ၄၀၊ ၅၀ ထုတ်ပေးဖို့ ဝန်လေးတယ်။ သူတို့ကလည်း ဒီအချိန်မှာ အာဏာဆိုတဲ့ အတ္တပေါ့။ ဒီအချိန်မှာ ငါတို့ လူတွင်ကျယ် လုပ်မယ်။ ငါတို့ အပေါ်စီးက နေမယ်။ ငါတို့ ကြည့်ချင်တဲ့ အဆိုတော်၊ မင်းသား၊ မင်းသမီးကို ကြည့်မယ်။  သံဆူးကြိုးတွေခတ်၊ ကော်ဇောနီတွေ ခင်းထားပြီး မိသားစုလိုက် ရှေ့က အပူ အအေးတွေနဲ့ ခံစားကြတော့မှာလေ။ သူတို့ ကြည့်ချင်တဲ့ မင်းသမီး ပေါင်တိုနဲ့ ကြည့်ရတယ်ဆိုတာမျိုး ဖြစ်ကုန်ကြတာကိုး” လို့ မန္တလေး သင်္ကြန်နဲ့ပတ်သက်လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်သင်္ကြန်ကတော့ ဒီဂျေသင်္ကြန် ဖြစ်သွားပြီဆိုတော့ အဆိုတော်၊ သရုပ်ဆောင် အများစုဟာ သင်္ကြန် ကာလ ရောက်ပြီဆိုရင် သိန်းရာနဲ့ချီ ပေးနိုင်တဲ့ နယ်မြို့ သင်္ကြန်မဏ္ဍပ်တွေဆီ အပြေးအလွှား သွားရောက် ဖျော်ဖြေကြရတာပါ။

ဒီမှာ အဆိုတော်ဆိုလို့ နှစ်စဉ်နှစ်တိုင်း ဆိုသလို အမျိုးသား အဆိုတော်၊ သရုပ်ဆောင်တွေထက် အမျိုးသမီး အဆိုတော်၊ သရုပ်ဆောင်တွေကို သင်္ကြန်မဏ္ဍပ်တွေက ခေါ်ယူဖို့ ပိုစိတ်ဝင်စားကြတယ်လို့ အနုပညာ အသိုင်းအဝိုင်းက ပြောတာ မစပ်စု အမှတ်ရမိပါတယ်။

တည်ငြိမ်အေးချမ်းနေတဲ့ အချိန်အခါမှာတောင် သင်္ကြန်ကာလ ဆိုရင် ရိုက်ပွဲ နှက်ပွဲတွေက  ရိုးရာမပျက်ဆိုတော့ အခုလို လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေချိန်မှာ ရောက်ရှိလာတော့မယ် သင်္ကြန်အခါသမယကို ဆူပူအကြမ်းဖက်ချင်သူတွေက ပစ်မှတ် တခုအဖြစ် ထားလာမှာ စိုးရတဲ့အတွက် ရိုးရိုးရန်ပွဲကနေ အဓိကရုဏ်းဘက်ကို ရောက်သွား စေနိုင်တာကြောင့် အတတ်နိုင်ဆုံး ရန်ပွဲတွေ မဖြစ်ကြဖို့နဲ့ တကယ်လို့ ဖြစ်လာခဲ့တယ်ဆိုရင်တော့ ဘေးက လူတွေက ဒီရန်ပွဲမှာ မပါဝင်ဘဲ ဝိုင်ဝန်း ထိန်းသိမ်းကြဖို့ လိုတယ်လို့ ကိုနေဘုန်းလတ်က တိုက်တွန်းလိုက်ပါတယ်။

ဘကြီးမိုးလို့ အများခေါ်ကြတဲ့ စာရေးဆရာ မောင်မိုးသူကလည်း သင်္ကြန်မှာ အပျော်အပါး ဆိုတာထက် ကုသိုလ်ကောင်းမှုလုပ်တာ ဘုရားသွားကျောင်းတက် စတဲ့ ယဉ်ကျေးမှုဘက်ကို နွှယ်တဲ့ အလုပ်တွေကို ပိုလုပ်ကြမယ်ဆိုရင် ထိန်းသိမ်းရာလည်း ကျမယ် အန္တရယ်လည်း ကင်းမယ်လို့ သူ့အမြင်ကို ပြောပါတယ်။

ကဲ … ၂၀၁၃ ခုနှစ် ဧပြီလမှာ ရောက်ရှိလာတော့မယ် မြန်မာတို့ရဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကြီးကို လူသား အားလုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading